
အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးနေရာများထဲတွင် မန္တလေးမြို့တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့လည်းပါဝင်ပြီး မြို့၏ လေးပုံသုံးပုံခန့် ပျက်စီးကာ လူ ၁၅၀ ထက်မနည်း သေဆုံးခဲ့သည်ဟု မြို့ခံများထံက သိရသည်။
ထိုကဲ့သို့ ထိခိုက်ပျက်စီးမှုများသော်လည်း မြေငလျင်လှုပ်ပြီး ၃ ရက်ကြာသည်အထိ စစ်ကိုင်းမြို့သို့ ကူညီ ကယ်ဆယ်ရေးဖွဲ့များရောက်မလာနိုင်ခြင်းကြောင့် ပြိုပျက်အဆောက်အဦများအတွင်း ပိတ်မိနေသူများကို ကူညီကယ်ဆယ်ရန် အချိန်နောက်ကျခဲ့၍ ထိခိုက်သေဆုံးမှု ပိုမိုများပြားလာသည်။
ဘာသာရေးအဆောက်အအုံများရှိသော စစ်ကိုင်းတောင်ရိုးအပါအဝင် စစ်ကိုင်းမြို့ ၈၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားသည်ဟု အဆိုပါဒေသကို သွားရောက်ကူညီခဲ့သော လူမှုကယ်ဆယ်ရေးအသင်းများထံက သိရသည်။
စစ်ကိုင်းမြို့ကို ကယ်ဆယ်ရေးအဖွဲ့များ အလျင်စလို ရောက်မလာကြသည့်အကြောင်းရင်းများစွာ ရှိသည်။
စစ်ကိုင်းမြို့သည် ခုခံတော်လှန်သူများအားကောင်းရာဒေသဖြစ်ပြီး မန္တလေးမြို့နှင့် မြစ်တစ်ခုသာ ခြားကာ မြို့ပေါ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။
စစ်ကောာင်စီသည် စစ်ကိုင်းမြို့ကို နှိပ်ကွပ်သည့်အနေဖြင့် ယခင်ကတည်းက မြို့ပေါ်ရှိ လူငယ်လူရွယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲခြင်း (စစ်သားသစ် စုဆောင်းခြင်း)၊ လူမှုကူညီရေးအသင်းများကို ချိပ်ပိတ်၍ အသင်းဝင်များနှင့် ပရဟိတလုပ်ကိုင်သူများကို ဖမ်းဆီးခဲ့ခြင်း၊ တော်လှန်ရေးတပ်များထဲ ဝင်ရောက်သွားခြင်းတို့ကြောင့် မြို့ပေါ်တွင် လူငယ်လူရွယ်နည်းပါးနေသည်။
စစ်ကိုင်းကို လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားတို့က ကူညီကယ်ဆယ်ရေးလုပ်ငန်း အတွေ့အကြုံ မရှိကြဘဲ ဟန်ပြသာလုပ်ကြသည်ဟု ဆိုသည်။ စစ်ခေါင်းဆောင်ကလည်း ယနေ့အချိန်အထိ စစ်ကိုင်းမြို့ကို လုံးဝခြေမချပေ။
ဧပြီ ၂ ရက်နေ့တွင် Myanmar Now က စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးကို ဆက်သွယ်ပြီး ငလျင်ကြောင့် စစ်ကိုင်းမြို့ပျက်စီးမှုနှင့်ကူညီကယ်ဆယ်ရေးအခြေအနေအကြောင်း မေးမြန်းထားသည်။
မေး။ ။ ငလျင်ကြောင့် စစ်ကိုင်းမြို့ထိခိုက်ပျက်စီးမှုအခြေအနေသိရမလား။
ဖြေ ။ ။ မြို့ပေါ်မှာ ရှိတဲ့ဟာ အကုန်လုံးကို ပျက်စီးသွားတာပဲ။ လူနေအဆောက်အဦတွေ တော်တော် ပျက်စီးသွားတယ်။ ကောင်းတယ်ဆိုတဲ့အလုံး၊ ကောင်းကောင်းမွန်မွန်ကျန်ခဲ့တယ်ဆိုတဲ့ အလုံးက တော်တော်ကိုရှားတယ်။ နောက်ဆုံးပိတ် မပြိုမပျက်ဘူး၊ ကျန်နေခဲ့တယ်ဆိုရင်တောင်မှ နာသွားပြီဗျာ။ အတွင်းကြေပုံစံမျိုးဖြစ်သွားတယ်။ ဘုန်းဘုန်းလဲကျ၊ ပြိုပျက်သွားတာမျိုးမဟုတ်ဘဲနဲ့ ကျန်နေသေးတယ် ဆိုရင်တောင်မှ အဆောက်အဦအနေအထားက နာသွားပြီဗျာ။ အကုန်ပျက်…ဖျက်ပြီး အသစ်ဆောက်ရမဲ့ ပုံစံမျိုးပဲ ကျန်နေခဲ့တယ်။ တော်တော်များများက ပျက်စီးတယ်။
လူသေဆုံးမှုကတော့ ၁၅၀ ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းတယ်။ အဲ့ဒီ ၂၈ ရက်နေ့မှာက စစ်ကိုင်းမှာ ဗလီထဲမှာ (အစ္စလမ်ဘာသာဝင်တွေ) ဘာသာရေးအရ ဝတ်ပြုကြတာရှိတယ်။ အဲ့ဒီဗလီထဲမှာကိုက ရာဂဏန်းလောက်ရှိတယ်။ ရာဂဏန်းလောက်က အကုန်လုံးပိတ်မိပြီး သေဆုံးသွားတယ်ဗျာ။ အဲ့ဒါကြောင့် မို့လည်း ဒါ အနည်းဆုံး ၁၀၀ ရှိသွားပြီ။ ကျန်တဲ့ ၅၀ လောက်က ဟိုနားမှာ ၅ ယောက်၊ ဟိုနားမှာ ၆ ယောက် ၊ ဟိုနားမှာ ၃ ယောက်ဆိုတော့ မြို့အတိုင်းတာနဲ့ ခန့်မှန်းကြည့်မယ်ဆိုရင် ၅၀ ဝန်းကျင်လောက်က ရှိနိုင်တယ်။ တချို့နေရာတွေဆိုရင် သေဆုံးတဲ့ရုပ်အလောင်း အခုထက်ထိ (ဧပြီ ၂ ညပိုင်းထိ) ဖော်လို့မရသေးတဲ့နေရာတွေလည်းရှိသေးတယ်။

မေး ။ ။ ငလျင်ဖြစ်ပြီးတော့ ကူညီကယ်ဆယ်ရေးအခြေအနေဘယ်လိုရှိလဲ။
ဖြေ ။ ။ ကယ်ဆယ်ရေးအနေအထားက ဖြစ်ပြီးတော့ နောက်တစ်ရက်မှာက ရောက်မလာဘူးပေါ့။ နိုင်ငံရေးအခြေအနေကြောင့် မြို့တစ်မြို့နဲ့တစ်မြို့လည်း ကူးရပြုရတာလည်း အခက်အခဲရှိလို့ထင်တာပဲ။ နောက်တစ်ချက်က Volunteer (ပရဟိတကူညီရေးသမား) အင်အားတွေ အရမ်းနည်းတယ်။ ခုခေတ် အနေအထားက တော်ရုံတန်ရုံ Volunteer သမားတွေဆိုရင် အကုန်လုံးထွက်ပြေးရတဲ့အပိုင်းတွေရှိတယ်။ ဖမ်းဆီးခံရတာတွေရှိတယ်။ နိုင်ငံရေးအရ သူတို့အကြောင်းအရာနဲ့ သူတို့ရှိတယ်ဗျာ။ Volunteer အင်အား တွေလည်း အရမ်းနည်းသွားတယ်။ မရှိသလောက်ပဲဗျာ။
အကုန်လုံးထွက်ပြေးရတာနဲ့ နိုင်ငံရေးခံယူချက်ကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့် မရှိသလောက်ပဲ။ အကုန်လုံးပြန့်ကျဲကုန်တာပေါ့နော်။ သန်သန်မာမာလူငယ်တွေ ကျန်ခဲ့မယ်ဆိုရင်တောင်မှ သန်သန်မာမာလူငယ်တွေကို ဖမ်းဆီးတယ်၊ ပေါ်တာဆွဲတယ်ဆိုတော့ သူတို့က အကုန်ထွက်သွားပြန်ရော။
ရှောင်ကြတိမ်းကြဆိုတော့ မြို့ပေါ်မှာဆိုရင် သက်ကြီး ယောကျ်ားသားတွေရယ်၊ ကလေးသာသာ ယောကျ်ားသားတွေလောက်ပဲ အများဆုံးရှိနေမှာပဲလေ။ ‘ကူ’ဟဲ့၊ ‘မ’ဟဲ့၊ ‘ပြု’ဟဲ့ဆိုတဲ့ လူငယ်တွေလည်း မရှိနိုင်တော့ဘူး။ ဒီလိုမျိုးတွေဖြစ်သွားပြီဆိုတော့ ကယ်ဆယ်ရေးအပိုင်းမှာ လုံးဝကို အားနည်းသွားပြီ။ အဲ့ဒီတော့ ဒီအပုံအပျက်ကြီးတွေဆိုရင်လည်း စဖြစ်တဲ့နေ့ကဆိုရင် ကျွန်တော်ထင်တယ် ၂ ရက်ကျော် ကျော်၊ ၃ ရက်လောက်ထိကတော့ ဒီအတိုင်းပဲ ထိုင်ကြည့်နေတဲ့ပုံစံမျိုးပဲ။
မြို့ထဲမှာရှိနေတဲ့၊ အနီးနားမှာရှိနေတဲ့ သန်သန်မာမာ ယောကျ်ားသားဆိုရင်လည်း ပေါ်ပေါ်တင်တင် ထွက် မကြည့်ရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာက လူကိုဆွဲနေတော့ သူတို့လည်း အဆွဲခံရမှာ၊ အဖမ်းခံ ရမှာ ပေါ်တာဆွဲခံရမှာ ကြောက်ပြီးတော့ တော်ရုံတန်ရုံလူလည်းထွက်မလာဘူး။ ထွက်မလာဘူးဆိုတော့ ဒီအပျက်အစီးကြီးတွေ ဘယ်သူကရှင်းမလဲ…. Volunteer သမားတွေလည်းမရှိဘူး။ အသင်းတွေဘာတွေ ဆိုရင်လည်း စစ်ကိုင်းမှာ ပျက်စီးသွားပြီ။ အသင်းကို လုံးဝမရှိတော့ဘူးဗျာ။ လူလည်းမရှိ၊ အသင်းလည်း ချိပ်ပိတ်ခံရ အဲ့ဒီလိုပုံစံမျိုးတွေရှိတယ်ဗျ။




အဲ့ဒီတော့ ဘယ်လိုလာလဲဆိုတော့ ရဲယူနီဖောင်းဝတ် လူအယောက် ၃၀၊ ၅၀ လောက်ရှိကောင်း ရှိနိုင်တယ် ။ အဲ့ဒါ သူတို့ ဒီတစ်နေရာမှာ လုပ်တယ်ဆိုရင် ဖော်ကြမယ်။ ပြုကြမယ်ပုံစံတွေ ၂ ရက် ၃ ရက် လောက်နေတော့ ရောက်လာတယ်။ ဒါပေမဲ့ ဒါတွေက သူတို့ ကျွမ်းကျင်တဲ့အလုပ်တွေ မဟုတ်ဘူးလေဗျာ။ သူတို့ လူအင်အား ၅၀ ပဲဖြစ်နေနေ၊ ၁၀၀ ပဲဖြစ်နေနေ ဘယ်ကနေဘယ်လို စလုပ်ရမှန်း၊ ဒီအဆောက်အဦပျက်ကို ဘယ်ကနေ စကိုင်တွယ်ရမှန်း သူတို့ မသိဘူးလေဗျာ။
သူတို့ တကယ်ကယ်ဆယ်ရေးလုပ်တယ်ဆိုတာထက် ဟန်ပြလို့ပဲ ကျွန်တော်မြင်တယ်။ Volunteer သမား တို့၊ မီးသတ်တို့ဆိုရင် ကယ်ဆယ်ရေးလုပ်တော့မယ်ဆိုရင် ဒီအပျက်အစီးကို ဘယ်လိုပုံစံကိုင်တွယ်ရမလဲ။ သူတို့မှာ နည်းဗျူဟာလည်းရှိတယ်။ အတွေ့အကြုံလည်းရှိတယ်။ အခု လူအင်အားသာများနေမယ်၊ ဟန်ရေးပြတာသာရှိကောင်းရှိမယ်။ သူတို့ ကယ်ဆယ်တယ်ပဲပြောပြော ထိရောက်မှုမရှိဘူး။
(ငလျင်လှုပ် ပြီးပြီးချင်းမှာ) ကိုယ့်ဆိုင်ရာဆိုင်ရာ ဆေးရုံပို့ရတဲ့သူတွေက ဆေးရုံမှာ နေနေရတဲ့အပိုင်း ရှိသလို ကျန်တဲ့မိသားစုတွေက ကိုယ့်ပိုင်ဆိုင်တဲ့အိမ်ဝန်းကျင်မှာပဲ သူခိုးသူဝှက်တွေ မလာနိုင်အောင် လူတွေက နေထိုင်သွားလာကြတယ်။ စောင့်တဲ့လူကစောင့်ပေါ့။ ကျန်တဲ့ မထိခိုက်တဲ့သူတွေကတော့ ကိုယ်တတ်နိုင်တာလေးတွေ၊ ကိုယ့်အသိမိတ်ဆွေလေးတွေ ရေသန့်ဗူးဘာညာပို့ပေါ့။ ဆိုင်တွေက ဒီကနေ့ မှ(ဧပြီ ၂) ရက် စတိုးဆိုင်သေးသေးလေးတွေက နည်းနည်းပါးပါးဖွင့်တာလောက်ပဲ။
မေး ။ ။ စစ်ကိုင်းမြို့ပေါ်မှာ ထိခိုက်ပျက်စီးမှုအများဆုံးနေရာတွေက ဘယ်နေရာတွေဖြစ်မလဲ။
ဖြေ ။ ။ စစ်ကိုင်းမြို့ပေါ် ဧရိယာကို လေးထောင့်ကွက်လေးကွက်လို့မြင်လိုက်ရင် မြို့အရှေ့ပိုင်း နှစ်ကွက်က တော်တော်ထိတယ်။ မြို့ရဲ့အနောက်ပိုင်းနှစ်ကွက်ထဲက မြောက်ဘက်အခြမ်းက ထိတယ်။ အနောက်ဘက် ခြမ်း၊ တောင်ဘက်အကွက်လေးပဲ ကျန်တယ်။ ကျွန်တော်ဘေးကင်းတယ်ဆိုတာက မြို့ရဲ့ အနောက်ပိုင်း တောင်ဘက်အကွက်ထဲမှာပဲရှိနေလို့ ကျွန်တော်ဘေးကင်းတာပါ။
စစ်ကိုင်းမြို့ပေါ်မှာ အစ္စလာမ်ဘာသာဝင်တွေ အဓိက ဝတ်ပြုတဲ့ ဗလီနှစ်ခုရှိတယ်ဗျ။ အဲ့ဒီနှစ်ခုမှာပဲ (ငလျင်) ဖြစ်တယ်။ မြို့မဗလီဆိုတာရှိတယ်။ နောက်ထပ်ဗလီတစ်ခုရှိတယ်။ အကုန်လုံးကို ဘုန်းဘုန်းလဲ တာပဲ။ သူတို့က ဖြစ်တဲ့နေ့ကတည်းက လူဦးရေမကုန်မချင်း၊ မရမချင်း ဘက်ဟိုးနဲ့ ဖော်တယ်။ တစ်နာရီ ကို ၂ သိန်းပေးပြီးတော့မှ စက်အင်အားအသုံးပြုပြီးတော့မှ ရအောင်ဖော်တယ်။
ကျန်တဲ့ မြို့သူ၊မြို့သားတွေက သူသူကိုယ်ကိုယ်ပုံစံမျိုးဖြစ်တဲ့အတွက် အဆင်မပြေဘူး။ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတယ်။ ၂ ရက် ၃ ရက်လောက်ဆိုတော ရာသီဥတုပူတော့ အတွင်းထဲက ပုပ်စော်တွေ နံလာမှပဲ။ ဒီအောက်မှာ လူသေရှိတယ်ဆိုတာ သိတယ်။ တချို့က ဒီအောက်မှာ လူပါသွားမှန်းသိတယ်။ ဘာမှမလုပ်နိုင်တော့ဒီအတိုင်းကြီး ထိုင်ကြည့်နေရတာရှိတယ်။
အခု စစ်ကိုင်းမှာဆိုရင် နာမည်အကြီးဆုံးက “မြတ်” ဆိုတဲ့ကိုယ်ပိုင်ကျောင်းရှိတယ်။ အဲ့ဒီကျောင်းမှာ ကျောင်းဆရာမတွေရော ကလေးတွေရော ပါတယ်။ ဒီနေ့အထိကို ဖော်နေတုန်းပဲ။ ၄ ထပ်ရှိတယ်။ ၂ ထပ်လောက်က အောက်ထဲကို နစ်ဝင်သွားတယ်။ ဖြည်းဖြည်းချင်း နစ်ဝင်သွားတယ်။ အပေါ်ထပ် ၂ ထပ် လောက်က သူတို့အထပ်နဲ့ မြေပြင်နဲ့နီးလာတဲ့အချိန်မှ ခုန်ဆင်းပြီးလွတ်သွားတဲ့သူတွေရှိတယ်။ အောက်ထဲ ကျွံဝင်သွားတာတွေလည်းရှိတယ်။ စဖြစ်ကတည်းကနေ ထုတ်ရတဲ့အလောင်းတွေ၊ ထုတ်မရတဲ့ အလောင်းတွေရှိသေးတယ်။ ဗလီနှစ်ခုရယ်၊ မြတ်ကိုယ်ပိုင်ကျောင်းရယ်၊ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ပုံစံ ဖြစ်သွားတယ်။

မေး ။ ။ စစ်ကိုင်းဘက်ကို ငလျင်လှုပ်ပြီးပြီးချင်း ကူညီကယ်ဆယ်ရေးတွေ ဘာကြောင့် မရောက်လာတာ လဲ။
ဖြေ ။ ။ လမ်းပန်းဆက်သွယ်ရေးကြောင့်မို့ရယ်၊ မလိုလားအပ်ဘဲ အစစ်အဆေးတွေကြောင့်မို့လို့ ယူဆတယ်။ မန္တလေးဘက်က လာပြီဆိုရင် မြစ်ကူးရပြီလေ။ စစ်ကိုင်းတံတားအဟောင်းက ကျိုးကျသွားပြီ။ မြစ်ကို ကူးဖို့အတွက် ရတနာပုံတံတားပဲရှိတော့တာလေ။ အဲ့ဒီရတနာပုံတံတားကို သူ့ရဲ့ကြံ့ခိုင်မှုကို စိုးရိမ်လို့များ၊ ဝိတ်တွေ အရမ်းများတဲ့ပုံစံမျိုးကို သူတို့စိုးရိမ်ပြီးတော့များ (စစ်ကောင်စီက) အတားအဆီးလုပ်နေသလား။ ဒါမှမဟုတ် သူတို့ဘက်က မရိုးသားတဲ့အနေအထားမျိုးနဲ့ နိုင်ငံရေးအရပဲ ဖြစ်ဖြစ် ပိတ်ပင်တားဆီးမှု၊ စစ်ဆေးမှု၊ ဖြတ်သန်းခွင့် အလုံးစုံ ခွင့်မပြုသလားတော့ မပြောတတ်ဘူး။
မနေ့ (ဧပြီ ၁) ကမှ (အကူညီပေးရေး) ကားတွေမြင်တွေ့တယ်။ သူတို့နိုင်တဲ့၊ ရှိတဲ့အနေအထားနဲ့ ကားမျိုးစုံနဲ့ လာကြတယ်။ ရွှေဘိုနဲ့ မုံရွာကလာတာတွေ့တယ်။ ဒီနေ့မှာတော့ တော်တော်များတယ်။ ကျောက်ဆည်၊ စဉ့်ကိုင်၊ မန္တလေးနဲ့ ရန်ကုန်ဘက်အခြမ်းက လာတာမျိုးတွေရှိတယ်။ မန္တလေးဘက်ကို ကူညီသလို စစ်ကိုင်းဘက်ကို လာပြီးကူညီဖို့အတွက် သူတို့ကိုယ်တိုင်က ရတနာပုံတံတားကို ကူးလာရမှာကို လန့်နေတာလည်းပါမယ်ဗျ။ တံတားကြံ့ခိုင်မှုကို စိုးရိမ်တဲ့အပိုင်းလည်းကြားတယ်။ နောက်တစ်ချက်က (စစ်ကောင်စီ) စစ်ဆေးတာမျိုးတွေရှိလို့ပေါ့၊ သူတို့ခွင့်ပြုမှ လာရတဲ့ပုံစံမျိုးလည်း ကျွန်တော်တို့ ကြားရတယ်။
မေး။ ။ စစ်ကိုင်းတိုင်းက စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းတဲ့ဒေသဖြစ်တယ်။ ဒါကြောင့် သဘာဝဘေးကြုံတဲ့အချိန်မှာ နိုင်ငံရေးအရ စစ်ကောင်စီဘက်က အညိုးထားတဲ့သဘောမျိုး တွေ့ရလား။
ဖြေ ။ ။ ကျွန်တော့အထင်ကတော့ လက်ရှိစစ်အစိုးရက စစ်ကိုင်းမှာရယ်မဟုတ်ဘူး၊ ဘယ်နေရာပဲ ဖြစ်နေနေ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ထားနေတဲ့အတွက်ကြောင့် ဒီလို သဘာဝဘေးကြောင့် သေကြေပျက်စီးတာကို သူစိတ်မဝင်စားဘူး။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝဘေးကြောင့် သေကြေပျက်စီးတာ မဟုတ်ဘဲနဲ့တောင် သူကိုယ်တိုင် သူ့ရဲ့ပယောဂ အမိန့်အာဏာတည်မြဲဖို့အတွက် ဗုံးကြဲ သတ်ဖြတ်လုပ်ခိုင်းနေတာ။
မြို့တွေဖျက်ဆီး၊ ရွာတွေဖျက်ဆီးနေတာ။ ဒီသဘာဝဘေးကြောင့် ဖြစ်တဲ့အတွက် သူ့အနေနဲ့ အထူးတလည် ညိုးနေစရာကို မလိုဘူး။ ကျည်ဆန်၊ ဗုံးဆံမကုန်ဘဲနဲ့တောင် သူဖျက်ဆီးနိုင်တယ်၊ လူတွေ သတ်နိုင်တယ်လို့ တောင်တွေးချင်တွေးနေမှာ။ ကျွန်တော်တို့မြို့မှရယ်မဟုတ်ဘူး သူကတော့ ဘယ်မြို့ ဖြစ်နေနေ သူ့ဆွေမျိုးမပါဘူးဗျာ။ သူသတ်လို့သေသေ၊ သူ့အမိန့်ကြောင့်သတ်လိုသေသေ၊ သဘာဝဘေး ကြောင့်သေသေ သူစိတ်မဝင်စားဘူး။ သူစိတ်ဝင်စားတာ သူ အာဏာတည်မြဲရေးပဲ။

မေး ။ ။ လက်ရှိ စစ်ကိုင်းမြို့ပေါ်မှာ ဘာတွေအခက်ခဲတွေရှိနေလဲ။
ဖြေ ။ ။ တော်တော်လေးအခက်ခဲဖြစ်တာက သောက်ရေသုံးရေပေါ့။ မီးကတော့ စဖြစ်တဲ့နေ့ကတည်းက အခုချိန်ထိမလာသေးဘူး။ မီးမလာတဲ့အတွက် ရေဆိုတာလည်းအခက်ခဲဖြစ်သွားပြီ။ အဓိကကတော့ သောက်ရေသုံးရေအခက်ခဲဖြစ်တယ်။ နောက်တစ်ခါ စားရေးသောက်ရေးကျတော့ မီးပျက်တဲ့အတွက် ဆိုင်ရာ ဆိုင်ရာလေးတွေက လာပို့တာပေါ့။ (အခက်အခဲက) ရေရယ်၊ စားရေးသောက်ရေးရယ်။ ဆိုင်တွေ ကလည်း တော်တော်များများမဖွင့်ဘူး။ ဈေးဆိုင်လေး အသေးမွှားလေးတွေ တစ်ဆိုင်စ နှစ်ဆိုင်စ ဖွင့်တယ်။ ဈေးရောင်းဈေးဝယ်လည်း ဘာမှမရှိတဲ့အတွက် ကိုယ့်ဘာသာ ချက်ပြုတ်စားမယ်ဆိုရင်တော့မှ စားရေး သောက်ရေးခက်တယ်။ နောက်တစ်ခါဆေးဝါးပေါ့၊ ထိခိုက်ဒဏ်ရာတဲ့ လူဖြစ်မယ်ဆိုရင် ဆေးရုံတစ်ခုပဲ ရှိတယ်။ လူနာကလည်းများနေပြီ။ ဆေးဆိုင်မဖွင့်ဘူး။ ဆေးခန်းလည်းမဖွင့်ဘူး။
ထိခိုက်ဒဏ်ရာရရင် စစ်ကိုင်း ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးပဲသွားကြတယ်။ ဆေးရုံကလည်း လူနာတွေ ဘယ်လိုထားကြလဲမသိဘူးပေါ့နော်။ ပြည့်နေတဲ့အတွက် ဆေးရုံရဲ့ပြင်ပပေါ့နော်၊ အဆောင်ရဲ့ပြင်ပ မျက်နှာစာတွေ အရပ်မိုး၊ သစ်ပင်အောက်တွေမှာ ကိုယ်ဘာသာ အဆင်ပြေသလို ဆေးဝါးကုသနေရတာပေါ့။
မေး ။ ။ ဘာဖြည့်စွက်ပြောချင်လဲ
ဖြေ ။ ။ ပြန်လည်ထူထောင်ဖို့ဆိုတာက တော်တော်ကြာမှာ။ ဟိုအရင် ခေတ်ကောင်းတဲ့အစိုးရ အနေအထားမျိုးကဆိုရင်ကို ဒါတော်တော်ပြင်ယူရမှာ။ လက်ရှိ စစ်ကောင်စီလက်ထက်ဆိုရင် တော်တော်လေးကို ပြင်ယူရမှာပါ။ ဒီနေ့မှ စပြီးတော့မှ လမ်းပိတ်တာတွေကို စက်ယန္တရားနဲ့ ဘက်ဟိုးလေးတစ်စီး နှစ်စီး လောက်နဲ့ ဟိုးနားနည်းနည်းသွားလုပ်၊ ဒီနားနည်းနည်းသွားလုပ် လမ်းသန့်ရှင်းရေး ဆိုတဲ့အဆင့်လောက်ပဲ။ တချို့ဆိုရင် လမ်းတွေကို အဆောက်အဦတွေ ပိတ်နေတာ အခုထိမရှင်းနိုင်သေးတာတွေ ရှိတယ်။ ရှင်းလင်းရေးဆိုတာအဝေးကြီးလိုသေးတယ်။
ဒီငလျင်က လူလုပ်တာတော့မဟုတ်ဘူး၊ သဘာဝဘေးဖြစ်သွားတာကို။ ဒေါ်အောင်ဆန်းစုကြည်တို့လို အစိုးရလက်ထက်မှာဆိုရင် ဒီလောက်ကြီး ရုပ်ပျက်ဆင်းပျက်မဖြစ်ဘူး။ ဒီလောက်ကြီး အချိန်တွေ မနှောင့်နှေးဘူးဗျာ။ ဖြစ်သွားတာ နေ့လယ် ၁၂း၄၀ မှာ လှုပ်တာ။ နေ့ခင်းအချိန်လောက်က ဖြစ်သွားပြီဆိုရင် လုပ်နိုင်တဲ့ကယ်ဆယ်ရေးတွေ ဝင်လာလို့ရပြီဗျာ။ မြန်မြန်ဆန်မဟုတ်ရင်တော့ လူအကုန်လုံးမဖော်နိုင်ရင်တောင်မှ ၁၀ လောင်းရှိရင် ၃ လောင်း၊ ၄ လောင်းလောက်က နေ့ချင်းပြီး ဖော်နိုင်တဲ့အဆင့်ရှိတယ်ဗျာ။ ပရဟိတတွေဆိုတာလည်း သူ့ဟာနဲ့သူရှိပြီးသားဗျာ။ အတွေ့အကြုံရှိတယ်။ ဒီလောက်ကြီး အချိန်ကြာစရာမလိုဘူး။
အခုဟာက ဒီအောက်မှာ လူတွေ ပါသွားတာသိလည်း ထိုင်ကြည့်နေရတာဗျာ။ အရင်အစိုးရလက်ထက်လိုဟာမျိုးဆိုရင် ဒီမှာရှိတယ်ဆိုရင် လူတွေခွဲမယ်၊ ဒီမြို့ထဲက ပရဟိတတွေနဲ့ မလုံလောက်ဘူးရင် အနီးနားမြို့တွေက လာကူနိုင်တယ်၊ မြန်ဆန်နိုင်တယ်။ အခုလက်ရှိမှာက နိုင်ငံရေးအခြေအနေက မြို့ပေါ်က ပရဟိတမရှိတဲ့အပြင်ကို အနီးနားက ပရဟိတလည်း လာမကူနိုင်ဘူး။
