သတင်း

မတ် ၂၀ ရက်က အနည်းဆုံး မြို့ပေါင်း ၅၀ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ 

ယမန်နေ့ (မတ် ၂၀) တွင် နိုင်ငံတစ်ဝန်းရှိ အနည်းဆုံး မြို့ပေါင်း ၅၀ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံစံမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ကို တွေ့ရသည်။ 

ရန်ကုန်တိုင်းအတွင်း တာမွေ၊ စမ်းချောင်း၊ သာကေတ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ခရမ်း စသည့် မြို့နယ်များတွင် စစ်​​ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ခြိမ်းခြောက်မှုများ ရှိလင့်ကစား အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြပြည်သူများ ရှိခဲ့သည်။ 

စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြပွဲများကို ​ဖေ​ဖော်ဝါရီ ၅ ရက်ကတည်းက စတင်ခဲ့သည့် မန္တလေးမြို့ တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုများရှိခဲ့သော်လည်း ယမန်နေ့ တွင် ၄၄ ရက်မြောက်အဖြစ် အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မန္တလေးတိုင်းအတွင်းရှိ ပုသိမ်ကြီး၊ မတ္တရာ၊ အမရပူရ၊ မိုးကုတ်၊​ ညောင်ဦးနှင့် မိတ္ထီလာမြို့နယ်များတွင် လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ 

ယမန်နေ့ ဆန္ဒပြပွဲများတွင် ပြည်သူအများဆုံးပါဝင်သော မြို့များဖြစ်သည့် စစ်ကိုင်းတိုင်းရှိ ​ရေဦး၊ မုံရွာ၊ တန့်ဆည်၊ က​လေး၊ ပုလဲ၊ ​စစ်ကိုင်း၊ ကသာ၊ ကျွန်းလှ၊ ရွှေဘို၊ တမူ၊ ဆားလင်းကြီးမြို့တို့တွင် ထောင်နှင့် သောင်းနှင့် ချီသော ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည့်နည်းတူ ထိုင်သပိတ်တစ်မျိုး ညသပိတ်တစ်ဖုံ ဆင်နွှဲခဲ့သည်။

ကချင်ပြည်နယ်တွင်လည်း မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ နမ္မတီး၊ ဖားကန့်၊ မိုးကောင်း စသည့်မြို့နယ် များတွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည့်နည်းတူ ရှမ်းပြည်နယ်တွင် တောင်ကြီး၊ နမ့်စန်၊ တာချီလိတ်၊ ကျောက်မဲ၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ကော့ ကရိတ်၊ ချင်းပြည်နယ်တွင် ဟားခါး၊ မင်းတပ်၊ ဖလမ်း စသည့်မြို့နယ်များတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရှိခဲ့သည်။

မကွေးတိုင်းတွင် မကွေး၊ ပခုက္ကူ၊ အောင်လံ၊ ကံမ၊ မင်းဘူးမြို့နယ်များနှင့် ပဲခူးတိုင်းတွင် ပဲခူး၊ ဒိုက်ဦးနှင့်  နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားတွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြည်သူများ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ထို့ပြင် မွန်ပြည်နယ် မော်လမြိုင်နှင့် ဧရာဝတီတိုင် ပုသိမ်တွင်လည်း ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။ စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ထားသဖြင့် ဆက်သွယ်ရေး အခက်အခဲကြောင့် ဆန္ဒထုတ်​ဖော်​သော မြို့ ရွာများ ကျန်ရှိနိုင်​သေးသည်။

နိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် ထိုင်သပိတ်၊ လူမဲ့သပိတ်၊ ချီတက်လှည့်လည်သပိတ်၊ ရေပေါ်သပိတ်၊ ဆိုင်ကယ်သပိတ်၊ အရုပ်သပိတ်၊ ပရဲထိုးသပိတ်၊ စတစ်ကာကမ်ပိန်းသပိတ်၊ ညသပိတ် စသည်ဖြင့် ပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒထုတ်ဖော်လျက်ရှိသည်။ 

ယမန်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် တာမွေ၊ သာကေတနှင့် ပဲခူးတို့တွင် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှ ယမန်နေ့အထိ စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ အနည်းဆုံး ၂၄၇ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားသည်။ 


 

Show More

Related Articles

Back to top button