
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ရွှေတူးဖော်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ကန့်ကွက်သည့် ဒေသခံ ၆ ဦး သတ်ဖြတ်ခံရပြီးနောက် ထိုဒေသတွင် ရွှေမတူးရန် ကိုးကန့်တပ် MNDAA က ယမန်နေ့ (မတ် ၉) တွင် သဘောတူလိုက်သည်ဟု သိရသည်။
မြို့အရှေ့ဘက် မိုင် ၄၀ ခန့်အကွာ မုံးစီးကျေးရွာအုပ်စု ပိန်းခမ်းရွာအနီး နမ့်လင်းခ ချောင်း ရွှေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွင် ရှိနေသည့် MNDAA တပ်သားများကို ဒေသခံတို့က မတ်လ ၅ ရက်နေ့တွင် သွားရောက် တားမြစ်ခဲ့ကြသည်။ ထိုချောင်းသည် ဒေသခံများအတွက် သောက်သုံးရေ အရင်းအမြစ်ဖြစ်ခြင်းကြောင့် ထိုသို့ တားမြစ်ခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့တားဆီးရာမှ တင်းမာမှုဖြစ်ပြီး MNDAA တပ်သားအချို့က ပစ်ခတ်ရာ ထိုရွာမှ ကချင်တပ် KIA ၏ တပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် ဒေသခံ ၆ ဦး သေဆုံးသွားသည်ဟု သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မုံးစီးကျေးရွာအုပ်စုရှိ ပိန်းခမ်း၊ နားလေး၊ မန်ဘုံ၊ ပန်ယန်းခါး စသည့် ကျေးရွာများမှ ဒေသခံတို့က မုံးစီးကျေးရွာရှိ MNDAA အုပ်ချုပ်ရေးရုံးရှေ့သို့ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် သွားရောက် ကန့်ကွက်ခဲ့ကြသည်။
ထိုဆန္ဒပြပွဲတွင် ရွှေတူးဖော်ရေးလုပ်ငန်း ရပ်ဆိုင်းရန်၊ ယင်းတို့ဒေသတွင် လက်နက်ကိုင်များ မနေထိုင်ရန်၊ စီမံကိန်းများပြုလုပ်မည်ဆိုပါက ဒေသခံများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ခွင့်ပြုချက်ယူရန်၊ ပစ်ခတ်သူများကို အရေးယူရန်၊ ပစ်ခတ်မှုများ ထပ်မလုပ်ရန်၊ သေဆုံးသွားသူများ၏ နာရေး ကုန်ကျစားရိတ်များနှင့် နစ်နာကြေးပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။
ထို့နောက် ဒေသခံများ၊ MNDAA မှ မုံးကိုးခရိုင်ရှိ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီးနောက် ဒေသခံတို့ တောင်းဆိုသည့်အချက် တချို့ သဘောတူညီမှု ရခဲ့ကြသည်ဟု သိရသည်။
ကျူးလွန်သူများကို အပြစ်ပေးရန်၊ သေဆုံး၊ဒဏ်ရာရသူ ဒေသခံတို့ နစ်နာမှုများအတွက် လျော်ကြေးပေးရန် မုံးကိုးခရိုင်ရုံးသို့ တင်ပြခဲ့သည်ဟု ဒေသခံများကို ကူညီပေးနေသည် ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ရွှေတူးတဲ့ဟာကတော့ သူတို့က လုံးဝရပ်နားပေးတယ်၊ တောင်းဆိုတဲ့ အချက်တွေကိုလည်း များသောအားဖြင့် သဘောတူကြတယ်၊ ဒါပေမယ့် နည်းနည်း ကွင်းဆင်းစစ်ဆေးတာတွေ ဘာတွေ လုပ်ဦးမယ်ပေါ့၊ ဖြစ်တာက မုံးစီးရွာဖြစ်ပေမယ့် မုံးကိုးခရိုင်က ဆွေးနွေးတာပေါ့” ဟု ထို အမျိုးသမီးက ပြောသည်။
ဆွေးနွေးမှုများတွင် သဘောတူခဲ့သည့် အချက်များကိုလည်း ခရိုင်ရုံးက ဗဟိုအဆင့်သို့ တင်ပြပြီး သဘောတူခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အမျိုးသမီးက ဆက်လက်ပြောသည်။ ဆွေးနွေးပွဲတွင် KIA တပ်မဟာ(၁၀) လက်အောက်မှ KIO/KIA အရာရှိအချို့လည်း သက်သေအဖြစ် ပါဝင်ခဲ့ကြသည်ဟု သိရသည်။
“သဘောတူပြီဆိုတာလောက်ပဲ သိရတယ်။ ဒါပေမယ့် အသေးစိတ်တော့ မသိရသေးဘူး”ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
Myanmar Now က ပိုမိုသိရှိ ဖော်ပြနိုင်ရန် MNDAA ထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
နမ့်လင်းခချောင်းသည် ဒေသခံများ၏ လယ်ယာစိုက်ပျိုးမှုနှင့် သောက်သုံးရေအတွက် အရေးကြီးသည့် ရေအရင်းအမြစ်ဖြစ်သည့်အတွက် ခောင်းအတွင်း ရွှေတူးဖော်မှု လုပ်ငန်း မလုပ်ကိုင်ကြရန် ဒေသခံများက အစဉ်အဆက် ဟန့်တားနေကြခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံ အမျိုးသမီးက ပြောသည်။
“၂၀၀၉ မှာ KIA က မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးကာလတုန်းကလည်း အဲဒီနေရာမှာ ရွှေတူးဖော်ဖို့ လုပ်တဲ့အချိန်မှာ ရွာသားတွေက တစ်ခေါက်ကန့်ကွက်ခဲ့တယ်။ ၂၀၂၃ မှာ KIO/KIA နဲ့ လောပန်းတွေ ရွှေတူးဖော်မယ်ဆိုတဲ့ ကိစ္စမှာလည်း ကန့်ကွက်ခဲ့တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းကလည်း ဒေသခံများက အဆိုပါဒေသတွင်း လှုပ်ရှားဖူးကြသည့် KIA, MNDAA,TNLA နှင့် SSPP/SSA တို့ကို အဆိုပါဒေသတွင် ရွှေမတူးဖော်ရန် စာပို့ကာ အကြောင်းကြားခဲ့သည်ဟု သိရသည်။
ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသနှင့် မုံးစီးဒေသတို့တွင် KIA ၏ တပ်မဟာ(၁၀) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားခဲ့ကြသလိုသလို တအာင်းတပ်(TNLA)နှင့် ကိုးကန့်တပ်(MNDAA) တပ်များလည်း လှုပ်ရှားခဲ့ပြီး စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
၂၀၂၃ အောက်တိုဘာလတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ၂၀၂၄ ဇန်နဝါရီလအတွင်း ကွတ်ခိုင်မြို့ကို TNLA ကသိမ်းပိုက်ခဲ့သလို တာမိုးညဲ မြို့နယ်ခွဲနှင့် မုံးစီးဒေသကိုလည်း MNDAA က သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသည်။