
အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ထွက်ခွာလာသည့် ကြက်ခြေနီအဖွဲ့ယာဉ်တန်းကို ပစ်ခတ်မိကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ( ဧပြီ ၂ ) နေ့လယ်က ဝန်ခံပြောကြားလိုက်သည်။
ယမန်နေ့ (ဧပြီ ၁) ည ၉ နာရီခွဲခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နှင့် ၉ မိုင်ခန့်အကွာ မန္တလေး- ပြင်ဦးလွင်-လားရှိုးလမ်းပေါ်ရှိ အုမ္မတီးရွာအနီးတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ။
“ဒီယာဉ်တန်းကို တွေ့တဲ့အခါမှာ တားဆီးပါတယ်။ တားဆီးလို့မရပါဘူး။ မီတာ ၁၀၀ လောက် ၂၀၀ အကွာကနေပြီး မီးထိုးပြီး တားဆီးတယ်။ တားဆီးလို့ မရဘူး။ မီတာ ၁၀၀ လောက်အကွာမှာတော့ ကျွန်တော်တို့ မိုးပေါ်ထောင်ပြီး သေနတ် သုံးချက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ နောင်ချိုဘက်ကို ပြန်ပြီးထွက်သွားတယ်လို့ အကြမ်းဖျင်း သိရပါတယ်“ ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မြေငလျင်ဒဏ် ကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် နိုင်ငံတကာအကူအညီများကို လက်ခံဆောင်ရွက်ပေးနေသော်လည်း သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံးများမှတဆင့် ချိတ်ဆက်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါတရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့မှာ ကြိုတင်အကြောင်းကြားထားခြင်း မရှိကြောင်း၊ ထိုဒေသသည် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် တိုက်ပွဲများဖြစ်ပွားနေသည့်ဒေသဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
နောင်ချိုမြို့နယ်ကို သိမ်းပိုက်ထားပြီး ထိုဒေသ၌ လှုပ်ရှားသည့် TNLA က ၉ စီးပါယာဉ်တန်း စက်လတ်သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ယမန်နေ့က ညတွင်းချင်း သတင်းထုတ်ပြန်သည်။

မန္တလေးမြို့သို့ သွားမည့်အကြောင်းကိုလည်း စစ်ကောင်စီထံ ကြိုတင်သတင်းပေးပို့ ခဲ့ပြီးဖြစ်ကြောင်း၊ ပစ်ခတ်ခံခဲ့ရသောကြောင့် ထိုကားတန်းမှာ နောင်ချိုမြို့သို့ ပြန်ဆုတ်ခွာလာခဲ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိတွင် အဆိုပါတရုတ်ကြက်ခြေနီယာဉ်တန်းကို ကာကွယ်စောင့်ရှောက်ပေးထားကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“လောလောဆယ် တရုတ်သံရုံးကနေတဆင့်ပေါ့လေ စစ်ကောင်စီရဲ့သံရုံးကိုပြန်ပြီး သတိပေးတာတွေ ရှိတယ်။ အခုက အဲဒီကားက ကျွန်တော်တို့လက်ထဲမှာရှိတယ်၊ ကျွန်တော်တို့ လုံခြုံတဲ့နေရာမှာထား တယ် ” ဟု TNLA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
TNLA က ထုတ်ပြန်ထားသော ဓာတ်ပုံတွင် တရုတ်ကြက်ခြေနီယာဉ်တန်းရှေ့ရှိ ကြက်ခြေနီ အမှတ်အသားနှင့် အနီရောင်ဆိုင်းဘုတ်တွင် ငလျင်ဒဏ်သင့်ထောက်ပံ့ရေးပစ္စည်းများ ဟူသော စာသားကို တရုတ်- မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားသည်။
TNLA က ၂၀၂၄ ဇူလိုင်လတွင် နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ တောင်းခမ်းရွာနှင့် အခြားကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ TNLA ဘကပ်တွင် ဓနုတပ် DPLA ပူးပေါင်းပါဝင်နေသည်။
မန္တလေး-လားရှိုးကားလမ်းမပေါ်ရှိ နောင်ချိုမြို့နယ်ကျေးရွာများဖြစ်သည့် ဘန့်ဘွေး၊ ရေဝင်၊ အုမ္မတီး၊ အုမ္မခါးတို့အနီး စစ်ရေးပြင်းထန်နေပြီး လေတပ်က အုမ္မတီးရွာကို ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ဗုံးကြဲထားသလို မတ်လ ပထမပတ်အထိ တိုက်ပွဲများ ဖြစ်ပွားထားသည်။
မတ် ၂၉ ရက်နေ့က ၁၆ ဦး ပါဝင်သည့် ယူနန် ငလျင်ကယ်ဆယ်ရေးအဖွဲ့သည်လည်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့မှတဆင့် မော်တော်ယာဉ် ၆ စီးဖြင့် အထက်ပါ လားရှိုး-မန္တလေး လမ်းအတိုင်း ဖြတ်သန်းသွားခဲ့သည်၊ ထိုစဉ်က ပစ်ခတ်မှု မဖြစ်ခဲ့ပေ။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကို ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ချက် မရသေးပေ။
ငလျင်ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် ယွမ်သန်း ၁၀၀ တန်ဖိုးရှိသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို ပေးအပ်သွားမည်ဟု ရန်ကုန် တရုတ်သံရုံးက မတ် ၂၉ ရက်နေ့ က ထုတ်ပြန်ထားသည်။
အရေးပေါ်ဆေးဘက်ဆိုင်ရာ အထုပ်များ၊ အစားအစာနှင့် သောက်သုံးရေးစင်များ ပေးပို့ သွားမည်၊ ကယ်ဆယ်ရေး ၂ ဖွဲ့ စေလွှတ်သွားမည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်နှင့် နောက် ဆက်တွဲ ငလျင်များကြောင့် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တွင်လည်း လျှပ်စစ်ဓာတ် အားပေးစနစ်၊ လမ်းတံတားနှင့် ဌာနဆိုင်ရာရုံးများ ထိခိုက်ပျက်စီးခဲ့သည်။
အင်အားပြင်းထန်သည့် မြေငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၈၈၆ ဦး၊ ဒဏ်ရာရသူ ၄၆၃၉ ဦး၊ ပျောက်ဆုံးသူ ၃၇၃ ဦး အထိ ရှိလာသည်ဟု စစ်ကောင်စီက ဧပြီ ၂ ရက်နေ့ နံနက်က ထုတ်ပြန်ထားသည်။
မတ် ၂၈ ရက်မှ ဧပြီ ၂ အထိ ငလျင်ပေါင်း ၅၇ ကြိမ်လှုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေဝသဌာနက ယနေ့ ထုတ်ပြန်ထားသည်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း ၊ စင်ကာပူ၊ မလေးရှား စသည့် နိုင်ငံ ၁၅ နိုင်ငံက လေယာဉ် ၅၃ စီး ဖြင့် လေကြောင်းမှ ကူညီထောက်ပံ့ခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်း ၁၅၁၉ ဦးနှင့် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃၅၄ တန် ကျော်ရောက်ရှိနေသည်ဟု ယနေ့ သတင်းထုတ်ပြန်ချက်တွင် ပြော ထားသည်။
ငလျင်ဒဏ်သင့်ပြည်သူများအတွက် တရုတ်၊ ဂျပန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အာဆီယံနိုင်ငံများက ဆေးဝါးနှင့်အလှူငွေများ ထည့်ဝင်လှူဒါန်းမည်ဟု ဆိုသည်။
ထို့ပြင် ဩစတြေးလျအစိုးရက ဒေါ်လာ ၂ သန်း တန်ဖိုး ရှိသည့် အရေးပေါ် ကယ်ဆယ်ရေးအကူအညီများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC မှတဆင့် ပေးပို့ထားပြီးဖြစ်သလို ဒေါ်လာ ၇ သန်း ထပ်မံလှူဒါန်းရန်ရှိနေသည်။
မတ် ၃၀ ရက်နေ့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးကျင်းပခဲ့ပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့ ဧပြီ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။
