
ရက်သတ္တပတ် ၃ ပတ် အပစ်ရပ်မည်ဟု ကြေညာထားသည့် စစ်ကောင်စီတပ်က ယနေ့ (ဧပြီ ၃ ရက်) နံနက် တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် မြေပြင်ထိုးစစ်များလုပ်နေသလို ဗန်းမော်၊ အင်းတော်ကြီးနှင့် စစ်ကိုင်းတိုင်း အင်းတော်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတို့ကို ဗုံးကြဲတိုက်ခိုက်နေသည်ဟု စစ်ရေး အရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။
ယမန်နေ့တစ်ညလုံးနီးပါး စစ်ရေးပြင်းထန်နေသည့် ဗန်းမော်မြို့ကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သလို ယနေ့နံနက်တွင်လည်း ဆက်လက်ဗုံးကြဲနေသည်၊ နံနက် ၆ နာရီခန့်တွင် မိုးညှင်းခရိုင်၊ အင်းတော်ကြီး ဒေသ၊ စစ်ကိုင်းတိုင်း အင်းတော်မြို့ကိုလည်း ဗုံးကြဲနေသည်ဟု KIA ဘက်က ဆိုသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့နံနက် လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေသလို မြေပြင်မှလည်းစစ်ကြောင်းထိုးနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“သူတို့က အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက် ထုတ်ထားရင်လည်းပဲ သူတို့ရဲ့ စစ်ကြောင်းထိုး တာတွေ၊ တိုက်ခိုက်မှုတွေကတော့ ရပ်တန့်မသွားတာ၊ ဆက်တိုက်တာကို တွေ့ရပါတယ်။ မြေပြင်မှာ ကတော့ ဝိုင်းမော် (မြို့နယ်) လမြန် (ရွာ)ဘက်မှာ မြေပြင်က တိုက်ခိုက်တာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဝိုင်းမော်မြို့အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာ လမြန်ရွာအနီး စစ်ကြောင်းထိုးလာသည့်အတွက် KIA နှင့် တိုက်ပွဲပြင်းထန်နေသည်၊ ဝိုင်းမော်အခြေစိုက် အမှတ် (၅၈) ခြေလျင်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု ဒေသခံများက ဆိုသည်။
နံနက် ၇ နာရီခန့်မှ စတင်ကာ အပြန်အလှန်ပစ်ခတ်မှုများပြင်းထန်လာပြီး တိုက်ပွဲဖြစ်ပွားသည့် လမြန်ရွာ နှင့် ၅ မိုင်ခန့်ဝေးသည့် ဝါရှောင်ကျေးရွာမှ နေအိမ်များပါ တုန်ခါသွားသည်ဟု ဝါရှောင်ရွာသားတစ်ဦးက ယနေ့ နံနက် ၁၀ နာရီခန့် တွင် ပြောသည်။
“အဲဒီ လမြန်တဝိုက်ကို မနက် ၇ နာရီ ၈ နာရီလောက်ကနေ နားတာတောင် အခုခဏလေးပဲ မိနစ် ၂၀ လောက်ပဲ ရှိသေးတယ်။ သူတို့နှစ်ဖက် နီးနီးလေးပဲ စစ်ဆိုင်ထားတဲ့ နေရာမှာ ပစ်ကြတာ၊ အဲဒီ အပစ်ရပ် ကြေညာပြီးမှ ပိုအသံကျယ်တယ်၊ ပိုအသံစိပ်တယ်”
နှစ်ဖက်ပစ်ခတ်မှုများ လတ်တလော ခေတ္တငြိမ်သက်နေသည်၊ လေကြောင်းမှ ဗုံးကြဲမှုလည်း မရှိသေးဟု သိရသည်။
ဧပြီ ၂ ရက်နေ့ညက ထုတ်ပြန်သည့် စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက်တွင် ‘ယာယီပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးကာလ’ ဟု ပြောထားပြီး ထိုကာလတွင် အပစ်ရပ်ထားမည်ဖြစ်သော်လည်း စစ်တပ်ဘက် က လက်မခံသည့် ချွင်းချက်များကို ချိုးဖောက်သော လက်နက်ကိုင်များကိုမူ တန်ပြန်တိုက်ခိုက်မည်ဟု ဆိုထားသည်။
စစ်ခေါင်းဆောင်၏ စစ်ရုံးကထုတ်ပြန်သည့် ထိုကြေညာချက်တွင် လက်နက်ကိုင်များအနေဖြင့် အင်အား စုဆောင်းခြင်းနှင့်စုဖွဲ့ပြင်ဆင်ခြင်းတို့လုပ်နေပါက ဆက်လက်တိုက်ခိုက်မည်ဟုလည်း ဆိုထားသည်။
ထို့ပြင် ဆက်သွယ်ရေးလမ်းကြောင်းများ၊ အရပ်သားများနှင့် တပ်စခန်း၊ တပ်ဌာနချုပ်များကို တိုက်ခိုက် ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းတို့ပြုလုပ်ပါက တန်ပြန်တိုက်ခိုက်မည်ဟုလည်း ဆိုသည်။
စစ်ကောင်စီ၏ကြေညာချက်နှင့် မရှေးမနှောင်းမှာပင် KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကလည်း အပစ်ရပ်ကြေညာလိုက်သည်။
အပစ်ရပ်ကြောင်း ဘက်အသီးသီးက ကြေညာထားသော်လည်း စစ်ကောင်စီက အရင် ချိုးဖောက်ခဲ့သည် ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အမြတ် မထုတ်ရဘူးဆိုတာ နှစ်ဘက်လိုက်နာရမယ့် စည်းကမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်က အဲဒီလို နားလည်ပါတယ်။ ဒါပေမယ့် အခု သူတို့က တိုက်ပွဲဆက်ပြီး ဖော်ဆောင်တယ်ဆိုတော့ သူတို့က စည်းဖောက်တာ။ ကျွန်တော်တို့ကို အမြတ်မထုတ်ရဘူး ပြောပြီးတော့ သူတို့က အမြတ် ထုတ်တာ။ ဒါမျိုးကိုတော့ ကျွန်တော်တို့က လုံးဝ လက်ခံလို့မရဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“သူတို့ ထိုးတယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ တိုက်ရမှာပဲ၊ ခုခံတိုက်ပွဲတွေကတော့ ဆက်ရှိမှာပေါ့၊ သူတို့ဝင်တိုက်ရင်တော့ မဖြစ်ဘဲနဲ့ ထားလို့ဘယ်ရမလဲ”

ရခိုင်မှာလည်း အပစ်မရပ်
ပြည်နယ်မြို့တော် စစ်တွေတွင်လည်း ယမန်နေ့ညကတည်းမှ ယနေ့နံနက်အထိ စစ်ကောင်စီအခြေစိုက် တပ်များက ဒရုန်း၊ လက်နက်ကြီးများ သုံးပြီး တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် (AA) နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
“အခုပစ်နေတာပါ…. အခုပစ်နေတာ။ မနေ့ညကလည်းပစ်ပါတယ်။ အခု မင်းလှဘက်ကိုနေပြီး ဒရုန်းနဲ့ ဗုံးကြဲပါတယ်။ မနက် ၉ နာရီလောက်ပင် ပစ်နေတာပါ။ ဒရုန်းနဲ့ပစ်တယ်။ လက်နက်ကြီးနဲ့ပစ်တယ်” ဟု စစ်တွေမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီခန့်က ပြောသည်။
စစ်တွေတွင် စစ်ကောင်စီတပ်က အနီးဝန်းကျင်ရှိ AA သိမ်းထားသော မြို့နယ်များရှိ ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများ ရှိနေသည်။
လေတပ်၊ ရေတပ်တို့၏ ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် မတ် ၃၁ ရက်နေ့က မြောက်ဦးနှင့် ကျောက်ဖြူ မြို့နယ်တို့တွင် ဒေသခံ ၃ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယင်းနေ့ နံနက် ၉ နာရီခန့်က ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေရွာကို စစ်ရေယာဥ်က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် သက်တော် ၃၂ နှစ်အရွယ် ရဟန်းတစ်ပါးပျံလွန်တော်မူကာ အသက် ၃၀ အရွယ် ဦးဘဂျမ်းဆိုသူ သေဆုံးသွားသည်။
အလားတူ သက်တော် ၇၄ နှစ်အရွယ် ဘုန်းတော်ကြီးတစ်ပါး၊ သက်တော် ၁၂ အရွယ် ကိုရင်ငယ်တစ်ပါး နှင့် အရပ်သား ၅ ဦးလည်းထိခိုက်ဒဏ်ရာရသွားကာ ကုသမှုခံယူနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပစ်လိုက်တဲ့လက်နက်ကြီးက သုံးလုံးကျတယ်။ ဘုန်းကြီးကျောင်းတို့၊ လမ်းမတို့ကို ကျတာပါ”
မတ် ၃၁ ရက်နေ့ ည ၈ နာရီခန့်တွင် စစ်ကောင်စီသည် မြောက်ဦးမြို့ကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် အလယ်စျေးရပ်ကွက်မှ အသက် ၆၆ နှစ်အရွယ် ဦးအောင်ကျော်ဇံ ဦးခေါင်းကို ဗုံးစထိမှန် သေဆုံးသွား ကြောင်း အသက် ၂၅ နှစ်အရွယ် မြောက်ဦး ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“လေယာဥ်သံကြားတာနဲ့ဝပ်လိုက်ရတယ်။ အကုန်လုံး စိုးရိမ်ပြီး ပြေးလူပြေးနဲ့ပေါ့။ ထပ်ပစ်လာမှာကို ကြောက်ပြီးတော့ မအိပ်ရဲဘူးဖြစ်သွားတယ်”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် မတ် ၃၀ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သဖြင့် နေအိမ်တချို့ပျက်စီးသွားခဲ့သည်။
မတ် ၂၈ ရက်နေ့က မန္တလေးမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူပေါင်း ထောင်နှင့်ချီသေဆုံး၊ ဒဏ်ရာရ၍ ပြည်သူများဝမ်းနည်းပူဆွေးမှုဖြစ်ပေါ်နေသည့်ကာလတွင် စစ်ကောင်စီ က ၎င်းစစ်ရှုံးနေသော ရခိုင်ဒေသတွင် မြေပြင်စစ်ကြောင်းမထိုးနိုင်ဘဲ အဝေးမှပစ်ခတ်နေခြင်းဖြစ်သည်။
AA က ရခိုင်တွင် ၁၄ မြို့နယ်သိမ်းထားပြီး စစ်ကောင်စီထိန်းချုပ်ထားနိုင်သည်မှာ ၃ မြို့နယ်သာ ကျန်တော့သည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့နယ် ၃ မြို့နယ်အနက် စစ်တွေ၊ ကျောက်ဖြူတို့တွင် တိုက်ပွဲများဖြစ်နေပြီး မာန်အောင်တွင် တိုက်ပွဲရှိမလာသေးပေ။
ဆားလင်းကြီး စစ်ကြောင်းလှုပ်ရှားမှု
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းယာဉ်တန်းကို စစ်ကောင်စီ တပ်ဖွဲ့ ၂ ဖွဲ့က အင်အားအများအပြားဖြင့် လုံခြုံရေးပေးရန် ထွက်လာကြရာ စစ်တပ်ရန်ကြောက်ရွံ့သဖြင့် အနီးဝန်းကျင်မှ ကျေးရွာ ၃ ရွာမှ ဒေသခံတို့ ညတွင်းချင်း ထွက်ပြေးနေရကြောင်း သိရသည်။
ယမန်နေ့ ည ၈ နာရီဝန်းကျင်တွင် စစ်သားများ၊ ရဲများ ပါဝင်သည့်အဖွဲ့က ကြေးနီစီမံကိန်းထဲမှ ထွက်လာသည်၊ အခြားတစ်ဖွဲ့မှာ မုံရွာမြို့အခြေစိုက်စစ်ဌာနချုပ် (နမခ) နှင့် ရဲတပ်ရင်း အမှတ် (၂၈ ) မှ ဖြစ်သည်။
ညတွင်းချင်း ထွက်ပြေးရသူတို့မှာ ကြေးနီစီမံကိန်းအနီး ဒုန်းတော၊ ဂုဏ်တော နှင့် ရွာသာရွာတို့မှ ဒေသခံများဖြစ်သည်။
“ ၈ နာရီခွဲမှာ ယန်စီလုံခြုံရေး၊ ဝမ်ပေါင်လုံခြုံရေးတွေ ပုသိမ်-မုံရွာလမ်းတလျှောက်မှာ တံတားထိပ်အထိ ကင်းတွေ နေရာချထားတာ။ ယမားတံတား မြောက်ထိပ်ကနေ အုံတုံပင်ထိ ကင်းချထားတာ။ ည ၁၀ နာရီခွဲလောက်မှာ ရှေ့က ပွိုင့်တစ်စီးနဲ့ ကား ၁၀ စီးထွက်သွားတယ်” ဟု စီမံကိန်းအနီး ကျေးရွာတစ်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သို့သော် ည ၁၀ နာရီဝန်းကျင်တွင် စစ်တပ်လုံခြုံရေးများနှင့် ကြေးနီစီမံကိန်းယာဉ်တန်းမှာ ယမားချောင်း တံတားကို ဖြတ်သန်းစဉ် မိုင်းခွဲခံရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ ည ၁ နာရီလောက်ထိအောင် (ကျည်)ဘောက်လိုက် ဆွဲနေတုန်း။ တောက်လျှောက်ကြီးတော့ မဟုတ်ဘူး။ ပြတ်တောင်း ပြတ်တောင်းပေါ့”ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆားလင်းကြီးမြို့နယ် လူသားစာနာမှုကူညီပေးရေးတာဝန်ရှိသူက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ကားတစ်စီးပျက်စီးသွားပြီး ယနေ့ နံနက်အထိ လမ်းဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ နေရာယူထားဆဲဖြစ်ကြောင်း သိရသည်။
ယာဉ်တန်းဖြတ်စဉ် မိုင်းပေါက်ကွဲမှုအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးပေ။
စစ်တပ်ဝင်ငွေရလမ်းဖြစ်နေသည့် ကြေးနီစီမံကိန်းကို ပြီးခဲ့သည့်နှစ်ပိုင်းကစပြီး စီမံကိန်း အပြည့်အဝ ပြန်လည်ပတ်ရန် တရုတ်ကုမ္ပဏီဘက်က ကြိုးပမ်းနေသည်။
ထိုစီမံကိန်းမှ ထွက်လာသည့် ကြေးနီသယ်ယာဉ်တန်းများကို ဒေသတော်လှန်ရေးအဖွဲ့များက တိုက်ခိုက် တတ်သဖြင့် စစ်တပ်နှင့်ရဲက လမ်းတလျှောက် လုံခြုံရေးယူကာ ကျေးရွာများကို စစ်ကြောင်းထိုးလေ့ ရှိသည်။
ထို့ကြောင့် ကြေးနီစီမံကိန်းမှ စစ်ကြောင်းလာပါက ဒေသခံများက စစ်တပ်ရန်ကို ထိတ်လန့်နေကြခြင်း ဖြစ်သည်။
မတ် ၂၈ ရက်နေ့က စစ်ကိုင်းမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိသော ငလျင်နှင့်နောက်ဆက်တွဲငလျင်များကြောင့် ယနေ့ နံနက်အထိ စာရင်းများအရ သေဆုံးသူ ၃၀၀၀ ကျော်၊ ဒဏ်ရာရသူ ၄၇၀၀ ကျော်၊ ပျောက်ဆုံးသူ ၃၄၀ ကျော် ရှိလာသည်။
ငလျင်ဘေးသင့်ပြီး နောက်ဆက်တွဲလူသားချင်းစာနာမှုဆိုင်ရာအကူညီများပေးရန်အတွက် ထိုးစစ်ဆင်မှု များ ယာယီရပ်တန့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG/PDF) က ဧပြီလ ၁၃ ရက်နေ့အထိ၊ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဧပြီတစ်လလုံးဟု ယခင်ရက်များက ကြေညာခဲ့ပြီးနောက် စစ်တပ်ကလည်း ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ယာယီအပစ်ရပ်မည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ကြည်းရေလေတပ်များသည် ငလျင်လှုပ်သည့် မတ် ၂၈ ရက်နေ့မှစ၍ ယာယီအပစ်ရပ် ကြေညာသည့် ဧပြီ ၂ ရက်နေ့အထိ ပစ်ခတ်မှုအများအပြားရှိထားရာ အဆိုပါတိုက်ခိုက်မှုများကြောင့် ရှမ်းမြောက်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် Myanmar Now ၏ တွေ့ရှိချက်များအရ အရပ်သားသေဆုံးမှု ၃ ဒါဇင်ထက်မနည်း ရှိနေသည်။
အပစ်ရပ်ကြေညာထားသည့် NUG ဘက်ကလည်း ချိုးဖောက်မှုများရှိနေကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ယနေ့ ဖော်ပြနေကြသည်။
