သတင်း

မန်တုံနယ်မြေအငြင်းပွားမှုအတွက် KIAနှင့်TNLAတို့ ပြေလည်မှုမရသေး

မဟာမိတ်တအာင်းတပ် TNLA နှင့် ၎င်းတို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်း နယ်မြေအငြင်းပွားမှုသည် ပြေလည်မှုမရသေးဘဲ ဖြေရှင်းနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း ကချင်တပ် KIA ပြောခွင့်ရအရာရှိက Myanmar Now ကိုပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ မှ နှစ်ဖက်တပ်သားများသည် ဖေဖော်ဝါရီလအတွင်း မန်တုံမြို့နယ်တွင်း နှစ်ကြိမ်ထက်မနည်း ထိပ်တိုက် တွေ့ခဲ့ကြပြီး အပြန်အလှန်ထိုးကြိတ်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့က မန်တုံမြို့နယ်ထဲမှ KIA အထိုင်ချကင်းစခန်းသုံးခုကို TNLA က စီးနင်းခဲ့ပြီး နောက် နှစ်ဖက်တပ်များအကြား လူသိရှင်ကြားတင်းမာမှုများ စတင်ခဲ့သည်။ လောက်ကျယ်၊ ရော်ကျိန်း နှင့် မန်ဖန် ဟု အမည်ပေးထားသည့် ယင်းကင်းစခန်းသုံးခုသည် ၎င်းတို့၏တပ်မဟာ(၄) ထိန်းချုပ်နယ်မြေ အတွင်းမှ ကင်းစခန်းများဖြစ်သည်ဟု KIA ဘက်က ဆိုသည်။

ထိုပဋိပက္ခအပြီး ၄ ရက်အကြာ ‌ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မန်တုံမြို့နှင့် ၇ မိုင်ခန့်အကွာ မန်မောက်ရွာမှ KIA စခန်းကို  TNLA က အင်အားအလုံးအရင်းဖြင့် နောက်တကြိမ် ထပ်မံစီးနင်းခဲ့ပြီးနောက် မဟာမိတ်နှစ်ဖွဲ့ အကြားတင်းမာမှု ပိုမိုကြီးထွားလာခဲ့သည်။

‌ဖေဖော်ဝါရီ ၂၇၊ မန်မောက်ရွာတပ်စခန်းအငြင်းပွားမှုအတွင်း KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အခြား KIA တပ်သားများကိုလည်း TNLA က လက်နက်ဖြုတ်သိမ်းကာ ဖမ်းဆီးထားကြောင်း KIA ဘက်က စွပ်စွဲထားသည်။

အရှိန်မြင့်လာသည့် နှစ်ဖက်အကြားတင်းမာမှုများကို ဖြေရှင်းရန်ကြိုးစားနေဆဲဖြစ်ကြောင်း KIA ပြောခွင့် ရ အရာရှိ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

“ညှိတော့ ညှိနှိုင်းပါတယ်။ ဒါပေမယ့် ဗဟိုအဆင့်ညှိနှိုင်းတာတော့ မရှိသေးပါဘူး။ မရှိသေးဘူး ဆိုတာ ကတော့ ဆက်ပြီးတော့မှ လိုအပ်တာတွေပြင်ဆင်နေတဲ့အချိန်ကာလဖြစ်ပါတယ်” ဟု   ၎င်းက ဆိုသည်။

‌ဖေဖော်ဝါရီ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုအတွင်း ဖမ်းဆီးခံလိုက်ရသည့် ၎င်းတို့တပ်ဖွဲ့ဝင်များ ကို TNLA က ပြန်လွှတ်ပေးသော်လည်း လက်နက်များအကုန်ပြန်မရသေးဟု ၎င်းက ဆက်ပြောသည်။

TNLA ၏ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အငြင်းပွားမှုများအတွက် KIA နှင့် ဆွေးနွေးဖြေရှင်းရန် ပြင်ဆင်နေကြောင်း BBC(မြန်မာပိုင်း)ကို မတ်လ ၃ ရက်နေ့ကဖြေကြားထားသည်။

အဆိုပါဖြေကြားမှုအတွင်း TNLA ပြောခွင့်ရအရာရှိက KIA ကို ‘မဟာမိတ်’ ဟု ရည်ညွှန်းခဲ့ပြီး ထိုဆက်ဆံရေးကို ‘အပြန်အလှန်အသိအမှတ်ပြုပါတယ်’ ဟုလည်း ထည့်သွင်းပြောခဲ့သည်။

၂၀၂၅ ဇန်နဝါရီ ၂၇ ကရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်အနောက်တောင်ဘက် မုံးဝီးဒေသတွင် TNLA နှင့် KIA တပ်ဖွဲ့ဝင်များ ဆက်ဆံရေး တင်းမာပြီးနောက် ထိုးသတ်နေကြစဉ်။ (ဓာတ်ပုံ- T Awng ရုပ်သံမှ)

တောင်တန်းနှင့်ကုန်းမြင့်များထူထပ်ပြီး လက်ဖက်စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်သည့် မန်တုံမြို့နယ်ကို  နမ့်ဆန်မြို့နယ်နှင့်အတူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် စစ်ဗိုလ်ချုပ်များ ဦးဆောင်ရေးဆွဲခဲ့ သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ထည့်သွင်းထားသည်။ ထိုအခြေခံဥပဒေနှင့် သတ်မှတ်ချက်ကို  အာဏာသိမ်းစစ်ကောင်စီက ဆက်လက်အသိအမှတ်ပြုထားသည်။

TNLA သည် ရခိုင်တပ် AA၊  ကိုးကန့်တပ် MNDAA နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး (ပထမ ပိုင်း) တွင် မန်တုံအခြေစိုက် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ခဲ့သည်။ ထို့နောက်၂၀၂၃ ဒီဇင်ဘာ နှောင်းပိုင်းတွင် မန်တုံမြို့နယ်ကို ၎င်းတို့ထိန်းချုပ်နိုင်ပြီဟု TNLA ကြေညာခဲ့သည်။

မြို့ပေါ်လူဦးရေ  ၄၈၀၀ ကျော်နှင့် ကျေးလက်လူဦးရေ ၃၄၀၀၀ ကျော်ရှိသည့် မန်တုံမြို့နယ်တွင် ပလောင် ၇၀ %၊ ကချင် ၁၁%၊ လီဆူ ၇%၊ ရှမ်း ၆% နှင့်အခြားမျိုးနွယ်စုများနေထိုင်ကြောင်း စစ်ကောင်စီအုပ်ချုပ်ရေး ဌာနက ၂၀၂၃တွင် ထုတ်ပြန်သည့်စာရင်းက ဆိုသည်။

နှစ်ဖက်တပ်များအကြား ‌ ပဋိပက္ခဖြစ်ပွားခဲ့သည့် မန်မောက်ရွာနှင့်အနီးတဝိုက်တွင် ကချင်မျိုးနွယ်စုများ နေထိုင်ရာကျေးရွာများရှိကြောင်း ဒေသခံတချို့ကဆိုသည်။ 

TNLA  သည် ၁၀၂၇ စစ်ဆင်ရေး ၂ ကြိမ်အတွင်း မန္တလေးတိုင်းမှ မိုးကုတ်၊ ရှမ်းမြောက်မှ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် ၁၂ မြို့ကို သိမ်း ထားသည်။ 

“ပြည်တွင်းစစ်ဖြေရှင်းပြီးတဲ့အခါကြရင်တော့ ဒေသအလိုက် ဖြေရှင်းမှုတွေရှိလာပါလိမ့်မယ်။ ဒီအတွင်း မှာ လက်နက်ကိုင်ပဋိပက္ခအဖြစ် ပေါက်ကွဲထွက်ပေါ်မသွားဖို့အတွက် နှစ်ဘက်လုံးက ထိန်းသိမ်းရမယ့် အနေအထားရှိတယ်” ဟု ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တွင် အဖွဲ့ဝင်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း တွင် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းခဲ့ဖူးသည့် ဦးသန်းစိုးနိုင်က ဆိုသည်။

၁၉၉၂ ခုတွင် အစပြုပြီး ၂၀၀၉ ခုတွင် သွေးသစ်လောင်းခဲ့သည့် တအာင်းတပ် TNLA နှင့် ၁၉၆၀ ပြည့်တွင် တည်ထောင်ခဲ့သည့် ကချင်တပ် KIA တို့သည် ကာလရှည်မဟာမိတ်များဖြစ်ကြသည်။

၁၉၉၂  တွင်ဖွဲ့စည်းခဲ့သည့် PSLA ဟုခေါ်သည့် မူလတအာင်းတပ် ၂၀၀၅ တွင် စစ်တပ်နှင့်အပစ်ရပ်ကာ လက်နက်အပ်ခဲ့ပြီးနောက် ထိုလုပ်ရပ်ကိုသဘောမတူသည့် တပ်ဖွဲ့ဝင်အချို့က တအာင်းတပ်အသစ်ကို TNLA အမည်ဖြင့် ၂၀၀၉ တွင် ထပ်မံဖွဲ့စည်းခဲ့သည်။

“TNLA ကို ဖွဲ့စည်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းသို့ ထိုးဖောက်အခြေစိုက်ရန်အတွက် တအာင်းလူငယ် ၄၂ ဦးသည် ၂၀၁၁ ခုတွင် KIA ထံ စစ်ပညာသွားရောက်သင်ယူခဲ့သည်။ ထိုလူငယ် ၄၂ ဦးသည် KIA ထံမှ ရရှိသည့် ရိုင်ဖယ် ၂၂ လက်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လှုပ်ရှား ခဲ့သည်” ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar)   ကရေးသားသည်။  

TNLA နှင့် KIA တို့သည် FPNCC ဟုခေါ်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေး ညှိနှိုင်းရေး ကော်မတီ တွင်လည်း အဖွဲ့ဝင်များဖြစ်ကြသည်။ 

စစ်တပ်(သို့မဟုတ်) ပြည်မတွင် အာဏာရသည့်အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ၂၀၁၉ တွင် ဖွဲ့စည်းထား သည့် ထိုအဖွဲ့တွင် TNLA နှင့် KIA တို့သည်“ဝ” တပ်UWSA ၊ ကိုးကန့်တပ် MNDAA၊ မိုင်းလားတပ် NDAA၊ ရှမ်းတပ် SSPP၊ ရခိုင်တပ်  AA တို့နှင့်အတူ ပါဝင်သည်။

Show More

Related Articles

Back to top button