နှစ်ပေါင်း ၃၀ကျော် ဖြတ်သန်းလာတဲ့ တော်လှန်ရေးအတွေ့အကြုံအရ လက်ရှိအခြေအနေဟာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ အကောင်းဆုံးအခွင့်အရေး ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော်မင်းဌေးက ပြောပါတယ်။
ကျောင်းသားတပ်လို့ လူသိများတဲ့ သက်တမ်းရင့် ABSDF တပ်ဖွဲ့ဟာ ၂၀၁၅ခုနှစ်ကတည်းက အပစ်ရပ်စာချုပ်(NCA)မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှာတော့ လက်နက်ကိုင်တော်လှန်ရေးထဲကို တကျော့ပြန် ရောက်လာတာပါ။
လက်ရှိအချိန်မှာ ABSDF တပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်း၊ မကွေး၊ ကချင်၊ တနင်္သာရီ၊ ကရင်နဲ့ ရှမ်းမြောက်ဒေသက စစ်မျက်နှာအစုံမှာ စစ်ရေးလှုပ်ရှားနေကြပါတယ်။
ပဲခူးတိုင်းနဲ့ မကွေးတိုင်းထဲကို စတင်ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော် AA ရဲ့ တိုက်ပွဲတွေမှာ ABSDF တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ရဲဘော်မင်းဌေးက ပြောပါတယ်။
အသက် ၂၁နှစ်အရွယ် ဆယ်တန်းကျောင်းသားဘဝကတည်းက ၁၉၈၈ခုနှစ် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ရဲဘော်မင်းဌေးဟာ နောက်ထပ် နှစ် ၃၀ကျော်အကြာမှာ ထပ်မံ ပေါ်ပေါက်လာတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာလည်း လူငယ်တွေနဲ့အတူ မြေပြင်မှာ ဆက်လက် တိုက်ပွဲဝင်နေပါတယ်။
လူငယ်ဘဝကနေ အသက် ၆၀အရွယ်အထိ စစ်အာဏာရှင်တော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ ပါဝင်နေတဲ့ ရဲဘော်မင်းဌေးဟာ နာမည်ကျော် ဟောလီးဝုဒ်မင်းသား Sylvester Stallone နဲ့အတူ Rambo 4 ရုပ်ရှင်မှာ မြန်မာစစ်တပ်ရဲ့ တပ်ရင်းမှူးတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ The Lady ဇာတ်ကားမှာလည်း မင်းသမီး မီရှဲယိုးနဲ့အတူ ရဲဘော်မင်းဌေး ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကာလတွေတုန်းက ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ စည်းရုံးရေးခရီးစဉ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ခတ်ဖို့ စစ်သားတွေကို အမိန့်ပေးခဲ့တဲ့ ဗိုလ်ကြီးမြင့်ဦး အဖြစ် ရဲဘော်မင်းဌေးက ပါဝင် သရုပ်ဆောင်ခဲ့တာပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ စစ်ကြောင်းအမှတ် ၃ကို ရဲဘော်မင်းဌေး ဦးဆောင်ပြီး ဂန့်ဂေါ၊ ယင်းမာပင်၊ ပုလဲနဲ့ ပခုက္ကူစတဲ့ မြို့နယ်တွေမှာ အဓိက စစ်ရေးလှုပ်ရှားနေပါတယ်။
ရိုက်ကူး၊ မေးမြန်း – ရွှေပြည်စိုး
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



