
အချုပ်ကျနေသူ အမျိုးသမီးကို အဓမ္မပြုကျင့်ကြောင်း စွပ်စွဲတိုင်ကြားခံထားရပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၆)က ဖမ်းဆီးလိုက်ပြီဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ တန့်ဆည်မြို့အခြေစိုက် ကာကွယ်ရေးအဖွဲ့ကဆိုသည်။
ဦးမဲခေါင်ဟုလည်းလူသိများသည့် ဦးမြင့်ဇော်ဦး၊ အချုပ်ဆောင်တာဝန်ခံ ဦးအောင်ဇေယျ၊ စခန်းမှူးဦးရဲရင့်တို့သုံးဦးသည် ၂၀၂၃ ခုနှစ်အတွင်း အချုပ်သူသုံးဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ရှိခဲ့ကြောင်း တိုင်ကြားခံထားရသည်။
ဦးမဲခေါင်သည် အသက် ၂၅နှစ်အရွယ် အချုပ်သူအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည်ဟုလည်း တိုင်ကြားခံခဲ့ရသည်။
ဦးမဲခေါင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကန့်ဘလူမြို့နယ်ကိုယ်စားပြု စစ်ကိုင်းတိုင်းလွှတ်တော်အမတ်ဖြစ်သည်။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်သူသည် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာသည်။
စွပ်စွဲခံခဲ့ရသူများအနက် အချုပ်ဆောင်တာဝန်ခံ ဦးအောင်ဇေယျ၊ စခန်းမှူးဦးရဲရင့်တို့ကို ဇန်နဝါရီလအတွင်းတွင် ဒေသခံကာကွယ်ရေးတပ်များက ဖမ်းဆီးနိုင်ခဲ့သော်လည်း ဦးမဲခေါင် ထွက်ပြေးလွတ်မြောက်နေခဲ့သည်ဟု တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒေသခံစစ်ဆေးရေးအဖွဲ့များက NUG ၏ပြည်ထဲရေးဝန်ကြီးဌာနထံ အမှုနှင့် ပတ်သက်ပြီး အစီရင်ခံစာတင်ခဲ့သည်၊ ပြည်ထဲရေးဌာနက ဝရမ်းထုတ်ပေးချိန်တွင် ဦးမဲခေါင် ခြေရာဖျောက်သွားသည့်အတွက် လိုက်လံရှာဖွေခဲ့ရသည်ဟု ၎င်းကဆိုသည်။
“ဖမ်းမိန့်မကျသေးတော့ ဖမ်းလို့မရဘူး။ (အမိန့်)ကျလာတော့ သူက မရှိတော့ဘူး၊ ခရီးသွားတယ်ဆိုပြီး။ ဘယ်ကနေ ဘယ်လိုထွက်သွားမှန်မသိတာ” ဟု အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်က ပြောသည်။
“တိုင်းက အမိန့်ကျတော့ နီးစပ်ရာတွေကို အကုန်ဖြန့်ထားတော့ ကျွန်းလှဘက်အခြမ်းကနေ တန့်ဆည်ကိုကူးပြေးတာ။ လမ်းမှာ တားဖမ်းလိုက်တာ”
မုဒိန်းမှုသံသယဖြင့်ဝရမ်းထုတ်ခံထားရသည့် လွှတ်တော်အမတ်နှင့် ပအဖခေါင်းဆောင်ကို လက်ရှိတွင် တန့်ဆည့်အခြေစိုက်ကာကွယ်ရေးအဖွဲ့ထံမှ ကန့်ဘလူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြန်လည်လွှဲ ပြောင်းရယူနေသည်ဟုသိရသည်။
ကနဦးကတည်းက ဖမ်းမိထားသည့် အချုပ်ဆောင်တာဝန်ခံ ဦးအောင်ဇေယျ၊ စခန်းမှူးဦးရဲရင့်တို့ကို ပူးပေါင်းပါဝင်မှုဖြင့် အမှုဖွင့်စစ်ဆေးနေပြီး NUG တရားရုံး၌ ၁၅ ရက် ရမန်ယူ၍ ချုပ်နှောင်ထားသည်ဟု သိရသည်။
“သူတို့နှစ်ယောက်ကိုတော့ အဲဒီလိုလုပ်လို့ရအောင် ထုတ်ပေးတယ်ဆိုတော့ ကြံရာပါအနေနဲ့စွဲထားတာ။ သူတို့နှစ်ယောက်ကိုက စာထုတ်တဲ့နေ့ကတည်းက မိတာ။ သူတို့လည်း လုပ်ထားတာမဟုတ်တော့ မပြေးဘူး။ ရှင်းမယ်ပေ့ါ”ဟု အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်က ရှင်းပြသည်။
ဦးမဲခေါင်ကို မုဒိန်းမှုဖြင့်စစ်ဆေးမည်ဟု နားလည်ရပြီး အခြားမည်သည့် ပုဒ်မများ တပ်ထားသည်ကို မသိရသေးပေ။