သတင်း

စစ်ခေါင်းဆောင်မော်စကိုခရီးအကြောင်း – သိရသမျှ

ယူကရိန်းစစ်ပွဲနှင့် သမ္မတဒေါ်နယ်လ်ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသစ်၏ နိုင်ငံခြားရေးမူဝါဒတို့ဖြင့် အလုပ်ရှုပ်နေသည့်တိုင် ရုရှားသမ္မတဗလာဒီမာပူတင်သည် မြန်မာစစ်ခေါင်းဆောင်ကို သူရုံးထိုင်ရာ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်တွင် ယမန်နေ့(မတ်လ ၄)ရက်နေ့က လက်ခံတွေ့ဆုံခဲ့သည်။

ရုရှားနှင့်မြန်မာအလံများလွှင့်ထူထားသော ကရင်မလင်နန်းတော်ထဲမှ အစည်းအဝေးခန်းထဲသို့ဝင်လာသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မစ္စတာပူတင်ကလက်ကမ်းကြိုဆိုခဲ့သည်။ ထို့နောက်အရှေ့ဥရောပနှင့် အရှေ့တောင်အာရှတို့တွင် ကိုယ်စီစစ်ပွဲများဆင်နွှဲနေရသည့် ခေါင်းဆောင်နှစ်ဦးသည် အချင်းချင်းပွေ့ဖက် နှုတ်ဆက်ခဲ့ကြသည်။

မော်စကိုနှင့် ကီလိုမီတာ ၆၀၀၀ ကျော်(မိုင် ၃၈၈၀ကျော်)ဝေးသည့် နေပြည်တော်မှလာရသည့် စစ်ခေါင်းဆောင် အတွက်ကတော့ ပူတင်၏ပွေ့ဖက်မှုက အာဏာသိမ်းပြီးလေးနှစ်အတွင်း ကြီးမားသည့်အောင်ပွဲ ဖြစ်လာသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်ကို အနောက်အုပ်စုအပြင် ဒေသတွင်းအာဆီယံနိုင်ငံအချို့ကပင် ဖယ်ကျဉ်ထားကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်၊ ယာယီသမ္မတ စသည့်တိုင်းပြည်၏ ထိပ်ပိုင်းရာထူး အားလုံးတွင်သူ့ကိုယ်သူ ပြန်ခန့်ထားသော်လည်း နိုင်ငံတကာမျက်နှာစာတွင် အာဏာသိမ်းစစ်ခေါင်းဆောင် အဖြစ်သာသတ်မှတ်ခံထားရသည်။

အခုခရီးစဉ်တွင်တော့ ကမ္ဘာ့အင်အားကြီးရုရှားက စစ်ခေါင်းဆောင်ကို ‘ မြန်မာဝန်ကြီးချုပ်’ ဟုရည်ညွှန်းခဲ့သည်။

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကရပ်မယ့် မြန်မာစစ်ခေါင်းဆောင်

(မြန်မာမှာ) ‘တရားသောစစ်အောင်ရမည်’ ဆိုတဲ့ စကားပုံတခုရှိပါတယ်” ဟုအစချီပြီး ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်ကရပ်တည်ကြောင်း စစ်ခေါင်းဆောင်က ကရင်မလင်နန်းတော်တွင်းတွေ့ဆုံပွဲတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ထပ်လောင်းအသိပေးခဲ့သည်။

ထို့နောက် “အနောက်နိုင်ငံတွေရဲ့ပရောဂတွေကြောင့် ယူကရိန်းအရေး ဖြစ်ခဲ့တယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်” ဟု  စစ်ခေါင်းဆောင်က စကားပြန်မှတဆင့် ရုရှားသမ္မတကိုပြောခဲ့သည်။

‘ရုရှား၏ကျူးကျော်စစ်’ ဟုယူကရိန်းဘက်က ပြောကြားထားသည့် ထိုစစ်ပွဲကို ရုရှား၏ ‘အထူးစစ်ဆင်ရေး’ ဟုစစ်ခေါင်းဆောင်က သုံးနှုန်းခဲ့ပြီး ရုရှားသမ္မတဗလာဒီမာပူတင်၏ ပူတင်ဦးဆောင်မှုကြောင့် ရုရှားအောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့အာဏာသိမ်းပြီး တနှစ်ခန့်အကြာတွင်စတင်ခဲ့သည့် ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်က ရပ်တည်ကြောင်း ယခင်ကလည်း မကြာခဏထုတ်ဖော်ပြောဆိုဖူးသည်။

မြန်မာစစ်ခေါင်းဆောင်က သူသည်လည်းရုရှားအစိုးရနည်းတူ ပြည်တွင်းပြည်ပအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံတကာမျက်နှာစာတွင်ကြုံခဲ့ရသည့် အကျပ်အတည်းများကို ရုရှားအစိုးရ၏ အကူအညီဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်။

ရုရှားရဲ့နျူကလီးယားအကူအညီများ

စစ်ခေါင်းဆောင်၏ မော်စကိုခရီးစဉ်အတွင်း ဒါဇင်နှင့်ချီသည့်သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုအထဲတွင် မြန်မာနိုင်ငံတွင် နျူကလီးယားစွမ်းအင်သုံး အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Small Modular Reactor (SMR) တည်ဆောက်လည်ပတ်ရေးစာချုပ်နှင့် နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး စာချုပ်တို့လည်းပါဝင်သည်။

မြန်မာနိုင်ငံအတွက် ပထမဆုံး နျူကလီးယားလျှပ်စစ်စက်ရုံ တည်ဆောင်ရန်အတွက် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)နှင့် စစ်ကောင်စီတို့အကြား ပြီးခဲ့သည့်နှစ်များအတွင်း အကြိုသဘောတူခဲ့ကြခြင်းဖြစ်သည်။ သို့သော်စီမံကိန်း အသေးစိတ်အချက်အလက်နှင့် တည်နေရာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။

ရုရှားကကိုယ့်အိမ်ကိုယ့်ယာလိုပဲလို့ဆိုတဲ့စစ်ခေါင်းဆောင်

မော်စကိုမြို့မှ ဝမ်းမြောက်ဝမ်းသာစွာ။ ကြိုဆိုပါတယ်”ဟု ရုရှား-မြန်မာစကားပြန်မှတဆက့် ဗလာဒီမာပူတင်က ပြောကြားသည့် ခရီးဦးကြိုဆိုနှုတ်ခွန်းဆက်စကားကို  “ရုရှားနိုင်ငံလာရတာ ကျနော့အတွက်တော့ ဧည့်သည်လို့မခံစားရပါဘူး” ဟု စစ်ခေါင်းဆောင်ကတုံ့ပြန်ခဲ့သည်။

ရုရှားကိုသူရောက်ခဲ့သည်က ဒီတကြိမ်အပါအဝင် ၁၁ ကြိမ်ရှိပြီဟုလည်း မြန်မာစစ်ခေါင်းဆောင်ကဆိုသည်။ သူသည်ရုရှားသို့ မြန်မာစစ်တပ်ခေါင်းဆောင်အနေဖြင့် ၇ကြိမ်၊ ယခုတခေါက်အပါအဝင် အာဏာသိမ်းပြီးနောက် ၄ ကြိမ်၊ စုစုပေါင်း ၁၁ ကြိမ်ရုရှားသို့ခြေချခဲ့သည်။

နောက်ဆုံးရောက်ခဲ့သည်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင်ဖြစ်ပြီး ၇ကြိမ်မြောက် အရှေ့ဖျားစီပွားရေးဖိုရမ် တက်ရောက်ရန်ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကလည်း စစ်ခေါင်းဆောင်သည် ပူတင်နှင့်တွေ့ဆုံခွင့်ရခဲ့သည်။

များမကြာမီတွင် စစ်ခေါင်းဆောင်အတွက် ၁၂ကြိမ်မြောက် ရုရှားခရီးစဉ်ဖြစ်လာနိုင်ကြောင်းလည်း ရုရှားဘက်ကဆိုသည်။ ရုရှားသမ္မတဗလာဒီမာပူတင်က လာမည့်မေလ၉ရက်နေ့တွင် မော်စကိုတွင်ကျင်းပမည့် ‘မော်စကိုအောင်ပွဲနေ့ချီတက်ပွဲ’ တွင်စစ်ခေါင်းဆောင်တက်ရောက်ရန် ဖိတ်ခေါ်သည်ဟု သတင်းထောက်များရှေ့တွင် ပြောကြားခဲ့သည်။

မော်စကိုရင်ပြင်နီမှာချီတက်ခွင့်ရမယ့် စစ်ကောင်စီတပ်များ

စစ်ကောင်စီအတွက် ရုရှားဘက်ကပေးသည့် အခွင့်အရေးများထဲတွင် ‘မော်စကိုအောင်ပွဲနေ့ချီတက်ပွဲ’ တွင် စစ်ကောင်စီတပ်များ ပါဝင်ချီတက်ခွင့်ရမည့် အခွင့်အရေးလည်းပါဝင်သည်။

ရုရှားနှင့်မြန်မာစစ်တပ်အကြား စစ်လက်နက်ရောင်းဝယ်ဖောက်ကားခြင်းနှင့် မြန်မာစစ်ဗိုလ်များအားရုရှားက ပညာသင်ကြားပေးခြင်းတို့သည် ဆယ်စုနှစ်နှင့်ချီကြာရှိနေခဲ့သည့်တိုင် ရုရှား၏အထင်ကရချီတက်ပွဲတွင် မြန်မာစစ်သားများ မော်စကိုရင်ပြင်နီထက် ခြေချခွင့်ရသည်က ပထမဆုံးဖြစ်လာမည်။

နှစ်စဉ်မေလ ၉ ရက်နေ့တွင် ကျင်းပလေ့ရှိသည့် ‘မော်စကိုအောင်ပွဲနေ့ချီတက်ပွဲ’ ကရုရှားတို့အတွက် အရေးအပါဆုံး စစ်ရေးပြအခမ်းအနားဖြစ်ပြီး အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးကျင်းပလေ့ရှိသည်။ ထိုအခမ်းအနားက ဒုတိယကမ္ဘာစစ်တွင် ဂျာမနီမှနာဇီတို့အပါအဝင် ရန်သူများကိုဆိုဗီယက်ပြည်ထောင်စု (၁၉၉၁ တွင်ပြိုကွဲပြီး ရုရှားဖြစ်လာ)က အောင်ပွဲရခဲ့သည့် အထိမ်းအမှတ်လည်းဖြစ်သည်။ 

ရုရှားအစိုးရနှင့် သဟဇာတမဖြစ်သည့် အနောက်တိုင်းသတင်းဌာနအချို့ကတော့ ရုရှားအစိုးရသည် ထိုချီတက်ပွဲကို ဝါဒဖြန့်ချိရေးအခမ်းအနားအဖြစ် အသွင်ပြောင်းခဲ့သည်ဟု ဝေဖန်ရေးသားလေ့ရှိသည်။

ရင်ပြင်နီချီတက်ပွဲကို စစ်ခေါင်းဆောင်ရောက်မရောက် မသေချာသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကတော့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မော်စကိုခရီးစဉ်ကပြတဲ့ မျက်နှာသစ်စစ်ခေါင်းဆောင်များ

ကရင်မလင်နန်းတော် အစည်းအဝေးခန်းမထဲမှ ထိုင်ခုံနေရာချထားမှုက အနာဂတ်မြန်မာစစ်ခေါင်းဆောင် မည်သူမည်ဝါဖြစ်မည်ဆိုသည်ကို ပြသနေခြင်းလားဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။

တွေ့ဆုံမှုအတွင်း ပူတင်က သူ့အတွက်အားကိုးရသည့် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ကို သူ၏အနီးကပ်ဆုံးထိုင်ခုံတွင် ထိုင်ခွင့်ပြုခဲ့သည်။ ၂၀၀၄ မှယနေ့အထိ ၁၁နှစ်ကြာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ရာထူးမြဲနေသည့် ဆာဂေးလက်ဗ်ရော့သည် မော်စကို-နေပြည်တော် ဆက်ဆံရေးအတွက် ၂၀၂၂ အတွင်းက မြန်မာနိုင်ငံသို့ရောက်လာခဲ့ပြီး စစ်ခေါင်းဆောင်နှင့်တွေ့ခဲ့သူလည်းဖြစ်သည်။

စစ်ခေါင်းဆောင်ကတော့ သူနှင့်အနီးကပ်ဆုံးထိုင်ခုံတွင် ဝါရင့်သံတမန်နှင့်သူ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို နေရာမပေးခဲ့ဘဲ အသက် ၅၈နှစ်အရွယ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ထိုင်ခိုင်းခဲ့သည်။ ထိုအဖြစ်အပျက်က မြန်မာစစ်တပ်တွင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အနာဂတ်ကောင်းရှိသည်ကို ပြသနေသည်။

အသက် ၇၁နှစ်အရွယ် ဗိုလ်မှူးကြီးဟောင်းဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ ကုလသမဂ္ဂ သံအမတ်စသည့် အရေးပါသည့် သံတမန်ရာထူးများကို ထမ်းဆောင်ခဲ့သည့် ဝါရင့်သံတမန်တဦးလည်းဖြစ်သည်။ သူသည်စစ်ကောင်စီတွင် ဒုတိယဝန်ကြီးချုပ်ရာထူး ရထားသည့်တိုင် ဆွေးနွေးပွဲအတွင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏နောက် ဒုတိယခုံတန်းတွင်သာ ထိုင်ခွင့်ရခဲ့သည်။

မော်စကိုခရီးစဉ်တွင် ရှေ့တန်းရောက်လာသည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဥရောပသမဂ္ဂ(အီးယူ)၊ အမေရိကန်၊ ဗြိတိန်စသည့် အနောက်တိုင်းအစိုးရများ၏ အရေးယူပိတ်ဆို့ခံရမှုများကို ခံထားရသည်။

သူသည်အာဏာသိမ်းစစ်ကောင်စီတွင် တွဲဖက်အတွင်းရေးမှူးရာထူးဖြင့် ဗိုလ်ချုပ်မင်းအောင်လှိုင်၊ ဗိုလ်ချုပ်စိုးဝင်း၊ ဗိုလ်ချုပ်အောင်လင်းထွေးတို့ပြီးနောက် စတုတ္ထမြောက်သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်လည်းဖြစ်သည်။

DSAဟုခေါ်သည့် စစ်တက္ကသိုလ်ဆင်းအရာရှိများကိုသာ ထိပ်ပိုင်းရာထူးပေးသည့် မြန်မာစစ်တပ်၏အစဉ်အလာကို ချိုးဖောက်ပြီး OTS ဟုခေါ်သည့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းဆင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ထူးထူးခြားခြားအဖြစ် ထိပ်ပိုင်းရာထူးရထားသူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ အတွင်းကမှ ဒုဗိုလ်ချုပ်ကြီးအဖြစ်မှ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးခဲ့သည့် ရဲဝင်းဦးသည်စရဖဟုခေါ်သည့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။ ထိုတပ်ဖွဲ့သည် ၂၀၀၄တွင် ဖျက်သိမ်းခဲ့သည့် မြန်မာစစ်တပ်၏ ထောက်လှမ်းရေးတပ်ကို အမည်ပြောင်းထားခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်၏ မော်စကိုခရီးစဉ်တွင်တွေ့ရသည့် နောက်ထပ်ထူးခြားမှုတခုမှာ စစ်ကောင်စီ၏ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းလိုက်ပါခွင့်ရခဲ့ခြင်းဖြစ်သည်။ သူသည်ထိုခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့သည့် တဦးတည်းသော တိုင်းအဆင့်စစ်ကောင်စီအရာရှိဖြစ်သည်။

စစ်ဗိုလ်ဘဝမှ ဒုရဲချုပ်ဖြစ်ခဲ့သည့် ဦးမျိုးဆွေဝင်းသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်၊ ဒုရဲချုပ်အဖြစ်မှ ပဲခူးတိုင်းဝန်ကြီးချုပ်ရာထူးရခဲ့သည်။ ခရီးစဉ်အတွင်း သူ၏အရေးပါမှုနှင့်အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ဗျာဒိတ်တော်လာမဟာမိတ်

ဗလာဒီမာပူတင်နှင့်သူ့အကြား မဟာမိတ်ဆက်ဆံရေးတည်ဆောက်နိုင်မည်ဟု လွန်ခဲ့တဲ့နှစ် ၂၅၀၀ ကျော်ကကတည်းက ဗုဒ္ဓမြတ်စွာဘုရားက ဗျာဒိတ်တော်ပေးခဲ့သည်ဟု စစ်ခေါင်းဆောင်က တွေ့ဆုံပွဲအတွင်း အံ့အားသင့်ဖွယ် ထည့်သွင်း ပြောကြားခဲ့သေးသည်။

လွန်ခဲ့သည့် ၇၃နှစ်က မြန်မာဘာသာဖြင့်ပုံနှိပ်ခဲ့သည့် စာအုပ်တအုပ်တွင် ယင်းကဲ့သို့ရေးသားထားခြင်းဖြစ်ပြီး ထိုအထောက်အထားပါစာအုပ်ကို မိတ္တူဆွဲ၊ပုံကြီးချဲ့ကာ ယူဆောင်လာကြောင်းလည်း စစ်ခေါင်းဆောင်က စကားပြန်မှတဆင့် ရုရှားသမ္မတကိုပြောခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကိုယ်သူ ‘မြန်မာဘုရင်’ ဟုရည်ညွှန်းအနက်ဖွင့်ခဲ့ပြီး မစ္စတာပူတင်ကိုလည်း “ဘုရင်တဦး” အဖြစ်သတ်မှတ်နိုင်သည်ဟုဆိုခဲ့သည်။

မဟာဘိသက္ကပဏ္ဍိတဘွဲ့ခံပါဠိဆရာကြီး ဦးစောရေးသော “ဦးအောင်ဇေယျအတ္ထုပ္ပတ္တိ” ဆိုသည့်စာအုပ်တွင်“ (သာသနာတော်အနှစ် ၂၀၀၀ ကျော်သောအခါ) ရုရှားမင်းသည် အပရန္တတိုင်းကြီးရှင် မြန်မာဘုရင်တို့နှင့် ချစ်ကြည်သော မဟာမိတ်ဖြစ်ကြလတ္တံ့”  ဆိုသည့်စာသားပါရှိကြောင်း စစ်ခေါင်းဆောင်က ကိုးကားပြောဆိုခဲ့သည်။

 ထို့နောက် “မြတ်စွာဘုရားရဲ့ ဗျာဒိတ်က ထူးထူးခြားခြား တိုက်ဆိုင်နေတယ်” ဟုလည်း ဗလာဒီမာပူတင်ကို စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

စစ်ကောင်စီသည် အထက်ပါအကြောင်းအရာကို စစ်တပ်ပိုင်မြဝတီသတင်းစာနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် ပြီးခဲ့သည့်နှစ်များအတွင်း မကြာခဏထည့်သွင်းပုံနှိပ်ခဲ့သည်။

Related Articles

Back to top button