သတင်း

စစ်တပ်က မြို့ပေါ်တွင် ခံစစ်ပြင်ထား၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲကြန့်ကြာဟု KIA ဆို

မြေပြင်စစ်ကူ မပို့နိုင်သော်လည်း လေကြောင်း၊ လက်နက်ကြီးအပြင် အဆင်မြင့်ဒရုန်း၊ စနိုက်ပါများဖြင့် ဗန်းမော်မြို့တွင်းတိုက်ပွဲကို စစ်ကောင်စီတပ်က ၃ လကျော်ကြာ အပြင်းအထန် ပြန်တိုက်ခိုက်နေသည်။

စစ်ကောင်စီတပ်သား အင်အားအများအပြားဖြင့်စုဖွဲ့ထားသည့် စစ်စခန်းများမှ အပြင်းအထန်ခုခံနေသလို တိုက်ပွဲဧရိယာကျယ်ပြန့်ခြင်းကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့ကို အလုံးစုံသိမ်းနိုင်ရန် ကြန့်ကြာနေ သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပြောသည်။

ယမန်နှစ် ဒီဇင်ဘာ ၄ ရက် စတင်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၃ လကြာသည့်တိုင် ရည်မှန်းချက် မအောင်မြင်သည့်အပေါ် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့ခြင်း ဖြစ်သည်။

“တကယ့်လက်တွေ့မှာ ကျွန်တော်တို့ တိုက်ရမယ့် သူတို့ရဲ့  စစ်တပ်စခန်းတွေအများကြီးရှိနေတယ်၊ ၂၀ ကျော်ရှိနေတယ် နောက်ပစ်ကွင်းကလည်း မိုင်ပေါင်း ၂၀ ကျော် ကျယ်ပြန့်တဲ့နေရာဖြစ်ပါတယ်။ အဲဒီထဲက သူတို့ရဲ့ ကာကင်းတွေ၊ လုံခြုံရေးတွေချထားတာတွေ အများကြီးရှိနေပါတယ်”

 ထို့ပြင် မြို့ပေါ် ရပ်ကွက်တချို့တွင် စစ်ကောင်စီက အခိုင်အမာ ခံစစ်ပြင်ပြီး ခုခံနေသလို လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကိုလည်း အများအပြားအသုံးပြုနေသည့် မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ် က မြို့ခံများ၏ နေအိမ်အဆောက်အဦများကို ခံစစ်သဖွယ် ပြင်ဆင်ထားခြင်းက တိုက်ပွဲကို ပိုမိုကြန့်ကြာ စေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

“အခု တိုက်ပွဲဖြစ်တဲ့နောက်ပိုင်းမှာလည်း ပြည်သူလူထုတွေရဲ့ Building ‌(အဆောက်အဦ) တွေ၊ တိုက်ကြီး တွေမှာ သူတို့က လုံခြုံရေးယူပြီးမှ ကျွန်တော်တို့ကို ခုခံနေတာ။ ဒါကြောင့် အခုလိုမျိုး အချိန်ကြာကြာ တိုက်ရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဗန်းမော်မြို့ပေါ် ရပ်ကွက်အချို့နှင့် ဗန်းမော်လေယာဉ်ကွင်း၊ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ (၂၃၆)၊အမြောက်တပ်(၃၆၆)၊ သံချပ်ကာတပ်(၅၀၁၄)နှင့် တင့်ကားတပ်(၇၀၀၆) နှင့် ကာကင်းစခန်းများ ကို KIA က  သိမ်းပိုက်ထားပြီးဖြစ်သည်။

သို့သော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)၊ ခြေလျင်တပ်ရင်း(၄၇)နှင့် အခြား ဆက်သွယ်ရေး၊ ထောက်ပံ့ရေးစသည့် လက်ရုံးတပ်ရင်းများကိုမူ မသိမ်းနိုင်သေးပေ။

ဗန်းမော်မြို့တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများအပြင် အဆင့်မြင့် ဒရုန်းများလည်း ဖောဖောသီသီ အသုံးပြုလာသည်ဟု ဗန်းမော်တိုက်ပွဲတွင် ပါဝင်နေသော ရှေ့တန်း သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

အဆင့်မြင့် ဒရုန်းများဖြင့် ကင်းထောက်ခြင်း၊ ဗုံးကြဲခြင်းများကလည်း KIA ပူးပေါင်းတပ်များအတွက် အခက်တွေ့စေသည်ဟု အဆိုပါ ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

“နည်းပညာပိုင်း တရုတ်နဲ့ ရုရှားဘက်က ထောက်ပံ့ပေးနေတာရှိတယ်လို့ ယူဆရတယ်။ အရင်က ဒရုန်း တွေကို ကျွန်တော်တို့ ကောင်းကောင်းခုခံလို့ရတယ်။ အခုနောက်ပိုင်းက တရုတ်နဲ့ ရုရှားနည်းပညာနဲ့ ဆိုတော့ စကားပြောစရာဖြစ်လာတာပေါ့” ဟု ၎င်းက ပြောသည်။

“(ဒရုန်းတွေမှာ) ကင်မရာအသေးစားလေးတွေ တပ်ထားတယ်။ လေယာဉ်နဲ့ ဒရုန်းက ဟန်ချက်ညီတယ်။ကင်းထောက်ဒရုန်းနဲ့ အရင်ကြည့်ပြီး ဒရုန်းဝင်လို့ရရင် ဒရုန်းဝင်ကြဲတယ်။ ဒရုန်းဝင်လိုမရရင်လေယာဉ်နဲ့ ကြဲတယ်” ဟုလည်း သူက ဆက်ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရေးတွင် ဒရုန်းများ တန်ပြန်အသုံးပြု ကြသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တော်လှန်ရေးတပ်များ၏ ဒရုန်းတစ်ခုကို စစ်တပ်က သိမ်းဆည်းရမိသည်ဟု ဝါဒဖြန့်တယ်လီဂရမ်များက ဖေဖော်ဝါရီ ၂၂ ရက်က တင်ထားသည်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်များကလည်း ဒရုန်းများဖြင့် ဗန်းမော်အပါအဝင် စစ်တွေမြို့တိုက်ပွဲများတွင် အဆင်မြင့်ဒရုန်းများအသုံးပြုနေကြောင်း ဖေဖော်ဝါရီ တတိယပတ်ခန့်မှ စတင်၍ ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် ဝေဝေဆာဆာ ဖော်ပြထားကြသည်။

စစ်ကောင်စီတပ်သည် ယခင် ကချင်ပြည်နယ်တွင်းမြို့သိမ်းတိုက်ပွဲများနှင့် မတူဘဲ အဆင့်မြင့်ဒရုန်းများ အပြင် မြို့ပေါ်ရှိ အထပ်မြင့်များတွင် လက်ဖြောင့်သေနတ်သမား (စနိုက်ပါ) အများအပြားက နေရာယူပြီး ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ် အမျိုးသားနောက်တစ်ဦးကလည်း ပြောသည်။

KIA ထံ လက်လွှတ်လိုက်ရသည့် မိုးမောက်နှင့် မံစီမြို့သိမ်းတိုက်ပွဲများမှ ဆုတ်ခွာလာသည့် စစ်ကောင်စီ တပ်များက ဗန်းမော်မြို့ပေါ်ရှိ အခိုင်အမာနေရာများ၊ ဌာနဆိုင်ရာ ရုံးများတွင် တပ်စွဲကာ ခုခံနေကြသည်ဟု လည်း သိရသည်။

“ဗန်းမော်က ရေလမ်းကြောင်း၊ မြေပြင်နဲ့ ဝေဟင်ကနေ စစ်ကူပို့လို့မရတော့ဘူး၊ ဆိုတော့ သူတို့က ဆုတ်မဲ့ လမ်းမရှိဘူးဖြစ်နေတယ်၊ မရှိတော့ သူတို့က အသေခံပစ်နေတာ အလံဖြူလည်း မပြ၊ လက်နက်လည်း မချဘဲ အသေခံပစ်နေတာ” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ် အမျိုးသားက ပြောသည်။

ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြေပြင်စစ်ကူများ မပို့နိုင်သေးဘဲ လက်နက်ခဲယမ်းများကို လေကြောင်းမှသာ ထောက်ပံ့နေရသည်ဟုလည်း သိရသည်။

ခရိုင်ရုံးစိုက်ရာ မြို့ကြီးဖြစ်သော ဗန်းမော်တွင် ၂၀၁၉ ခုနှစ်စာရင်းများအရ မြို့ပေါ်  ၁၆ ရပ်ကွက်ရှိကာ လူဦးရေ ၅၀၀၀၀ ကျော်နှင့် တစ်မြို့နယ်လုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိသည်။ လက်ရှိတွင် တစ်မြို့ လုံးနီးပါး ပျက်စီးနေပြီဖြစ်သည်။

ဗန်းမော်မြို့နှင့်အတူ တစ်ရက်တည်း စတင်တိုက်ခိုက်ခဲ့သည့် မံစီမြို့ကို KIA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်တွင် သိမ်းပိုက်ထားပြီးဖြစ်သည်။

မံစီမြို့ခမရ(၃၁၉)၊(၆၀၁)နှင့် အမြောက်တပ် အမတ(၅၂၃)တို့ကို KIA နှင့် အတူ ကျောင်းသား တပ်မတော် (ABSDF)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)တို့ ပူးပေါင်းကာ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဗန်းမော်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့ကိုလည်း ၂၀၂၄  ဩဂုတ် အတွင်း သိမ်းပိုက်ထားပြီးဖြစ်သည်။

ဗန်းမော်မြို့၏ အရှေ့ဘက် ၉ မိုင်ခန့် အကွာရှိ မိုးမောက်မြို့၊ တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ မံစီမြို့ နှင့် အနောက်ဘက် မိုင် ၃၀ ကျော် အကွာရှိ စင်းခန်းတံတားနှင့် စင်းခန်းရွာတို့ရှိ စစ်စခန်းများကိုလည်း KIA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ဖြစ်သည်။

ထို့ပြင် ဗန်းမော်မြို့အနောက်ဘက်နှင့် မြောက်ဘက်တွင်ရှိသည့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသ ကို လည်း KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးများ ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ် ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲ နေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးထားသည်။

သို့သော် ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော် လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ပိုမိုအရှိန်မြင့်ကာ တိုက်နေဆဲဖြစ်သည်။

ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ် ရေး လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။



Show More

Related Articles

Back to top button