သတင်း

ကွတ်ခိုင်မှ ဆန္ဒပြသူတို့ကို MNDAA ပစ်ခတ်၊ ၆ ဦးသေဆုံး

ဒေသခံတို့ကို ထိခိုက်စေသည့် အကြီးစားရွှေတူးဖော်မှုလုပ်ငန်းကို ကန့်ကွက်စဉ် ပစ်ခတ်ခံရသဖြင့် မြန်မာတရုတ်နယ်စပ် ကွတ်ခိုင်မြို့ ဒေသခံ အများအပြား သေဆုံး၊ ဒဏ်ရာရသွားကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် မတ် ၅ ရက်နေ့က ကိုးကန့်တပ်(MNDAA) ၏ ရွှေတူးဖော်မှု လုပ်ငန်းကို သွားရောက် တားဆီးသူများ ပစ်သတ်ခံရသဖြင့် အမျိုးသား ၆ ဦးသေဆုံးသည်ဟု သိရသည်။

မြို့အရှေ့ဘက် မိုင် ၄၀ ခန့်အကွာတွင်ရှိသည့် မုံးစီးကျေးရွာအုပ်စု၊ ပိန်းခမ်းရွာအနီး နမ့်လင်းချောင်းတွင်  စက်ယန္တရားများသုံးပြီး ရွှေတူးဖော်နေခြင်းကို ကန့်ကွက်ရာမှ ရိုက်နှက်သည်အထိ အခြေအနေ တင်းမာခဲ့သည်၊ ပစ်ခတ်မှုမှာ အခြေအနေ ပြန်လည် တည်ငြိမ်ချိန်တွင် ပေါ်ပေါက်လာသည်ဟု သတင်းရကြောင်း ကချင်တပ်  (KIA) က ပြောသည်။

“(MNDAA)စစ်သားတစ်ယောက်ကတော့ သေနတ်မောင်းတင်ပြီးမှ ခြိမ်းခြောက်တယ်လို့ပြောတယ်။ အဲဒါကို ပြည်သူက မကြိုက်လို့ သေနတ်ကိုလုတယ် တဲ့။ အဲဒီအချိန်မှာ သူတို့က အငြင်းအခုံဖြစ်ပြီးမှ ရိုက်တာနှက်တာတွေဖြစ်တယ်။ ဒါပေမယ့် အဲဒီကိစ္စက ပြေလည်သွားပြီ။ သူတို့ပြန်သွားတဲ့ လမ်းမှာ MNDAA ‌တွေက သေနတ်နဲ့ ပြန်ပစ်လို့ ပြည်သူလူထု ၆ ဦးသေပြီးမှ ၆ ဦး ဒဏ်ရာရတယ်တဲ့” ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ 

၅ ဦးမှာ နေရာတွင်ပင် သေဆုံးသည်၊ ဒဏ်ရာရသူများထဲမှ ၁ ဦးမှာ နောက်ပိုင်း သေဆုံးသည်ဟု  ဒေသခံများက ပြောသည်။

ယန္တရားကြီးများသုံးပြီး ရွှေတူးဖော်ကြသည့် လုပ်ငန်းကို ကန့်ကွက်ကြခြင်းမှာ ဒေသခံများ လယ်ယာစိုက်ပျိုးမှုနှင့် ရေအရင်းအမြစ် ထိခိုက်ပျက်စီးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်၊ မြန်မာတရုတ်နယ်စပ် ကွတ်ခိုင်မြို့မှ    ထိုလုပ်ငန်းကို ယခင်ကလည်း ဝိုင်းဝန်းဟန့်တားခဲ့ကြသည်ဟု  ဒေသခံအမျိုးသမီးတစ်ဦးက  ပြောသည်။

“သူတို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး တားဆီးတာ နှစ်ကြိမ် သုံးကြိမ်မကရှိနေပြီ၊ ဒီတစ်ခေါက် MNDAA သူတို့က စက်ယန္တရားတွေနဲ့ လာလုပ်တဲ့အချိန်မှာ ရွာသားတွေက မလုပ်ဖို့ သွားပြီး တားဆီးကြတယ်၊ တားဆီးပြီးတဲ့အချိန် ရွာသားတွေက လှည့်ပြန်တဲ့အချိန်မှာ စက်သေနတ်နဲ့ ရမ်းပြီးပစ်လိုက်တဲ့အချိန်မှာ အကုန်လုံး ထိခိုက်သွားတာ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက သေဆုံးသူများထဲတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်သည်ဟု   ပြောသည်။

“သူက ခွင့်ရက် အိမ်ပြန်နေတဲ့ အချိန်မှာ အခုလိုမျိုးကြုံသွားတယ်လို့ ပြောတယ်။ လက်နက်တွေလည်းမပါဘူး၊ ယူနီဖောင်းတွေလည်းမပါဘူး၊ ရိုးရိုးသာမန် အရပ်သားပုံစံနေတဲ့အချိန်မှာ အဲဒီလိုမျိုးကြုံတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုနေ့ ညနေတွင် ပိန်းခမ်းနှင့် အနီးဝန်းကျင်မှ နားလေး၊ မန်ဘုံ၊ ပန်ယန်းခါး စသည့် ရွာများမှ ဒေသခံတို့က ရုပ်အလောင်းများကိုသယ်ပြီး မုံးစီးရွာရှိ MNDAA ၏ အုပ်ချုပ်ရေးရုံးတွင်း သွားရောက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ဒေသတွင် လက်နက်ကိုင်များ မနေထိုင်ကြရန်၊ ရွှေတူးဖော်ခြင်းစသည့် စီမံကိန်းများကို ဒေသခံတို့၏ ခွင့်ပြုချက်မပါဘဲ မလုပ်ရန်၊ သေဆုံးသွားသူတို့၏ နာရေးကုန်ကျစားရိတ်များနှင့် နစ်နာမှုများအတွက် ငွေကြေး အကုန်အကျခံပေးရန် တောင်းဆိုကြသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“အဓိကက ဒီလိုမျိုး လူသတ်တဲ့ အမှုတွေကို နောက်ကို လုံးဝ လုံးဝ မဖြစ်အောင် ရုံးတံဆိပ်နဲ့ MNDAA သူတို့ရဲ့ သက်ဆိုင်ရာ လူကြီးတွေက လက်မှတ်ထိုးပြီးမှ စာထုတ်ပြန်ပေးဖို့အတွက်ကို ပြင်းပြင်းထန်ထန် တောင်းဆိုထားတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ဒေသခံတို့က MNDAA တာဝန်ရှိသူများကို ညှိနိုင်း တောင်းဆိုရန် မုံးစီးတွင် စောင့်ဆိုင်းနေကြဆဲဖြစ်သည်ဟု သူက ဆက်ပြောသည်။

၆ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး MNDAA ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

ညှိနိုင်းတောင်းဆိုမှုကို ပစ်ခတ်ဖြေရှင်းသည့် လုပ်ဆောင်ချက်သည် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက မှတ်ချက်ပေးသည်။

“ကျွန်တော်တို့ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေက ပြည်သူလူထုနဲ့ အတူတူနေရတယ်၊ ပြည်သူလူထုရဲ့ ထောက်ခံချက်ကို ရယူတဲ့အဖွဲ့မှ ခိုင်ခိုင်မြဲမြဲ ရပ်တည်လို့ရမှာ။ ပြည်သူလူထုတွေ မထောက်ခံတဲ့ အဖွဲ့အစည်းကိုတော့ ဘယ်တုန်းကမှ ချီးမွမ်းမှုလည်းရမှာမဟုတ်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ 

ထိုရွာတွင်  MNDAA က ရွှေတူးဖော်ရေးလုပ်ငန်း စတင်ခဲ့သည်မှာ သီတင်းနှစ်ပတ်ခန့် ကြာပြီဖြစ်ကြောင်း၊   ဒေသခံများကလည်း အဆက်မပြတ်ကန့်ကွက်နေခဲ့ကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ်ကလည်း KIA ၏  ရွှေတူးဖော်မည့်အစီအစဉ်ကိုလည်း ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းကလည်း ဒေသခံများက  ဒေသတွင်း လှုပ်ရှားဖူးကြသည့် KIA, MNDAA,TNLA နှင့် SSPP/SSA တို့ကို အဆိုပါဒေသတွင် ရွှေတူးဖော်မှု မပြုရန် စာပို့ကာ အကြောင်းကြားခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသတွင် KIA ၏ တပ်မဟာ(၁၀)လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားနေသလို တအာင်းတပ်(TNLA)နှင့် ကိုးကန့်တပ်(MNDAA) တပ်များလည်း လှုပ်ရှားခဲ့ပြီး စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

၂၀၂၃ အောက်တိုဘာလတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ၂၀၂၄ ဇန်နဝါရီလအတွင်း ကွတ်ခိုင်မြို့ကို TNLA  ကသိမ်းပိုက်ခဲ့သလို တာမိုးညဲ မြို့နယ်ခွဲနှင့် မုံးစီးဒေသကိုလည်း MNDAA က သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။

Show More

Related Articles

Back to top button