အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့် KIA ဂိတ်ကို စစ်တပ်က အလစ်ဝင်တိုက်

ဖားကန့်ဟိုတယ်တစ်ခုတွင် ၁ လနီးပါး တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးလှုပ်ရှားမှုငြိမ်သက်သွားသော စစ်တပ် သည် ယနေ့နံနက်တွင် မြို့ပြင်ရှိ KIA ဂိတ်ကို နံနက်ပိုင်းတွင် အလစ်ဝင်တိုက်လိုက်သည်။

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၇) နံနက်ပိုင်း၌ စစ်ကောင်စီတပ် က တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားရာ  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဖားကန့်မြို့ပေါ်ရှိ ဗျူဟာကုန်းမှ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့က  ဆိပ်မူကျေးရွာအုပ်စု ၊ မှော်တောင်းနှင့် ဆန်းကြွယ်ရွာအနီးရှိသော  KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) စခန်းထိုင်သောဂိတ်ကို  တိုက်ခိုက်ရာမှ  ၁ နာရီခန့်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု KIA စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးကပြောသည်။

စစ်ကောင်စီတပ် ပြန်ဆုတ်သွားသည့်အတွက် တိုက်ပွဲပြီးဆုံးခဲ့သည်ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

၂၀၂၄ နှစ်ဆန်းမှ စတင်ပြီး KIA နှင့် KPDF များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီသည် စခန်းအများအပြား လက်လွှတ်ခဲ့ရပြီး ခံစစ်အနေအထားဖြင့် ၎င်းတို့၏ တပ်စခန်းများအတွင်း ပိတ်မိနေခဲ့သည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်မှ စတင်ကာ စစ်ကောင်စီတပ်က ဖားကန့်မြို့ပေါ်နှင့် အနီးအနားကျေးရွာများရှိ KIA ပစ်မှတ်များကို ဒရုန်းများ၊ တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်လာသလို ယနေ့နံနက်တွင် မြေပြင်ထိုးစစ်များ စတင်လာခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပြန်ပြီးတော့ လှုပ်ရှားလာတဲ့ သဘောလို့ယူဆရတယ်။ အရင်က သူတို့ ငြိမ်နေပြီး တပ်ထဲက တပ်ပြင်တောင် မထွက်ရာကနေ လှုပ်ရှားမှုတွေရှိလာပြီ” ဟု သူက ဆိုသည်။

“ဂိတ်ထိုင်ထားတဲ့ နေရာက စစ်တပ်ရဲ့ သွားလာလှုပ်ရှားမှုကို ထိန်းချုပ်ထားတဲ့ အနေအထားပေါ့လေ၊ ပြောရမယ်ဆိုရင် မြို့ပြင်ထွက်တာနဲ့ ဂိတ်ထိုင်ထားတာဖြစ်တဲ့အတွက် ကျုံ့နေတဲ့အနေအထားပေါ့”  

ယမန်နှစ် အောက်တိုဘာလက ဖားကန့်မြို့အနောက်ဘက် ဆိုင်းတောင်ရွာ Lucky Men ဟိုတယ်တွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ကို  KIA, KPDF ပူးပေါင်းတပ်တို့က တစ်လခန့် သွားရောက်တိုက်ခိုက်မှုအပြီး ဆိုင်းတောင်ရွာကို KIA က ထိန်းချုပ်နိုင်ခဲ့သည်။

ထို့နောက် ၃ လကျော်ကြာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်နေရာမှ ဖေဖော်ဝါရီ လလယ်ခန့်မှစ၍ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာတချို့ကို ဒရုန်းများဖြင့် ကင်းထောက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သလို KIA တပ်မဟာ(၉) လက်အောက်ခံ တပ်ရင်း (၂၆) ဒေသကိုလည်း လေတပ်က ဗုံးကြဲခဲ့သည်။

အလားတူ KIA,KPDF မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော  ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့ကိုလည်း စစ်ကောင်စီတပ်က လေယာဉ်၊ ဒရုန်းတို့ သုံးပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်။

ထိုတိုက်ပွဲမှာ ၃ လခန့် ကြာမြင့်နေပြီဖြစ်ကာ KIA က မြို့နေရာအများစု ထိန်းချုပ်ထားသည်၊ စစ်ကောင်စီ က အဆင်မြင့်ဒရုန်းများပါ အသုံးပြုနေသည်ဟု သိရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ် ကချင်ပြည်နယ်အခြားနေရာများတွင် တိုက်ပွဲများ မရှိသလောက် နည်းပါးနေသလို ဖားကန့်မြို့နယ်တွင် ယနေ့နံနက်မှသာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

၂၀၂၄ မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေး လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။


သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button