သတင်း

စစ်ကိုင်းမြို့ ပစ်ခတ်မှုတွင် အမျိုးသမီး ၁၂ ဦး သေဆုံး

စစ်ကိုင်းမြို့ ပစ်ခတ်မှုတွင် တောင်သူ ၁၂ ဦး သေဆုံး၊ ပြည်သူ့စစ် ခေါ် ပျူစောထီး ၃ ဦး ဒဏ်ရာရသွားသည်၊ တော်လှန်ရေးအဖွဲ့များက ပစ်ခတ်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး ယမန်နေ့ (စက်တင်ဘာ ၁၇) နံနက်တွင်  တိုက်ခိုက်ခံရကာ ယာဉ်ပေါ်ပါ တောင်ယာလုပ်ကိုင်သူ အမျိုးသမီး ၁၂ ဦး သေဆုံး၊ အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

နံနက် ၆ နာရီခွဲခန့်က ကြွယ်ပုံရွာ၏အရှေ့မြောက်ဘက်တစ်မိုင်ခန့်အကွာ ကားလမ်း ကုန်းအတက် နေရာ တွင် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ 

“ရွာရဲ့အရှေ့မြောက် ကားလမ်းမမှာ ကုန်းအတက်ကြီး သုံးတက်ရှိတယ်။ နောက်ဆုံးအတက် အတော် မတ်စောက်တဲ့ အဲဒီကုန်းအတက်ကြီးမှာ ဆီးပစ်ခံလိုက်ရတာလို့သိရတယ်။  ကားပေါ်မှာ အားလုံး ပွဲချင်းပြီးတာလို့လည်း ကြားတယ်”

သေဆုံးသူတို့မှာ အရပ်သားများဖြစ်ကြပြီး ဒဏ်ရာရသည့် အမျိုးသား ၃ ဦးသည် အစောင့်အကြပ်လိုက်လာသူ ပြည်သူ့စစ် ခေါ် ပျူစောထီး တပ်ဖွဲ့ဝင်များဖြစ် ကြသည်ဟု သိရကြောင်း စစ်ကိုင်းဒေသခံများက ဆိုသည်။ 

“အမျိုးသမီးတွေက သာမာန်လက်လုပ်လက်စားတွေပေါ့နော်။  တောတွေဘာတွေ  သွားလုပ်ရင်၊ သူတို့က လူငှားခေါ်ရင် လိုက်ရတာပေါ့နော်။  လက်နက်ကိုင်တပ်ဖွဲ့ဝင် သုံးဦးလောက်က အစောင့်အနေနဲ့ လိုက်ကြတာလေ။  လက်နက်လိုချင်တော့ တိုက်ခိုက်ခံရတာလို့ထင်ပါတယ်”ဟု ထိုသူက ဆိုသည်။

စစ်ကိုင်းမြို့နှင့်၂၄ မိုင်ခန့်အကွာ မူးမြစ်ကမ်းအနီးရှိ ကြွယ်ပုံရွာသည် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အခြေစိုက်သည်ဟု ဒေသတွင်း အမည်ထွက်ပြီး စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားသွားလာမှုရှိသည်ဟု သိရသည်။  

ဒေသကာကွယ်ရေးအဖွဲ့များကမူ ကြွယ်ပုံရွာအတွင်း ပျူစောထီးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများ သာ နေထိုင်ကြပြီး၊ ရွာသူရွာသားအများစုမှာ စစ်ကိုင်းမြို့ပေါ်နှင့် အခြားကျေးရွာများသို့ ရွှေ့ပြောင်းနေ ထိုင်နေကြကြောင်း၊ ရွာအတွင်းတွင် လူ ၁၀၀ ခန့်သာ နေထိုင်ကြောင်း ယမန်နှစ်အတွင်းက Myanmar Now ကို ပြောထားသည်။  

စစ်ကိုင်းမြို့အခြေစိုက် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် စစ်ကိုင်းကင်းထောက်အဖွဲ့အား ဆက် သွယ်မေးမြန်းရာ ကြွယ်ပုံကျေးရွာမှထွက်လာသည့်ကားပေါ်လိုက်ပါလာသည့် ပျူတပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတို့ ပစ်ခတ်ရာတွင် မော်တော်ယာဉ်သည် ကြောက်လန့်တကြားမောင်းပြေးပြီး နောက် ကာကွယ်ရေးအဖွဲ့များ၏ မိုင်းကွင်းထဲသို့ ဝင်ရောက်သွားသည်ဟုသိရကြောင်း ပြောသည်။ 

ထိတွေ့တိုက်ခိုက်မှုကို မည်သည့်ကာကွယ်ရေးတပ်ဖွဲ့နှင့်ဖြစ်ပွားကြောင်း စုံစမ်းနေဆဲဖြစ်ပြီး ယာဉ်ပေါ်မှ သေနတ် ၃ လက်ကိုလည်း သိမ်းဆည်းသွားသည်သိရကြောင်း ဆိုသည်။

ကြွယ်ပုံကျေးရွာကို Google Earth မှ တွေ့ရစဉ်။ 

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကိုင်းမြို့ပေါ် တပ်မ ၃၃ မှ စစ်ကားနှစ်စီးသည် ကြွယ်ပုံကျေးရွာဘက် ထွက်ခွာ သွားကြောင်း၊ ယနေ့ (စက်တင်ဘာ ၁၈) နံနက်တွင်လည်း ကြွယ်ပုံကျေးရွာအနီး လက်နက်ကြီးသံဟု ယူဆ ရသည့်ပေါက်ကွဲသံတချို့ကြားနေရပြီး အနီးနားရွာများမှ ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။ 

လွန်ခဲ့သည့်တစ်ပတ်ခန့်ကလည်း အဆိုပါကြွယ်ပုံကျေးရွာမှ ပျူစောထီးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးသည် ရွာ၏မြောက်ဘက်တွင် ထယ်ထိုးနေစဉ် လူတစ်စုကလာရောက်၍ သေနတ်လုတိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများထံမှ သိရသည်။

ကြွယ်ပုံကျေးရွာသည် ၂၀၂၁အာဏာသိမ်းပြီးနောက် စစ်တပ်ဆန့်ကျင်ကြောင်းဆန္ဒပြပွဲများပြုလုပ်ခဲ့ဖူး သည်ကိုတွေ့ရသည်။  ယင်းနောက် နိုင်ငံအနှံ့ခုခံတိုက်ခိုက်မှုများပေါ်ပေါက်လာပြီးနောက် စစ်တပ်သည် အင်အား ၅၀ ခန့်ဖြင့် အဆိုပါကျေးရွာတွင် အခိုင်အမာတပ်စွဲအထိုင်ချကာ ပျူတပ်ဖွဲ့ဝင်များ ဖွဲ့စည်းခဲ့ သည်။  

ထို့နောက် ရွာခံအများအပြား လက်နက်ကိုင်ပျူစောထီးများဖြစ်လာကြသည်၊  တချို့မှာမူ စားဝတ်နေရေး ကြောင့် ပူးပေါင်းခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။ 

“ပျူစောထီးအားကောင်းတဲ့ရွာပေါ့။  တစ်ရွာလုံးတော့မဟုတ်ဘူးပေါ့ဗျာ။ တချို့ကတော့ ဘေးမှာထွက်နေ လို့ လုပ်စားဖို့မလွယ်လို့ မထွက်ကြတာများတယ်။  ယောကျာ်းလေးအများစုလောက်ပဲ လက်နက်ကိုင်ကြ တာ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ 

“ပြောရမယ်ဆိုရင် လက်နက်ကိုင်ရင် တစ်လကို ဆန်တစ်ပိုင်းရတယ်။  ပိုက်ဆံရတယ်ဆိုတော့ အမျိုးသားအများစု၊ လူကြီးပိုင်းတွေ များတာပေါ့နော်၊ ပျူထဲဝင်ကြတာ”

နိုင်ငံအနှံ့မှ လက်နက်ကိုင်တော်လှန်ရေးများအပေါ် သက်ရောက်မှုရှိခဲ့သည့် ရှမ်းမြောက်မှ “ ၁၀၂၇ စစ်ဆင် ရေး” မတိုင်မီ စစ်ကိုင်းတိုင်းအတွင်း စစ်တပ်နှင့်ပျူများအားကောင်းစဉ် ယင်းကျေးရွာမှ အထိုင်ချစစ်တပ် နှင့် ရွာခံပျူတပ်ဖွဲ့ဝင်များသည် အနီးကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့မှုများ မကြာခဏပြုလုပ်ခဲ့ကြ သည်။

အထူးသဖြင့် ရွာထောင်၊ ရွာသစ်၊ ဒီပဲယင်းကွဲ၊ စံသစ်၊ တောင်မြို့၊ တောင်ကြားကျေးရွာတို့ဖြစ်ပြီး ဒီပဲယင်း ကွဲကျေးရွာဆိုလျှင် ၅ကြိမ်မီးရှို့ခံခဲ့ရပြီး ဒေသခံ သုံးပုံနှစ်ပုံ ထွက်ပြေးခဲ့ကြသည်။  ဒေသကာကွယ်ရေး တပ်ဖွဲ့ များကလည်း အဆိုပါကြွယ်ပုံကျေးရွာစစ်တပ်စခန်းသို့ မကြာခဏ သွားရောက် တိုက်ခိုက်ခဲ့သည်။

ဒေသခံ အမျိုးသမီး ၁၂ ဦးသေဆုံးခဲ့သည့် ယမန်နေ့တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အဆိုပါဒေသအတွင်း လှုပ်ရှားနေသည့် အဖွဲ့များကို Myanmar Now က မေးမြန်းနေဆဲဖြစ်သည်။ 

စစ်ကိုင်းမြို့အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် တောတွင်းတွတ်ပီအဖွဲ့က အဆိုပါဖြစ်စဉ်ကို  ကြားသိရပြီး၊ မည်သည့်တပ်ဖွဲ့နှင့်ဖြစ်ပွားကြောင်း မသိရသေးဟု ဆိုသည်။ 

စစ်ကိုင်းခရိုင် PDF တပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦးကလည်း  ကြွယ်ပုံရွာမနီးမဝေးတွင် PDF တပ်ဖွဲ့ဝင် များရှိနေသော်လည်း ယင်းဖြစ်စဉ်ကိုမသိရှိဟုဆိုသည်။

စစ်ကောင်စီက ကြွယ်ပုံကျေးရွာရှိ တောင်သူများ တောင်ယာလုပ်ငန်း လုပ်ကိုင်ရန်အတွက် သွားရောက်စဉ် PDF များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ဝိုင်းဝန်း ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူအမျိုးသမီး ၁၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ ညက ထုတ်ပြန်ထားသည်။  

စစ်ကောင်စီကို ထောက်ခံသည့်ဝါဒဖြန့်တယ်လီဂရမ်များကလည်း ထိုသတင်း အပြိုင်အဆိုင် ထုတ်ပြန်ထားကြပြီး ထိုအထဲမှ တယ်လီဂရမ်ချန်နယ်တစ်ခုတွင် အမျိုးသား ၃ ဦး၏ အလောင်းများ တွေ့ရသည်။ 

ထိုလက်နက်ကိုင် ၃ ဦးပါ သေဆုံးသည်ဟု ဒေသခံတစ်ဦးက ပြောသော်လည်း  Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။ 

Show More

Related Articles

Back to top button