
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာအပါအဝင် ကချင် ၅ မြို့နယ်ထက် မနည်းကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်ရက်များအတွင်း အသေခံဒရုန်းများ၊ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၅ ) မွန်းလွဲ ၂ နာရီခန့်တွင် တရုတ်နယ်စပ်အနီးတွင် ရှိသော လိုင်ဇာမြို့ကို စစ်တပ် က အသေခံဒရုန်း ၃ ခုဖြင့် တိုက်ခိုက်ခဲ့သည်ဟု KIA နှင့်နီးစပ်သူ စစ်ရေးသတင်းရင်းမြစ် အမျိုးသား တစ်ဦး နှင့် ဒေသခံတချို့ထံက သိရသည်။
စစ်တပ်၏ အသေခံ ဒရုန်း ၃ ခုသည် လိုင်ဇာမြို့မြောက်ဘက် မိုင်အနည်းငယ်အကွာ အလာ့ဘွမ်တောင် ဝန်းကျင်နှင့် လိုင်စင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု မရှိကြောင်း အဆိုပါ စစ်ရေးရင်းမြစ် အမျိုးသားက ပြောသည်။
“လိုင်ဇာဘက်မှာ အသေခံဒရုန်း၂ စီးကျတယ်၊ အဲဒီဘက်က လူနေအိမ်သိပ်မရှိတော့ လူ ထိခိုက်တာတော့ မရှိဘူး၊ လိုင်စင်ဘက်လည်း တစ်လုံး ကျတယ် အဲဒါလည်း ထိခိုက်တာမရှိဘူး၊ လူနေအိမ်တွေနဲ့ ဝေးနေ တာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
လိုင်ဇာမြို့အနီး တိုက်ခိုက်ခံရမှုအခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိိုလ်မှူးကြီးနော်ဘူကို ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် KIA နှင့် တိုက်ပွဲများပြင်းထန်နေရာ KIA ဌာနချုပ်ကို ဒရုန်းတိုက်ခိုက်မှုများ ခပ်စိတ် စိတ်ပြုလုပ်လာပြီး Suicide ဒရုန်း ဟု ခေါ်ကြသည့် ပေါက်ကွဲမည့်ဗုံးသီး နှင့်အတူ ပျက်စီးသွားမည့် တစ်ခါသုံးဒရုန်းများပါ အသုံးပြုလာသည်။
စစ်ကောင်စီသည် ယမန်နှစ်ကုန်ခန့်ကတည်းက ဗုံးသီးချတိုက်ခိုက်ရာတွင် သုံးသည့် ဒရုန်း၊ Suicide ဒရုန်း ဟု ခေါ်ကြသည့် ပေါက်ကွဲမည့်ဗုံးသီးနှင့်အတူ ပျက်စီးသွားမည့် တစ်ခါသုံးဒရုန်း၊ ကင်းထောက်ဒရုန်းတို့ တွင်တွင်ကျယ်ကျယ်သုံးလာပြီး ယခုနှစ် ဗန်းမော်ထိုးစစ်တွင် အပူလှိုင်းကို ရှာပြီး ထောက်လှမ်းပစ်ခတ်ရ သည့် Thermal ဒရုန်းများပါ အသုံးပြုလာသည်။
ယခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း လိုင်ဇာမြို့ကို အသေခံဒရုန်း၂ ခုဖြင့် တိုက်ခိုက်ခဲ့ရာ မြို့လယ်ရှိ ဟိုတယ် ၁ လုံး ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ပေ။
ယမန်နေ့တနေ့တည်းမှာပင် ဖားကန့်မြို့ကိုလည်း လေကြောင်း၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အထက်ပါ KIA စစ်ရေးသတင်းရင်းမြစ်အမျိုးသားက ပြောသည်။
“ဖားကန့်တပ်မကုန်းက အရင်တုန်းက ဒရုန်းသိပ်မသုံးဘူး အခုက သုံးလာတယ်၊ တပ်မကုန်းရဲ့ မျက်နှာ ချင်းဆိုင်ကုန်းတွေက ကျွန်တော်တို့ ထိုင်ထားတဲ့ စခန်းတွေကို ဒရုန်းတွေနဲ့ ဗုံးလိုက်ချနေတယ်”
“မနေ့တုန်းက မနက် ၁၁ နာရီကျော်မှာ ဆန်းကြွယ်ဘုရားကုန်းကို ဒရုန်းနဲ့ ဗုံးနှစ်လုံးလာချတာ ၆၀(မမ) အသီးတွေနေမှာ၊ နေ့လယ်မှာ ဒရုန်းနဲ့ ချပြီးတော့ ညမှာ ဂျက်ဖိုက်တာလာတာ”ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် ယမန်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့် ကလည်း ဖားကန့်မြို့အရှေ့မြောက်ဘက်ရှိ KIA တပ်မဟာ(၉) လက်အောက်ခံ တပ်ရင်း(၂၆)နယ်မြေအတွင်း လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ တောတောင်များ အတွင်းဖြစ်သောကြောင့် လူသူ၊ အဆောက်အဦ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
KIA နှင့် ကချင်ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့(KPDF)များ၏ဖားကန့်မြို့ရှိ စခန်းများကို လွန်ခဲ့သည့် နှစ်ပတ်ခန့်မှ စတင်ကာ စစ်တပ်က သွေးတိုးစမ်းတိုက်ခိုက်နေသည်ဟု KIA နှင့်နီးစပ်သူက ဆိုသည်။
KIA ၏ အသစ်ထပ်မံဖွဲ့စည်းထားသည့် တပ်မဟာ(၁၁) လှုပ်ရှားရာဒေသဖြစ်သည့် ရွှေကူမြို့နယ်နှင့် တရုတ် နယ်စပ်မျဉ်းအနီးတွင်ရှိသည့် မံဝိန်းကြီးဒေသတို့တွင်လည်း ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဗုံးကြဲခံရသည်ဟု ရွှေကူနယ်အတွင်းရှိနေသည့် ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)မှ တာဝန်ရှိသူ အမျိုးသား တစ်ဦးထံက သိရသည်။
ရွှေကူမြို့ပြင် KIA ထိန်းချုပ်ဒေသဘက်ဖြစ်သည့်အတွက် ထိခိုက်၊ သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေများ ကို အတည်မပြုနိုင်သေးကြောင်း အဆိုပါအမျိုးသားက ပြောသည်။
တိုက်ပွဲများ ပြင်းထန်နေသည့် ဗန်းမော်မြို့မှာ နေ့စဉ်ဗုံးကြဲတိုက်ခိုက်ခံနေရပြီး ဖေဖော်ဝါရီ ၂၄ နှင့်၂၅ ရက် နေ့များတွင် ဗန်းမော်မြို့တွင်းအပြင် မြို့ပြင်ကျေးရွာတချို့ကို ပစ်မှတ်ထားကာ လေတပ်က ဗုံးကြဲခဲ့သည် ဟု ဗန်းမော်ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
သို့သော် ဗန်းမော်တွင် တိုက်ပွဲများ စတင်ကတည်းက ပြတ်တောက်နေသော ဖုန်းလိုင်းအခက်အခဲကြောင့် ဒေသခံထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးပေ။
ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဗန်းမော်မြို့၏ အရှေ့ဘက် မိုးမောက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို လေတပ်က ဗုံးကြဲခဲ့စဉ် ဒေသခံ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း အများအပြား ရှိခဲ့သည်။
ဗန်းမော်မြို့ကို KIA နှင့်ပူးပေါင်းတပ်များက ၂၀၂၄ ခု ဒီဇင်ဘာမှ စတင်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ် ရပ်ကွက် တချို့၊ စစ်ကောင်စီတပ်ရင်းဌာနချုပ်တချို့နှင့် ဗန်းမော်လေဆိပ်တို့ကို သိမ်းပိုက်ထားပြီး အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဆက်လက်တိုက်ခိုက်နေသည်။
စစ်ကောင်စီက တပ်မြို့ဖြစ်သော ဗန်းမော်ကို လက်မလွှတ်ရရေး၊ အပြင်းအထန် ခုခံနေပြီး လေကြောင်း အပြင် အသေခံဒရုန်းများ၊ အပူချိန်အသုံးပြုသောဒရုန်းများ အသုံးပြုတိုက်ခိုက်နေသည်။
ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့ ၁ မြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက် မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့စသော ၁၄ မြို့တို့ကို သိမ်းပိုက်ထားသည်။