
မြန်မာစစ်တပ်သမိုင်းတစ်လျှောက် ကာကွယ်ရေးဦးစီးချုပ်များနှင့် အာဏာသိမ်း စစ်ခေါင်းဆောင်များထဲတွင် မင်းအောင်လှိုင်သည် အရည်အချင်းအညံ့ဖျင်းဆုံး စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို လွန်ခဲ့သော ၄နှစ်အတွင်း မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းရှေ့မှောက်တွင် မှတ်ကျောက်တင်ခဲ့ပြီ ဖြစ်သည်။
ယခုအခါ “မင်းအောင်လှိုင်သည် သူ၏ လက်ရှိအခြေအနေအပေါ် အတော်စိတ်ပျက်လက်ပျက် ဖြစ်နေပြီ” ဟု နေပြည်တော်မှ သတင်းစကားတစ်ခု ခပ်သဲ့သဲ့ ထွက်ပေါ်လာနေသည်။ နေပြည်တော်ရှိ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ၆ဦး နေထိုင်သော “၆လုံးတန်း” အငြိမ်းစားရပ်ကွက်တွင် ထပ်တိုး အိမ်တစ်လုံး အသင့်ဆောက်လုပ်ထားပြီး ဖြစ်သော မင်းအောင်လှိုင်သည် ၎င်းဖန်တီးခဲ့သော အရှုပ်အထွေးကြီးမှ ထွက်နိုင်ရန် ရွေးကောက်ပွဲကို မဖြစ် မနေလုပ်ပြီးလျှင် အနားယူမည်ဟုလည်း အသံထွက်ပေါ်နေသည်။
ထွက်ပေါ်လာသည့် ရပ်ကွက်မှာ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုများနှင့် လက်ပွန်း တတီး ရှိလှသည်၊ သို့သော်လည်း ထိုအသံ၊ ထိုသတင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
သို့သော် စစ်ခေါင်းဆောင်၏ အနာဂတ်နှင့်ပတ်သက်ပြီး ထွက်လာသော အသံများသည် စစ်ကိုင်းငလျင် လှုပ်ခတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ယခုနှစ် ဒီဇင်ဘာလနှင့် လာမည့်နှစ် ဇန်နဝါရီလတွင် မင်းအောင်လှိုင် စီစဥ်ထားသော ရွေးကောက်ပွဲကို စစ်ကိုင်းငလျင်က မရေရာသော အခြေအနေ တစ်ရပ်ဆီသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားပြီး၊ ၎င်းအပေါ် ပိုမိုရှုပ်ထွေးခက်ခဲသော ဖိအားများ ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။
စင်စစ် စစ်ကိုင်းငလျင်မတိုင်မီအချိန်ထိ မင်းအောင်လှိုင်၏ အားရကျေနပ်သော အပြုံးများနှင့် စိတ်ကြီးဝင်သော အပြောအဆိုများကို ရုရှားနိုင်ငံခရီးစဥ်အတွင်းနှင့် ထိုခရီးစဥ်မှ ပြန်လည်ရောက်ရှိပြီးနောက် မတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့သော “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့် အလမ်းများ ဆွေးနွေးပွဲ” သို့ တတ်ရောက်မိန့်ခွန်းပြောစဥ် နောက်ဆုံး မြင်ခဲ့၊ ကြားခဲ့ရသည် မဟုတ်ပါလား။
ဆွေးနွေးပွဲကို “၂၀၂၅ အလွန်” ဟု အမည်ပေးထားခြင်းကပင် တနည်းအားဖြင့် မင်းအောင်လှိုင်၏ အနာဂတ် အစီအမံများ၏ ရေရာသေချာမှုကို ယုံကြည်မှုရှိရှိ ထုတ်ဖော်ခဲ့လေသလား ထိုစဥ်က စဥ်းစားစရာဖြစ်ခဲ့သည်။
အကြောင်းမှာ မင်းအောင်လှိုင်သည် ၎င်းစိတ်ကူးယဥ်ထားသော “ဗဟုဝင်ရိုးကမ္ဘာကြီး” ဆိုသည်မှာ ကမ္ဘာကြီးကို အမေရိကန် ကြီးစိုးချယ်လှယ်နေမှုအပေါ် အင်အားချိန်ခွင်လျှာ ထိန်းညှိမည့် ရုရှားဦးဆောင်သော နောက်ထပ် ဝန်ရိုးများ ပေါ်လာပြီး၊ ပူတင်၏ဝင်ရိုးတွင် ၎င်းသည် “ခွေးသွားစိတ်” တစ်ခုအဖြစ် ပါဝင်လည်ပတ် နိုင်တော့မည့် အခွင့်အလမ်းကို ရုရှားခရီးစဥ်အပြန် အားရကျေနပ်စွာ သတင်းစကားပေးလိုခြင်း ဖြစ်သည်။
ယနေ့ကမ္ဘာကြီးသည် “ဗဟု ဝင်ရိုးကမ္ဘာကြီး” အဖြစ် ပြောင်းလဲသွားပြီဟု မင်းအောင်လှိုင် နေပြည်တော်စင်မြင့်ပေါ်မှ ကမ္ဘာနှင့် ချီပြီး ယုံကြည်မှုအပြည့်ဖြင့် ဟစ်ကြွေး၍ အသံမစဲသေးမီ ရက်သတ္တပတ် တစ်ပတ်အကြာ မတ်လ ၂၈ ရက်နေ့တွင် မြန်မာသမိုင်း၌ မကြုံဖူးအောင် လူအသေအပျောက်နှင့် အပျက်အစီးကြီးမားလှသော ရစ်ချ်တာစကေး ၇.၇ နှင့် ၆.၄ အဆင့်ရှိ “စစ်ကိုင်းငလျင်ကြီး” ၏ ဆင့်ကဲလှုပ်ခတ်မှုနှင့် ကြုံတွေ့လိုက်ရသည်။ မင်းအောင်လှိုင်၏ ကံဇာတာကို စစ်ကိုင်းငလျင်ကြီးက စီရင်ချက် ချလိုက်လေသလား။
စစ်ကိုင်းငလျင်ကြီးသည် တစ်ကြိမ်မက ဗဟိုချက် နှစ်ခုဖြင့် လှုပ်ခပ်သွားခဲ့သည်။ ပြင်းအား ၇.၇ အဆင့်ဖြင့် စစ်ကိုင်းမြို့၏အနောက်မြောက်ယွန်းယွန်း ကီလိုမီတာ အနည်းငယ်သာ ကွာလှမ်းသောနေရာကို ပထမ ဗဟိုပြု လှုပ်ခတ်သွားပြီး၊ ပြင်းအား ၆.၄ အဆင့်ဖြင့် တံတားဦးရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး ဒုတိယ ဗဟိုပြုလှုပ်ခတ်သွားသည်ဟု အမေရိကန်အခြေစိုက် USGS (United States Geological Survey) ၏ တိုင်းတာချက်အရ သိရှိရသည်။
စင်စစ် မင်းအောင်လှိုင်သည် စစ်ကိုင်းငလျင် မလှုပ်ခတ်မီ နာရီ ၂၀ ခန့် အလိုအထိ မတ်လ ၂၇ ရက်နေ့ ညနေ စစ်ရေးပြအခမ်းအနားတွင် စစ်မာန်အပြည့်ဖြင့် မိန့်ခွန်းပြောခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို လက်နက်ချရန် ပြောခဲ့သေးသည်။ ထို့ကြောင့် နေပြည်တော်မှ ထွက်ပေါ်လာသည့် “မင်းအောင်လှိုင် စိတ်ပျက်နေပြီ၊ ရွေးကောက်ပွဲပြီးလျှင် အနားယူတော့မည်” ဆိုသည့် ပြောဆိုချက်မှာ များစွာသံသယဖြစ်ဖွယ် ရှိနေပါသည်။
ကြွေတစ်လက် ကြက်တစ်ခုန် မင်းအောင်လှိုင်
စစ်ကိုင်းငလျင်လှုပ်ပြီးနောက် ချက်ချင်းဆိုသလို မင်းအောင်လှိုင်သည် မြန်မာနိုင်ငံကို အရေးပေါ် အကူအညီ ပေးကြရန် ကမ္ဘာကြီးကို အကူအညီ တောင်းခံခဲ့ရသည်။ လွန်ခဲ့သောတစ်ပတ် နေပြည်တော်စင်မြင့်ထက်မှ အမေရိကန်နိုင်ငံ ကြီးစိုးသောခေတ် ကုန်ပြီဟု အဓိပ္ပာယ်ရသော ကမ္ဘာကြီးသည် “ဗဟုဝင်ရိုးကမ္ဘာကြီး” အဖြစ် ပြောင်းလဲနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သော မင်းအောင်လှိုင်၏ အရေးပေါ်အကူအညီတောင်းခံမှုကို ဝါရှင်တန် အိမ်ဖြူ တော်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားသိခဲ့ပြီး၊ မြန်မာငလျင်အတွက် အကူအညီပေးမည် ဖြစ်ကြောင်း အချိန်တိုအတွင်း တုံ့ပြန်ခဲ့သည်။
ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Tammy Bruce က ငလျင်ဘေးဒဏ်ခံစားရသော မြန်မာပြည်သူများ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၉သန်းကို နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် လှူဒါန်းသွားမည်ဟု ပြောကြား ခဲ့သည်။
ယင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံအရပ်သားအစိုးရကို အတင်းအဓမ္မ ဖြုတ်ချ စစ်အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်၏ လုပ်ရပ်အပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပြီး၊ အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏မိသားစုဝင်များကို ဒဏ်ခတ်အရေးယူပိတ်ဆို့ထားသော အမေရိကန် အစိုးရ၏ မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီသာ ဖြစ်သည်။
အလားတူ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့ကြသော ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျ စသည့် နိုင်ငံများကလည်း လွန်ခဲ့သော ၄နှစ်ကျော်လုံးလုံး မင်းအောင်လှိုင်၏ စစ်ဘေးဒုက္ခဒဏ် ခံစားနေရစဉ် နောက်ထပ် သဘာဝဘေးဒဏ်ခံလိုက်ရသော မြန်မာပြည်သူများကို အလျှင်အမြန်ကူညီထောက်ပံ့နိုင်ရန် အကူအညီများ အသီးသီးပေးအပ်ခဲ့ကြသည်။
အရှေ့တောင်အာရှအသင်းကြီး (အာဆီယံ) ကလည်း နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အထူး အစည်းအဝေး ကျင်းပခဲ့ပြီး၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံများက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ခဲ့ကြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြု ဖိတ်ကြားခဲ့သော ရုရှားနှင့် ဘယ်လာရုစ်၊ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံများကလည်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် အကူအညီပစ္စည်းများ ပေးပို့ ခဲ့ကြသည်။ သဘာဝဓမ္မ၏ စီရင်ချက်ပေလားမသိ ရုရှားသမ္မတပူတင်နှင့် လက်ခြင်းဆက်၊ ရင်ဘတ်ခြင်းအပ် နှုတ်ဆက်တွေ့ဆုံနိုင်ခဲ့သော ပျော်ရွှင်မှုများက ယခုအခါ မင်းအောင်လှိုင်အတွက် ကြွေတစ်လက် ကြက်တစ်ခုန် လွင့်ပျယ်ခဲ့ရလေပြီ။
နေပြည်တော်မှ ငလျင်ကယ်ဆယ်ရေးလား၊ စစ်အာဏာအခြေခံယန္တရားကြီးကို ကယ်ဆယ်ရေးလား
စစ်ကိုင်းငလျင်လှုပ်ပြီးနောက် နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူတို့၏ အသက်ကို အချိန်မီ အရေး ပေါ်ကယ်ဆယ်နိုင်ရန် မတ်လ ၂၉ နှင့် ၃၀ ရက်များတွင် မြန်မာနိုင်ငံသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အလျှင်အမြန် စေလွှတ်ခဲ့ရာ၊ အစောဆုံး ရောက်ရှိလာကြသော ကယ်ဆယ်ရေးအဖွဲ့အများစုကို ငလျင်ကြောင့် အသက်ဆုံးရှုံးမှုအများဆုံးနှင့် ထိခိုက်ပျက်စီးမှု အများဆုံးကြုံတွေ့ခဲ့ရသော စစ်ကိုင်းနှင့် မန္တလေးမြို့များသို့ စေလွှတ်ခြင်းထက် နေပြည်တော်သို့ ဦးစားပေးစေလွှတ်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ် ပြန်ချက်များတွင် တွေ့နိုင်သည်။
ထိုအခြေအနေကို ငလျင်လှုပ်ပြီး ရက်အနည်းငယ်အကြာ နေပြည်တော်မှ တဖြည်းဖြည်း ပေါ်ထွက်လာသော အပျက်အစီး သတင်းအချက်အလက်များနှင့် ပေါင်းစပ်၍ စိစစ်ခွဲခြမ်း သုံးသပ်ကြည့်သည့်အခါ၊ ငလျင်လှုပ် ပြီးပြီးခြင်း မင်းအောင်လှိုင် အမြန်ဆုံး သိချင်သော သတင်းအချက်အလက်များမှာ အာဏာရှင်ဟောင်း သန်းရွှေ အစီအမံဖြင့် အခိုင်အမာ တည်ဆောက်ခဲ့သော နေပြည်တော်ရှိ ထိပ်တန်းစစ်ရေး အခြေခံအဆောက် အအုံများ နှင့် အရပ်ဖက် အုပ်ချုပ်ရေးယန္တရား အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေများ ဖြစ်သည်။
ထိုသတင်းအချက်အလက်များအပေါ်မူတည်၍ ၎င်း၏အာဏာအခြေခံ အဆောက်အအုံများ မည်မျှပျက်စီးသွားသည်ကို အမြန်ဆုံးနှင့် အတိကျဆုံး အကဲဖြတ်နိုင်ရန်မှာ မင်းအောင်လှိုင်အတွက် သေရေးရှင်ရေးတမျှ အရေး ကြီးသည် မဟုတ်ပါလား။ ပြည်သူတို့၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေအနေထက် ၎င်းအတွက် အသက်တမျှ ပို၍အရေးကြီးပေလိမ့်မည်။
သို့သော် မင်းအောင်လှိုင်သည် နေပြည်တော် စစ်တပ်အတွင်း အပျက်အစီးများကို ယနေ့အထိ လုံးဝဖုံးကွယ် ထားသည်။ ငလျင်လှုပ်ခတ်သည့်အချိန် အယ်လ်ဂျာဇီးရား ရုပ်သံသတင်းဌာနမှ အဖွဲ့သည် နေပြည်တော် စစ်ရုံး ချုပ်ထဲ ရောက်ရှိနေသဖြင့် စစ်ရုံးချုပ်၏ အပျက်အစီး ပုံရိပ်များကို ကံအားလျော်စွာ စက္ကန့်အနည်းငယ် ထုတ်လွှင့်နိုင်ခဲ့သည်။
နေပြည်တော်သို့ အမြန်ဆုံးစေလွှတ်ခဲ့သော နိုင်ငံတကာမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များစွာသည် အဓိက ကယ်ဆယ်လုပ်ငန်းများကို အစိုးရယန္တရားများနှင့် ဝန်ထမ်းအိမ်ယာများတွင် လုပ်ဆောင်ကြရပြီး၊ ထိုမှတစ်ဆင့် မင်းအောင်လှိုင်သည် နေပြည်တော် အုပ်ချုပ်ရေးယန္တရား၏ ပျက်စီးမှုအတိုင်းအဆကို အလျှင်အမြန်တွက်ချက်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်ဟု သုံးသပ်တွေ့ရှိရသည်။ ရရှိလာသည့်အချက်အလက်များအရ မင်းအောင်လှိုင် အတွက် မရှူနိုင်မကယ်နိုင် အခြေအနေပင် ဖြစ်သည်။
ယခုတော့ နေပြည်တော်တွင် ဝန်ကြီးများ အစည်းအဝေးကျင်းပစရာ ရုံးခန်းနေရာပင်မရှိ၊ နိုင်ငံခြားသံတမန်များကို ဧည်ခံဆွေးနွေးစရာပင် နေရာမရှိ၊ ဝန်ထမ်းများ ရုံးတက်စရာ ရုံးခန်းများမရှိတော့သည့် အခြေအနေနှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။
မင်းအောင်လှိုင်ကိုယ်တိုင် ၎င်း၏စစ်ကောင်စီဥက္ကဋ္ဌရုံးခန်းအဖြစ် ပြောင်းလဲခဲ့သော ယခင်သမ္မတအိမ်တော် ရုံးခန်းသည် အကြီးအကျယ် ပျက်စီးထိခိုက်သွားခဲ့ပြီဟု သိရှိရသည်။ ကျည်ကာမှန်များဖြင့် ပတ်ပတ်လည် ကာရံ ဆောက်လုပ်ထားသော သမ္မတရုံးခန်းနေရာ ပြိုကျပျက်စီးသွားခဲ့သလို၊ အမိုးမှာ လည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။
နေပြည်တော်ဝန်ကြီးဌာနများနှင့် စစ်အာဏာရှင်စနစ်၏ အခြေခံယန္တရားများကို မောင်းနှင်လည်ပတ်ပေးနေ ကြသော ဝန်ထမ်းများ၏ အိမ်ရာ အများစုသည် ငလျင်ဒဏ်ကြောင့် အကြီးအကျယ်ပျက်စီးသွားပြီး၊ ဆက်လက် နေထိုင်ရန် မဖြစ်နိုင်ခြင်းကြောင့် အောက်ခြေဝန်ထမ်းအများစုသည် လမ်းဘေးမြေကွက်လပ်များတွင် ဖြစ်သလို နေထိုင်ကြရသည်။
အဆိုပါအခြေအနေတွင် ကြာရှည်မနေနိုင်သော ဝန်ထမ်းများသည် ဆွေမျိုးသားချင်းများရှိရာ မြို့များ သို့ ထွက်ခွာသွားသဖြင့်၊ ယခုနောက်ပိုင်း နိုင်ငံတကာက ပေးပို့လာသော၊ စစ်သုံး ယာယီရွက်ဖျင်တဲ များ တန်းစီထိုးထားသော ကယ်ဆယ်ရေး စခန်းများ နေပြည်တော်တွင် စစ်ကောင်စီက အလျှင်အမြန် ဆောက် လုပ်ပြီး၊ ဝန်ထမ်းများကို စခန်းသွင်း ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းလာသည်။
စစ်အာဏာရှင်ယန္တရား ရှင်သန်လည်ပတ်ရေးအတွက် စစ်သားများကိုပင် အသက်စွန့်ရန် မကြာခဏ တိုက်တွန်း နေတတ်သော မင်းအောင်လှိုင်သည် ၎င်း၏အာဏာစက်ယန္တရားလည်ပတ်မှု ရပ်ဆိုင်းမသွားစေရန် ငလျင်ဒုက္ခသည် အရပ်ဖက်ဝန်ထမ်းများ မဖြစ်မနေ ရုံးတက်ရန် ဆက်တိုက်ဖိအားပေးလျက်ရှိသည်။
အဆိုပါ အောက်ခြေဝန်ထမ်းများသည် ငလျင်ဒုက္ခသည် ဘဝမှာပင် မိသားစုဝင်များ အသက်ဆုံးရှုံးရ၊ ဝန်ထမ်းဘဝ နည်းပါးသော ပိုင်ဆိုင်မှုများပင် ဆုံးရှုံးရသည့် အခြေအနေအောက်တွင် စစ်ကောင်စီယန္တရား လည်ပတ်နိုင်ရေးအတွက် မဖြစ်မနေ လုပ်ကိုင်နေကြရသည်။
လွန်ခဲ့သော ၄နှစ်ကျော်က စစ်အာဏသိမ်းမှုကို လက်မခံသဖြင့် စစ်ကောင်စီနှင့် မပူးပေါင်းနိုင်ဘဲ “ရုန်းမတက်နဲ့ ရုန်းထွက်” ဆောင်ပုဒ်ကို ကျယ်လောင်စွာ ကြွေးကြော်ပြီး “ရုန်းထွက်” ခဲ့ကြသဖြင့်၊ ၎င်းတို့၏ အိုးအိမ်များနှင့် ပိုင်ဆိုင်မှုအရပ်ရပ်ကို စွန့်လွှတ်ပြီး၊ နိုင်ငံအနှံ့ ရှောင်ပုန်းခဲ့ရသော၊ လွတ်မြောက်နယ်မြေအသီးသီးသို့ ထွက်ခွာ ခဲ့ကြသော CDM ဝန်ထမ်းများစွာသည် မင်းဆိုးမင်းညစ် မင်းအောင်လှိုင်ကြောင့် ဒုက္ခပင်လယ်ဝေခဲ့ဖူးသည်။
ယခု တစ်ဖန် သဘာဝဓမ္မကြီးက မင်းဆိုးမင်းညစ် မင်းအောင်လှိုင်ကို တမင် ပစ်မှတ်ထား တရားစီရင်ခဲ့လေရော့သလား ထင်မှတ်ရအောင် နေပြည်တော်၏ အဓိက ပျက်စီးမှုများမှာ စစ်အာဏာစက်ယန္တရားကြီးနှင့် အသိုက် အဝန်းအတွင်း အဓိက ဖြစ်ပွားခဲ့လေသည်။
မည်သို့ပင်ဆိုစေ မင်းအောင်လှိုင်၏ လူလုပ် စစ်ဘေးဒဏ်ကိုသာမက စစ်ကိုင်းငလျင် သဘာဝ ဘေးဒဏ်ကို ပြည်သူများကသာ ခံစားကြရပြီး၊ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏မိသားစုများမှာ တိုက်ရိုက်ထိခိုက်မှုမရှိဘဲ၊ တိုင်းပြည်ဘဏ္ဍာ နှင့် သယံဇာတများကို စိတ်ကြိုက်အသုံးချခွင့်ရနေသဖြင့် လူမှုဒုက္ခများမှ ကင်းလွတ်နေဆဲ ဖြစ်သည်။
လက်ရှိပြဿနာမှ “ရုန်းထွက်” နိုင်ရန် ကြိုးပမ်းနေရသူ မင်းအောင်လှိုင်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ တွင် သုံးနှုန်းထားသော “သာမန်အားဖြင့်” ဆိုသည့် စကားရပ်ကို လိုသလို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး၊ လက်ရှိအခြေအနေမှာ “သာမန်မဟုတ်သော အခြေအနေ” ကြောင့် ဟုဆိုကာ ၎င်း၏အာဏာကို ၆လ တစ်ကြိမ် သက်တမ်းတိုးလာခဲ့သော မင်းအောင်လှိုင် ယနေ့ရင်ဆိုင်နေရသည့် ဖိအားများမှာ အဆိုပါ သာမန်မဟုတ်သော အခြေအနေထက် အတိုင်းအဆများစွာ ကျော်လွန်လာနေပြီ ဖြစ်သည်။
၎င်း၏ အာဏာသိမ်းဇာတ်လမ်းတွင် နံပါတ်တစ် တရားခံအဖြစ် အသုံးတော်ခံခဲ့ရသော ဒု-သမ္မတမြင့်ဆွေထံမှလည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့် အာဏာထပ်မံသိမ်းခဲ့သေးသည်။ မြင့်ဆွေနှင့် နီးစပ်သူများ၏ အဆို အရ စစ်ကောင်စီထုတ်ပြန်ခဲ့သလို ၎င်း၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားနေခြင်းမရှိဟု ဆို၏။
ထိုအချိန်မှစ၍ မြင့်ဆွေသည် လူမြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားသည်မှာ ယနေ့အချိန်ထိဖြစ်သည်။ မြင့်ဆွေနှင့် ၎င်း၏ မိသားစုမှာ ရွေးကောက်ပွဲ မြန်မြန်ကျင်းပနိုင်မည့် အချိန်ကိုသာ မျှော်လင့်နေကြပြီး၊ လက်ရှိ ပြဿနာများမှ လွတ်မြောက်ရန်သာ စိတ်ဆန္ဒရှိနေကြသည်ဟု ၎င်း၏မိသားစုနှင့် နီးစပ်သောအသိုက်အဝန်းထံက သိရှိရသည်။
မင်းအောင်လှိုင်၏ လက်ရှိပြဿနာမှ “ရုန်းထွက်” ရေး နည်းလမ်းမှာ ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းကို စဥ်းစားထားဟန် မရှိပါ။ နိုင်ငံတကာအသိုက်အဝန်းက မျှော်လင့်နေသော စေ့စပ်ဆွေးနွေးရေးနည်းလမ်းကိုလည်း ၎င်းဘက်က အသာစီးမရလျှင် မင်းအောင်လှိုင် ရွေးချယ်မည် မဟုတ်ပါ။
ထို့ကြောင့် စစ်ကိုင်းငလျင်ဘေးကြားမှ ဧပြီလ ၈ ရက်နေ့တွင် စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး လက်မှတ်ဖြင့် ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ ရာထူးကို ဖန်တီး၍ ခန့်အပ်မှုများ လုပ်ဆောင်ခဲ့သည်။ အဓိပ္ပာယ်မှာ မင်းအောင်လှိုင်သည် ၎င်းစီစဥ်ထားသော ရွေးကောက်ပွဲကို ရသည့်နည်းဖြင့် ပြုလုပ်ရန် ကြိုးပမ်း နေခြင်း ဖြစ်သည်။
၎င်းဖန်တီးခဲ့သော လက်ရှိ ပြဿနာအစုအဝေးကြီးမှ မင်းအောင်လှိုင် “ရုန်းထွက်” နိုင်ခြင်းမရှိလျှင် မြင့်ဆွေ အပါအဝင် အာဏာသိမ်းစစ်ခေါင်းဆောင် လက်ဟောင်းလက်သစ်များအားလုံး၏ ကံကြမ္မာသည်လည်း မရေရာ ဖြစ်လာပါလိမ့်မည်။
တည်ငြိမ်ဖွံ့ဖြိုးနေသော နိုင်ငံကို ဖျက်ဆီးခဲ့သူ မင်းအောင်လှိုင်
စင်စစ် လွန်ခဲ့သော ၄နှစ်ကျော် မြန်မာနိုင်ငံ၏ ပုံရိပ်များက လတ်လတ်ဆပ်ဆပ် ရှိနေဆဲပင်။ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်မိုးသောက်ယံအချိန်ထိ ရွေးကောက်ခံ အရပ်သားအစိုးရ အုပ်ချုပ်မှု အောက်တွင် ပကတိ တည်ငြိမ်အေးချမ်း တိုးတက်နေသောနိုင်ငံ ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်နှံ့လာမှုကို အရင်းအမြစ်ရှားပါးသည့်ကြားမှ အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ လက်တွဲ ဖြေရှင်းကျော်လွှားနေပုံမှာ သမိုင်းတွင် မမြင်ဖူး မကြုံဖူးသော စည်းလုံးညီညွတ်မှုမျိုး ဖြစ်သည်။
ထိုကဲ့သို့ ပကတိတည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးခဲ့သူမှာ စစ်တပ်၏ စစ်ဦးစီးချုပ်ဖြစ်သူ မင်းအောင်လှိုင်ဖြစ်ပြီး၊ နိုင်ငံသူ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ်ရန် အပ်နှင်းထားသော အာဏာကို အလွဲသုံးစားပြု၍ နိုင်ငံတော်အာဏာကို လက်နက်အင်အားသုံး အဓမ္မသိမ်းယူခဲ့ခြင်း ဖြစ်သည်။
လက်နက် အင်အားသုံး အာဏာသိမ်းခြင်းကို ကမ္ဘာပေါ်ရှိ မည်သည့်ဥပဒေကမျှ ခွင့်ပြုမထားသလို၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ခွင့်ပြုမထားပါ။ သို့တိုင်အောင် “အာဏာထိန်း” ခြင်းပါ ဟု ဗြောင်လိမ်ညာခဲ့ ကတည်းက မင်းအောင်လှိုင်သည် ဗုဒ္ဓဘာသာဝင်တိုင်း စောင့်စည်းရမည့် ငါးပါးသီလထဲက “မုသာဝါဒ” ကံ ကို ကမ္ဘာသိ ကျူးလွန်ခဲ့သလို၊ ပြည်သူများ၏ အသက်ကို ကာကွယ်ရမည့်အစား အလွန်အကျူး သတ်ဖြတ်ပြီး “ပါဏာတိပါတာ” ကံ ကို စိတ်တိုင်းကျ ကျူးလွန်နေသူ ဖြစ်သည်။
မြန်မာပြည်သူများက စစ်အာဏာသိမ်းမှု၏ ဒုက္ခဆိုးကျိုးကို ၁၉၆၂ ခုနှစ်တွင် ပထမအကြိမ် ၂၆နှစ်ကြာ နှင့် ၁၉၈၈ ခုနှစ်တွင် ဒုတိယအကြိမ် ၂၂ နှစ်ကြာ ခံစားခဲ့ရပြီး ဖြစ်သည်။ အဆိုပါ နှစ်ကြိမ် လုံးတွင် ပြည်သူများသည် ၎င်းတို့၏ အသက်ခန္ဓာပေါင်းများစွာ စတေးပြီး “အကြမ်းမဖက်” နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။
၂၀၂၁ ခုနှစ် တတိယအကြိမ် စစ်အာဏာသိမ်းချိန်တွင်လည်း လနှင့်ချီပြီး နိုင်ငံအနှံ့ အကြမ်းမဖက် ဆန္ဒထုတ် ဖော်ခဲ့ကြပြီး၊ ကမ္ဘာကြီးက အချိန်နှင့်အမျှ တွေ့မြင်သိရှိခဲ့ပြီး ဖြစ်သည်။ စစ်မြေပြင်တွင် စစ်ပွဲဆင်နွဲသလို မြို့ပြ လမ်းမများပေါ်တွင် ဆန္ဒပြပြည်သူများ၏ ဦးခေါင်းများကို ချိန်ရွယ်ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်ခဲ့သည်မှာ မင်းအောင်လှိုင်နှင့် စစ်တပ်ဖြစ်သည်။
စင်စစ် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များ၏ မြန်မာ့အရေးဖြေရှင်းရန် “တူညီ ဆန္ဒ ၅ချက်” နှင့် အာဆီယံထိပ်သီးအစည်းအဝေးများက မြန်မာ့အရေး နှစ်စဥ် အကြိမ်ကြိမ် ထုတ်ပြန်ချက်များ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နှင့် လွန်ခဲ့သော ၄နှစ်အတွင်း နိုင်ငံများက စုပေါင်း ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ပေါင်းများစွာတွင် စစ်တပ်၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက် သတ် ဖြတ်နေခြင်းကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုချက်က ထိပ်ဆုံးက ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံသည် လွန်ခဲ့သော ၄နှစ်လုံးလုံး လူလုပ်ဘေးဒုက္ခကြီး (Man-made Disaster) ဖြစ်သော မင်းအောင် လှိုင် စစ်တပ်၏သတ်ဖြတ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူအရေအတွက်မှာ သဘာဝ ဘေးဒုက္ခ (Natural Disaster) ဖြစ်သော စစ်ကိုင်းငလျင်ကြောင့် လတ်တလော သေဆုံးခဲ့ရမှုများထက် များစွာ ပိုမိုသည်။ စစ်ဘေးဒဏ် အတိဒုက္ခရောက်နေရသော ပြည်သူ ၃သန်းကျော်ရှိသည်။
သို့သော် သဘာဝဘေးဒုက္ခသည် အချိန်တစ်ခုအတွင်း ကျရောက်ပြီး ရပ်တန့်သွားသော်လည်း၊ လူလုပ်ဘေးဒုက္ခသည် ရပ်တန့်ခြင်းမရှိ အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ အဆိုပါ လူလုပ်ဘေးဒုက္ခ၏ ဇစ်မြစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်သည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကိုင်းငလျင်ဘေးဒဏ်ကို လျင်မြန်စွာ ကူညီဖြေရှင်းပေးသလို၊ လက်ရှိ စစ်အာဏာသိမ်းထားမှု ပြဿနာကိုလည်း ဝိုင်းဝန်းဖြေရှင်းပေးမည်ဆိုလျှင် မင်းအောင်လှိုင် စစ်တပ် နေ့စဥ် သတ်ဖြတ်မှုကြောင့် သေဆုံးနေရသော အပြစ်မဲ့ ပြည်သူတို့၏ အသက်များကို ကယ်ဆယ်နိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံသည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ရရှိရန်မှာ “မင်းအောင်လှိုင်အလွန်” နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှသာ ရရှိနိုင်ပါလိမ့်မည်။