
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ ကျန်းမာရေးဝန်ထမ်းများကို အလုပ်ပေးထားသည် ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ ထားဝယ်မြို့ကြီးများရှိ ပုဂ္ဂလိကဆေးရုံ တစ်ဒါဇင်ကျော်ကို ယခုလဆန်းမှစ၍ လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
ရန်ကုန်တွင် သမိုင်း၊ ကောင်း၊ ကျန်းမာသုခ နှင့် OSC တို့ ဖြစ်ပြီး မန္တလေးတွင် ပန်းလှိုင်၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်၊ လန်ဒန်၊ ဇီဝက၊ ငြိမ်းချမ်းတို့ ဖြစ်သည်။ ထားဝယ်မြို့တွင် ဆာဒိုးဝါး၊ မယ်ဒီလန်းတို့ အပါအဝင် ဆေးရုံ ၃ ရုံ ဖြစ်သည်ဟု သိရသည်။
“ဆေးရုံက MD တွေ သွားအစစ်ဆေးခံရတယ်ကြားတယ်။ လွတ်ကင်းတဲ့သူတွေပဲ အလုပ် ဆက်လုပ်ရ တယ်။ ဂရန်းဟံသာကတော့ မပိတ်ရဘူးလို့ကြားတယ်”ဟု ရန်ကုန်မြို့ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်း နှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
မတ်လ ပထမပတ်အတွင်း ဆေးရုံတက်ရောက်ရန် စုံစမ်းမှုများကို OSC၊ ကောင်း၊ ကျန်းမာသုခ၊ ကောင်းစုအောင်ဆေးရုံ ဖုန်းလက်ခံဌာနများက ပိတ်သိမ်းကြောင်း အကြောင်းပြန်သည်ဟု သိရှိရသည်။
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှ OSC ဆေးရုံမှာ မတ် ၁ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ် ထားကြောင်း စုံစမ်းသိရပြီး ပြန်ဖွင့်မည်ဆိုပါက ဆေးရုံ၏ Facebook တွင် ကြေညာပေးမည်ဖြစ်ကြောင်း ပြောသည်။ ၎င်းဆေးရုံ၏ Facebook စာမျက်နှာတွင်လည်း ဆေးရုံဝန်ဆောင်မှု ကြော်ငြာများကို မတ်လအတွင်း ဖော်ပြခြင်း မပြုတော့ပေ။
အလားတူ ကောင်းဆေးရုံလည်း ပိတ်မည်ဖြစ်ကြောင်း၊ ပြန်ဖွင့်မယ့်ရက် မသိရသေးကြောင်း အကြောင်းပြန်သလို ကျန်းမာသုခဆေးရုံကို စုံစမ်းရာတွင်လည်း လုပ်ငန်းအပြီးပိတ်သိမ်းကြောင်း တုံ့ပြန်သည်။ ကောင်းစုအောင်ဆေးရုံသည်လည်း ပိတ်ထားကြောင်းသာ အကြောင်းပြန်ကြသည်။
ရန်ကုန်မြို့မှ ပုဂ္ဂလိက အမျိုးသမီးဆရာဝန်တစ်ဦးကလည်း ဆေးရုံများ ပိတ်သိမ်းခံရသည်မှာ ဟုတ်မှန်ပြီး ဆက်လက်ဖွင့်လှစ်လိုပါက လာဘ်ငွေ သိန်းထောင်ချီ ကုန်ကျဖွယ်ရှိသည်ဟု ပြောသည်။
မန္တလေးနှင့်ထားဝယ်မှ ဆေးရုံများ
မန္တလေးတွင် ပန်းလှိုင် အပါအဝင် ဆေးရုံ ၇ ခုလုံး ပိတ်သိမ်းသွားပြီဖြစ်ကြောင်း ပန်းလှိုင်ဆေးရုံအနီး နေထိုင်သူ ဆေးကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
“မန္တလေးက ဆေးရုံတွေကတော့ပိတ်သွားပြီ။ ပန်းလှိုင်ကတော့ ကြိုးတွေတားပြီးတော့ကို ပိတ်ထားတာ။ လူလည်း တစ်ဦးတစ်ယောက်မှမတွေ့ဘူး။ ဆေးရုံတံခါးတွေလည်း အကုန်ပိတ်ချထားတာ”ဟု ၎င်းက ဆက်ပြောသည်။
ပိတ်သိမ်းရန် ညွှန်ကြားခံထားရသည့် အဆိုပါဆေးရုံများမှလည်း ဆေးကုမ္ပဏီများထံမှ ဆေးဝါးမှာယူမှု မရှိတော့ကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက စစ်ဆေးဆဲကာလဖြစ်သည့်အတွက် ၃လယာယီပိတ်ထားခြင်းဟုသာ သတင်း လွှင့်ထားသော်လည်း လုပ်ငန်းပြန်လည် လည်ပတ်ခွင့် ရရေးမှာ သေချာမှုမရှိကြောင်း၊အချို့ဆေးရုံများမှာ အမည်ပြောင်း၍ ဖွင့်လှစ်ရန်စီစဉ်နေသည်ဟု ကြားသိရကြောင်း ပြောသည်။
Myanmar Now ၏ သီးခြားစုံစမ်းမှုအရ မြတ်ချယ်ရီ၊ ပန်းလှိုင်ဆေးရုံအပါအဝင် ၇ ရုံလုံး ပိတ်ထားကြောင်း သိရသည်။
အများပြည်သူကို ဝန်ဆောင်မှုပေးနေသော ဤလုပ်ငန်းကြီးများ ရပ်နားရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယခုကဲ့သို့ဆေးရုံများပိတ်ထားခြင်းကြောင့် မန္တလေးမြို့ကျန်းမာရေးဝန်ထမ်းရာနှင့်ချီ အလုပ်လက်မဲ့ ဖြစ်သွားပြီး ရန်ကုန်၊ ထားဝယ်တို့နှင့်ဆိုလျှင် လုပ်ငန်းခွင်ရပ်နားရသူ ထောင်ဂဏန်းကျော်ရှိမည်ဟု ယူဆ ရသည်။
ထိုသို့ ပိတ်သိမ်းလိုက်မှုနောက်ဆက်တွဲကြောင့် လူနာများအခက်အခဲ ဖြစ်ပေါ်နေသည်ဟု မန္တလေးမြို့မှ ပုဂ္ဂလိကဆေးရုံတစ်ခုမှ သူနာပြုတစ်ဦးက ပြောသည်။
“တချို့ဆေးရုံတွေကတော့ နားတုန်း လစာတစ်ဝက် ပေးထားတယ်လို့ကြားတာပဲ။ ဘာပဲပြောပြော လူနာ တွေကတော့ ပိုပြီးခက်ခဲသွားတာပေါ့။ ပြနေကျဆေးရုံ ပိတ်သွားတော့ တက်လက်စလူနာတွေ လည်း အခြားပြောင်းရွှေ့ရနဲ့ ပိုခက်ခဲပါတယ်” ဟု သူက ပြောသည်။
လက်ရှိတွင် လူနာအများအပြားသည် မန္တလေးပြည်သူ့ဆေးရုံကြီး အပါအဝင် အခြားသောပုဂ္ဂလိကဆေးရုံ များသို့ ပြောင်းရွှေ့ကုသနေကြသည်။
မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကုသမှု ခံယူသူ ယခင်ကထက် ပိုများလျက်ရှိသည်ဟု ဆိုသည်။
ထားဝယ်မြို့မှ အပိတ်ခံရသည့် ဆေးရုံ ၃ ခုသည်လည်း ဆေးရုံပြင်ဆင်မည်ဟု အကြောင်းပြထားသော် လည်း CDM များ လက်ခံထားသည် ဟူသော စွပ်စွဲချက်ဖြင့် မတ် ၁ ရက်နေ့မှစ၍ အနည်းဆုံး၂ လမှ ရက်အကန့်အသတ်မရှိ ကြာမြင့်မည်ဖြစ်ကြောင်း Dawei Watch သတင်းဌာနက ထားဝယ်မြို့ ဆေးပညာအသိုင်းအဝိုင်းကို ကိုးကား၍ ဖော်ပြထားသည်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် မန္တလေးဆေးရုံ ၇ ခုသည် လိုင်စင်သက်တမ်းတိုးကာလ ဖြစ်၍ မတ် ၁ ရက်နေ့မှ ဇွန်အထိ ၃ လကြာ ယာယီပိတ်ရန် အမိန့်ထုတ်ထားကြောင်း ရေးသားထားကြ သည်။
၂၀၂၂ နှင့် ၂၀၂၃ အတွင်း မန္တလေးမြို့မှ မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်း၊ ဓူဝံ ၊ ကြယ်စင်လင်း ၊ မင်္ဂလာ စသည့် ပုဂ္ဂလိကဆေးရုံများအား CDM များကို အလုပ်ပေးသည် ၊ PDF များကို ထောက်ပံ့သည် စွပ်စွဲချက်ဖြင့် ယာယီပိတ်သိမ်းခံခဲ့ရသည်။
အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းသည့် ၄ နှစ်ကျော်အတွင်း နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြရာတွင် ကျန်းမာရေးကဏ္ဍမှ ဆရာဝန်နှင့်ကျွမ်းကျင်ဝန်ထမ်း အများအပြား ပါဝင်သည်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကဆေးရုံ ၂၈၇ ခု ခွင့်ပြု ပေးခဲ့သည်ဟု ၂၀၂၄ ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အထိ လိုင်စင်စည်း ကမ်းများကို လိုက်နာမှုမရှိ၍ အရေးယူထားသော လုပ်ငန်းပေါင်း ၃၁ ခု၊ အမှုရေးဖွင့်သောလုပ်ငန်းပေါင်း ၆ ခု ရှိကြောင်း ဖော်ပြထားသည်။
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌလည်းဖြစ် စစ်ကောင်စီကျန်းမာရေးဝန်ကြီးလည်း ဖြစ်သော ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက လိုင်စင်စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက် သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို ထိထိရောက်ရောက်အရေးယူခြင်းတို့ ဆောင်ရွက်လျက်ရှိ သည်ဟု ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်သောအစည်းအဝေးတွင် ပြောထားသည်။
ထို့ပြင် ခေတ်ကာလလိုအပ်ချက်အရ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဥပဒေကို ဖြည့်စွက်ပြင်ဆင် သည့်ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။
စစ်တပ်က ကိုဗစ်ကပ်ဘေးကြောင့် လူအများအပြား သေဆုံးနေချိန် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အာဏာသိမ်းပြီး ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ခဲ့သည်။ အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်ပြီး CDM တွင် ပါဝင်ထားကြသော ဌာနဆိုင်ရာဝန်ထမ်း အများအပြားရှိနေရာ အများစုမှာ ကျန်းမာရေး၊ ပညာရေးဌာနများမှ ဖြစ်ကြသည်။