သတင်း

မြန်မာပြည်သူများတိုက်ပွဲဝင်​နေမှု အံသြဖွယ်ဖြစ်​ကြောင်း ကုလအထူးကိုယ်စားလှယ်ချီးကျူး

လွတ်လပ်မှုအတွက် မြန်မာပြည်သူပြည်သားအားလုံးက စည်းစည်းလုံးလုံးနှင့် အတူတကွရပ်တည်ကာ တိုက်ပွဲဝင်နေခြင်းသည် အံ့ဩဖွယ်ရာအတိဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က ချီးကျူးလိုက်သည်။

“ကျွန်မကိုယ်တိုင် မြန်မာပြည်မှာ အားလုံးနှင့်အတူရှိဖို့ ဆန္ဒရှိပါတယ်။ မြန်မာပြည်သူပြည်သားအားလုံးနှင့်အတူ ရှိနေပါတယ်။ ထောက်ခံနေပါတယ်။ ဂုဏ်ယူစရာတွေမို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွားလိုက်ပါ” ဟု အထူးကိုယ်စားလှယ် Christine Schraner Burgener က ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြသည်။

လက်ရှိကာလတွင် အကြောက်တရားဖြင့် နေထိုင်နေရခြင်း၊ မိမိတို့၏ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများကို လက်လွတ်ဆုံးရှုံးနေရခြင်း၊ ငွေကြေးအစားအသောက်ရှားပါးစွာဖြင့် ခြိုးခြံနေရခြင်း မည်မျှခက်ခဲနေသည်ကို နားလည်စာနာမိကြောင်းလည်း အထူးကိုယ်စားလှယ်က ထည့်သွင်းရေးသားသည်။

“ဒါ​ပေမဲ့လည်း လွတ်လပ်မှုအတွက် မြန်မာပြည်သူပြည်သားအားလုံးက စည်းစည်းလုံးလုံးနှင့် အတူတကွရပ်တည်ပြီး တိုက်ပွဲဝင်​နေတာ အံသြဖွယ်ရာအတိပါပဲ” ဟု ကုလသမဂ္ဂအတွင်း​ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က ​ပြောသည်။

အထူးကိုယ်စားလှယ်သည် မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်နေပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အစီရင်ခံတင်ပြမှုများလုပ်ဆောင်နေသည်။ ၎င်းသည် မြန်မာနိုင်ငံသို့ ကွင်းဆင်းလာရောက်ရန် ကြိုးပမ်းမှုများရှိသော်လည်း လတ်တလောတွင် လာရောက်ရန် မဖြစ်နိုင်သေးကြောင်းနှင့် ဒေသတွင်းနိုင်ငံများသို့ လာရောက်ရန် ရည်မှန်းနေကြောင်း မတ် ၂၀ ရက်က အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များက နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက်၊ ပစ်ခတ်၊ သတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်တိုင် မြို့ကြီးအချို့အပါအဝင် မြို့အများအပြားတွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ပြည်သူလူထုက ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။

Show More

Related Articles

Back to top button