ခေတ်အဆက်ဆက် တိုက်ပွဲတွေမရှိခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်း အညာဒေသဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးတော့ ခုခံတော်လှန်မှု အားကောင်းခဲ့ပါတယ်။
ပြည်သူလူထုရွေးချယ်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အာဏာ အဓမ္မသိမ်းယူခဲ့တဲ့ စစ်တပ်ကို ဗမာတိုင်းရင်းသား အများစုနေထိုင်တဲ့ အညာဒေသခံတွေဟာ မပြည့်စုံမှုတွေကြားကနေ ရရာလက်နက်ကိုင်စွဲပြီး တော်လှန်ခဲ့ကြတာပါ။
တော်လှန်ရေးအားကောင်းတဲ့အညာဒေသကို ၂၀၂၁နှစ်ကုန်ပိုင်းကစလို့ အာဏာသိမ်းစစ်တပ်ဟာ အငြိုးတကြီးနဲ့ ရွာလုံးကျွတ်မီးရှို့တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။
မြေပြန့်ဒေသဖြစ်ပြီး မိသားစုလိုက်တော်လှန်ရေးထဲ ပါဝင်နေတဲ့အညာမှာ လက်ရှိအချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်တွေ ရှိနေသေးသလို စစ်တပ်ဘက်ကလည်း စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေ ဆက်လုပ်နေပါတယ်။
ဒီလိုအခြေအနေမှာ နေရပ်စွန့်ခွာကြရ၊ ယာယီစစ်ဘေးရှောင်ကြရတဲ့ အညာဒေသခံ လူသိန်းနှင့်ချီ ရှိနေပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေကြတဲ့ ဒေသခံအဖွဲ့အစည်းတွေထဲမှာ ‘အညာပစ်တိုင်းထောင်လေးများအဖွဲ့’ လည်း ပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေမှာ အခြေစိုက်ပြီး စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍာတွေမှာ အကူအညီပေးနေတာပါ။
စစ်အာဏာသိမ်းမှု လေးနစ်ကျော်အကြာမှာ အညာဒေသစစ်ရှောင်ပြည်သူတွေ ဘယ်လိုကျော်ဖြတ်နေကြပါသလဲ၊ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု ဒဏ်တွေကို ဘယ်ပုံစံနဲ့ ရင်ဆိုင်ကျော်ဖြတ်နေကြရပါသလဲ၊ တော်လှန်ရေးအပေါ် ထားတဲ့ အညာသူ၊ အညာသားတွေရဲ့ ယုံကြည်မျှော်လင့်ချက် စတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
