မေးမြန်းခန်းအာဘော်

“စစ်ကိုင်းမှာတော့ ကျွန်တော်တို့တွေ့တာ မလေးရှားတစ်ဖွဲ့ပဲရှိတယ်” – ရှင်သန်ခွင့် လူမှုကူညီရေးအဖွဲ့

ပြင်းထန်သည့်ငလျင်ကြောင့် စစ်ကိုင်းမြို့ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားသည်၊ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့ လာရောက်ကူညီနေသည်ဟု လူမှုရေးအဖွဲ့တစ်ဖွဲ့က ပြောသည်။

မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား ရစ်ချ်တာစကေး ၇.၇ ရှိသည့် မန္တလေးငလျင်လှုပ်ခတ်မှုဖြစ်ပြီး ၇ ရက်ကြာချိန် စစ်ကိုင်းမြို့ နောက်ဆုံးအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကိုင်းမြို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော ရှင်သန်ခွင့် လူမှုကူညီရေးအဖွဲ့မှ ကိုပိုင်ပိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။ 

မေး ။        ။ အခုနောက်ဆုံး စစ်ကိုင်းမြို့ရဲ့ ကူညီကယ်ဆယ်ရေးအခြေအနေတွေကို အရင်ဆုံး ပြောပြပေးပါ။ 

ဖြေ ။         ။ ကျွန်တော်တို့တွေ လောလောဆယ်မှာ ကယ်ဆယ်ရေးတွေ လုပ်တဲ့ မစ်ရှင်ကတော့ ပြီးသွားပြီပေါ့၊ ပြန်လည်ထူထောင်ရေးအပိုင်းကို သွားနေတယ်။ ပျက်စီးနေတဲ့ အဆောက်အဦတွေကို ပြန်လည်ထူထောင်ရေးကို ဦးစားပေးနေတယ်။ 

မေး ။       ။ ဒါဆိုရင် ပိတ်မိနေတဲ့ သူ၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေကို ရပ်လိုက်ပြီဆိုတဲ့ သဘောလား။ 

ဖြေ။        ။ လူတွေ ပိတ်မိနေတယ်၊ ရှိနေသေးတယ်ဆိုတဲ့ အဆောက်အဦတွေကို ကျွန်တော်တို့ ဆက်လက်ရှာဖွေနေပါတယ်။ ဒါပေမဲ့ အဆောက်အဦအပျက်အစီးတွေ ရှင်းလင်းတဲ့ အခါမျိုးမှာပဲ တွေ့တဲ့ဟာကို ကူညီကယ်ပေးတာပဲ ရှိတော့တာပေါ့နော်။ အရင်လိုမျိုး သီးသန့်ကြီး ရှာဖွေကယ်တာမျိုးတွေ မရှိတော့ဘူး။ ပျောက်ဆုံးနေတယ်၊ ဒီအထဲမှာ ကျန်နေတယ်၊ ပိတ်မိနေသေးတယ်ဆိုတဲ့ လူဦးရေအတိအကျသိထားတဲ့ဟာဆိုရင်တော့ ဆက်လက်ရှာဖွေတာတွေတော့ လုပ်ပါတယ်။ 

မေး ။        ။ စစ်ကိုင်းမှာ နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်နေပြီလား။ 

ဖြေ။          ။ ဒီမှာတော့ တချို့အဖွဲ့တွေလည်း တွေ့ပါတယ်။ စစ်ကိုင်းမှာကတော့ မလေးရှားအဖွဲ့နဲ့တော့ အများဆုံး ဆုံရတယ်၊ မန္တလေးမှာဆိုရင်လည်း ရုရှားတို့ ဘာတို့ပေါ့ အဲဒီအဖွဲ့တွေ လုပ်ကိုင်နေကြတာ လည်း တွေ့ပါတယ်။ စစ်ကိုင်းမှာတော့ ကျွန်တော်တို့တွေ့တာ မလေးရှားတစ်ဖွဲ့ပဲရှိတယ်။ 

မေး။       ။ ငလျင်ဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းဒေသခံတွေရဲ့ နေရေး၊ စားရေး၊ သောက်ရေး အခြေအနေ တွေကရော ဘယ်လိုရှိနေပါသလဲ။ 

ဖြေ။        ။ အခုအခြေအနေကတော့ မြို့ပေါ် နေတဲ့ လူတွေ အကုန်လုံးကတော့ အိမ်တွေထဲမှာ မနေရဲကြတော့ဘူး၊ အကုန်လုံးက လမ်းဘေးမှာပဲ တဲထိုးပြီးတော့ နေနေကြရတာပေါ့။ အခုအချိန်အထိ အိမ်ထဲကို ပြန်နေတာမျိုး သူတို့တွေ မလုပ်ရဲကြသေးဘူး။ 

ဒါပေမဲ့ အစားအသောက်အပိုင်းမှာတော့ အလှူရှင်တွေ အတော်များများ ရောက်လာကြပါတယ်။ အစား အသောက်တွေကတော့ အမြဲတမ်းမပြတ်ပဲ ဝေခြမ်းနေတဲ့ သူတွေရှိပါတယ်။ တစ်ခုကတော့ မီးမလာဘူး၊ မီးမလာတဲ့အတွက် အသုံးပြုဖို့အတွက် ရေပေါ့၊ ရေကတော့ လုံလောက်မှုမရှိဘူး၊ အဲဒီအခက်အခဲတော့ ရှိတယ်။   

မေး။       ။ စစ်ကိုင်းမှာရော ပြိုကျသွားတဲ့ အဆောက်အဦတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ကန့်သတ်တာမျိုးတွေရှိလား။ 

ဖြေ ။       ။ ပြန်လည်ထူထောင်ရေးလုပ်ဖို့ဆိုရင် စက်ယန္တရားကြီးတွေ လိုအပ်မှုရှိတယ်။ အသင်းအဖွဲ့တွေကိုလည်း ဒါမျိုးတွေ ပြန်လည်ထူထောင်ရေးအပိုင်းတွေ လုပ်ဖို့အတွက်ကို ခွင့်ပြုပေးဖို့လိုအပ်တယ်။ အခုလောလောဆယ်ကတော့ စစ်ကိုင်းဘက်မှာ တချို့ကုမ္ပဏီတွေက ဝင်ပြီး ကူညီပေးတာတွေတော့ တွေ့ရပါတယ်။ ပျက်စီးဆုံးရှုံးမှုက တော်တော်ကိုများပါတယ်၊ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ပျက်စီးသွားတာပါ။  

မေး။       ။ ဒေသခံတွေ နေထိုင်ဖို့ ကယ်ဆယ်ရေးစခန်းတွေ၊ ယာယီဆေးရုံတွေ  ရှိလား။ 

ဖြေ။        ။  စစ်ကိုင်းဆေးရုံကြီး ဆိုရင်လည်း ဆေးရုံရဲ့ အတွင်းထဲမှာ မဟုတ်ဘဲနဲ့ ဆေးရုံရဲ့ အပြင်မှာ ပရဟိတအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ယာယီဆေးရုံ၊ နောက်ပြီးတော့ စစ်ကိုင်း အားကာသိပ္ပံ အားကစားကွင်းထဲမှာ ယာယီဆေးရုံ လုပ်ပေးထားတာတော့ ရှိပါတယ်။ 

ကျွန်တော်တို့ သိသလောက် ဆေးရုံကြီးက ၁ ခုနဲ့ အားကစားကွင်းက ၁ ခုပေါ့လေ၊ ယာယီဆေးရုံတွေက ဒီ ၂ ခုတော့ ရှိပါတယ်။ 

မေး။       ။ ဧပြီ ၅ ရက်နေ့ သတင်းစာမှာ ထုတ်ပြန်ထားတာ စစ်ကိုင်းမြို့တစ်ခုတည်းမှာပင် သေဆုံးတာက ၅၀၃ ဦး၊ ဒဏ်ရာရတာက ၆၆၉ ဦး ရှိတယ်ပေါ့၊ မြေပြင်စာရင်းနဲ့ဆို အဲဒီအရေအတွက်က ကွဲလွဲတာမျိုးရှိနိုင်လား။ 

ဖြေ။       ။ ကျွန်တော်တို့ ဒီစစ်ကိုင်းမှာဆိုရင်တော့ ကျွန်တော်တို့ အသင်းနဲ့ မကွေးတိုင်းဘက်က လာတဲ့ မီးသတ်၊ ရှာဖွေကယ်ဆယ်အဖွဲ့ နဲ့ ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ ကယ်ဆယ်တာပေါ့။ အဲဒီမှာ ရုပ်အလောင်း ၆ လောင်းလောက် ထုတ်ပေးခဲ့ရတယ်။ ကျန်တဲ့ တစ်တိုင်းလုံးအနေနဲ့ကတော့ ဒီကိန်းဂဏန်းတွေက ဖြစ်နိုင်ပါတယ်။ 

သာသနိက အဆောက်အဦတွေမှာလည်း အထဲမှာ ပိတ်မိနေတဲ့ သူတွေ တော်တော်ကိုများတယ်၊ ကျွန်တော်တို့ ရုပ်အလောင်းတွေ ထုတ်ပေးခဲ့တဲ့ အဆောက်အဦဆိုရင် ငါးထပ်ဆောင်ပေါ့၊ တစ်လွှာမှ မကျန်ဘူး၊ အကုန်ပြိုကျတာ။ အထဲထဲမှာ ၁၁ ယောက် ပိတ်မိတယ်၊ ကျွန်တော်တို့ အဲဒီအဆောက်အဦကနေ ရုပ်အလောင်း ၃ လောင်း  ထုတ်နိုင်ခဲ့တယ်။ 

ကျန်တဲ့အဖွဲ့ တွေ ဆက်ပြီး ထုတ်နေတာတွေရှိတယ်။ ဒါက ဒီအဆောက်အဦတစ်ခုတည်းရှိပါသေးတယ်။ ကျန်တဲ့ စစ်ကိုင်းတစ်တိုင်းလုံးဆိုရင်တော့ လူသေဆုံး၊ ပျောက်ဆုံးက ဖြစ်နိုင်ပါတယ်။ ဒီထက်လည်း ကျော်ချင်လည်း ကျော်နိုင်ပါတယ်။ 

Related Articles

Back to top button