၁၉၁၄ ခုနှစ် ဘယ်လ်ဂျီယံကို ဂျာမဏီက ကျူးကျော်သည့်အခါ ကနဦးပိုင်း ဝင်မပါသော်လည်း အမေရိကသည် နောင်တွင် ထိုကျူးကျော်စစ်ကြောင့် ဘေးဒုက္ခကျသည့်နိုင်ငံကို စားနပ်ရိက္ခာအကြီးမားဆုံး ထောက်ပံ့ကူညီသူဖြစ်လာခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ် ဘောလ်တစ်သုံးနိုင်ငံအား ဆိုဗီယက်တို့က ကျူးကျော်ရာ အမေရိကန်က စစ်ရေးအရ မကူနိုင်ခဲ့သော်လည်း ထိုကျုူးကျော်သည့်လုပ်ရပ်အား အသိအမှတ်ပြု လက်သင့်မခံခဲ့ပေ။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး ထိုသုံးနိုင်ငံသည် ယခုအခါ သီးခြားလွတ်လပ်သည့် နိုင်ငံများအဖြစ် ဂုဏ်ထည်စွာရပ်တည်နေသည်။
ကမ္ဘာ့အင်အားကြီး စူပါပါဝါအနေဖြင့် အမေရိကသည် ဗီယက်နမ် ၊ အီရတ် နှင့် အာဖဂန်နိုင်ငံစသောနေရာများ၌ တစ်ခါတစ်ရံ ဉာဏ်ပညာကင်းလျက် ဆောင်ရွက်ခဲ့မှုများရှိသည်။ သို့ရာ ထိုပဋိပက္ခများ၌ပင် အမေရိကန်၏ အခန်းမှာ ဒီမိုကရေစီရေးနှင့် လွတ်လပ်မှုကို ကာကွယ်ရေး အလို့ငှာဟု မိမိကိုမိမိရှုမြင်ခဲ့သည်။
အမေရိကန်၏ မျက်မှောက်အခြေအနေမှာမူ ထိုအစဥ်အလာများနှင့် သွေဖယ်ကုန်ပြီဖြစ်သည်။
ထရမ့်သည် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကိုသာ ပြောင်းလဲနေခြင်းမဟုတ်။ နှစ်ပေါင်း ၂၅၀ နီးပါး အမေရိကန်ထူထောင်လာချိန်မှစ၍ ခိုင်မြဲစွာ လမ်းပြခဲ့သည့် ကျင့်ဝတ်သံလိုက်အိမ်မြှောင်ကိုပင် ပြောင်းလဲနေပြီဖြစ်လေသည်။
(မတ်လ ၃ရက်နေ့ထုတ် Washington Post သတင်းစာပါ Fareed Zakaria ၏ မူရင်းဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုထားသည်)
တင်ဆက် – ဟန်လင်း



