စီးပွားရေးသတင်း

ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်ရေးတွင်  ရုရှားပါဝင်ရန် သဘောတူ

တိုက်ပွဲ မကြာခဏ ဖြစ်ပွားတတ်သည့် နေရာအနီး တည်ရှိသဖြင့် လုံခြုံရေး အကဲဆတ်သော ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်ရေးလုပ်ငန်းတွင် ရုရှား ပါဝင်မည်ဟု ဆိုသည်။

ဆိပ်ကမ်းနှင့် စွမ်းအင်စီမံကိန်းများပါဝင်သည့် ထားဝယ်အထူးစီးပွားရေးဇုန် ရင်းနှီးတည်ဆောက်ရေး အတွက် အာဏာသိမ်းစစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး လိုက်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် Interfax ရုရှားသတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov ၏ မြန်မာခရီးစဉ်တွင် လက်မှတ်ထိုးခြင်းဖြစ်ကြောင်း၊ ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံ စီမံကိန်းများပါဝင်ပြီး မြန်မာရှိ ရုရှားကုမ္ပဏီများနှင့် ပူးပေါင်းအကောင်းအထည်ဖော်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

အခက်အခဲဆုံးစီမံကိန်းမှာ ရေနံချက်စက်ရုံတည်ဆောက်ရေးကိစ္စဖြစ်ကြောင်း၊ ထားဝယ်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး လေ့လာမှုများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံ လိုသူများရှိကြောင်း ရုရှားစီးပွားရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။  

အဆိုပါစီမံကိန်းကို လာမည့်ကာလများတွင် နည်းပညာနှင့်ပို့ကုန်လုပ်ငန်းများ လုပ်ဆောင်သွားရန် မျှော်မှန်းထားသည်ဟု ဆိုသည်။ 

နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ယမန်နေ့ (ဖေဖော်ဝါရီ ၂၃)  ရက် နေ့က နေပြည်တော်တွင် ရုရှားနှင့် စစ်ကောင်စီတို့ အစည်းဝေးလုပ်ခဲ့အပြီး အဆိုပါသတင်း ထွက်ပေါ် လာခြင်းဖြစ်သည်။ 

ထိုအစည်းအဝေးအတွင်း စီးပွားရေးဆိုင်ရာ အခြေခံ အဆောက်အအုံ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စာချုပ် ၉ ခု လက်မှတ်ရေးထိုး ခဲ့ကြကြောင်း စစ်တပ်ထိန်းချုပ်သည့်  ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင်လည်း ဖော်ပြထားသည်။ 

ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်သည့် အသေးစိတ်အချက်လက်များကို ထည့်သွင်းဖော်ပြ မထားပေ။

ရုရှားရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးမှုနှင့်ပတ်သက်၍ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးကို Myanmar Now က ဆက်သွယ် မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။ 

ရုရှားစီးပွားရေးဝန်ကြီးသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က နေပြည်တော်သို့ လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လာရောက်တွေ့ဆုံထားသည်။ 

ယခုကဲ့သို့ လက်မှတ်ထိုးလိုက်ခြင်းသည် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ရုရှားသည် ရင်းနှီး တည်ဆောက်သူဖြစ်လာမည့်သဘောသက်ရောက်ပြီး အသေးစိတ်အချက်အလက်များဆွေးနွေးရန်၊ လက်တွေ့အကောင်အထည်ဖော်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း ထိုစီမံကိန်းအကြောင်းသိရှိသည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

အမေရိကန်ဒေါ်လာသန်းထောင်ချီ အကုန်အကျခံကာ တည်ဆောက်မည့် ထားဝယ်ဒေသ စီမံကိန်းလုပ်ငန်းခွင်ရှိ မြေပုံတစ်ခုကို ရဟန်းတစ်ပါး ၂၀၁၂ က ကြည့်ရှုနေပုံ။ (ဓာတ်ပုံ- AFP) 

၁၉၅ စတုရန်းကီလိုမီတာနီးပါး ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး မဟာဗျူဟာကျသည့်နေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြီး ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများပါဝင်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ကတည်းက စစ်အစိုးရနှင့် ထိုင်းအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း ဦးသိန်းစိန်အစိုးရက “စီမံကိန်းအတွက် လိုအပ်သည့်ငွေကြေးကို အချိန်မီ ရှာဖွေဖြည့်ဆည်းခြင်း မပြုနိုင်” ဆိုသည့် အကြောင်းပြချက်ဖြင့် အဆိုပါစာချုပ်ကို ရပ်ဆိုင်းခဲ့ကြောင်း   မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ၂၀၁၃ ခုနှစ်တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော် အီတာလျံထိုင်းကို စီမံကိန်း၏အစိတ်အပိုင်းတစ်ခု ဆက်လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း စစ်တပ်အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီတွင် ထိုကုမ္ပဏီ အပြီးတိုင်ဖယ်ရှားခံခဲ့ရသည်။

စီမံကိန်းအတွက် မြန်မာ၊ ထိုင်းနှင့် ဂျပန်အစိုးရတို့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကတိပြုခဲ့ သော်လည်း အကောင် အထည် မပေါ်လာခဲ့ပေ။

၁၆ နှစ်နီးပါးကြာသည်အထိ ရုပ်လုံးမပေါ်သေးသည့် စီမံကိန်းကို စစ်ကောင်စီက ရုရှား၏ အကူအညီဖြင့် ပြန်လည်အသက်သွင်းရန် ဆွေးနွေးမှုများရှိသော်လည်း စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အကောင်အထည်ပေါ်လာရန် ခက်ခဲကြောင်း တနင်္သာရီ အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ 

“၂၀၀၈ လောက်ကတည်းက လုပ်နေတာပေါ့နော်။ မြေပြင်မှာ လုပ်နေတဲ့ကဏ္ဍလေးတွေမှာ ရှေ့က ထိုင်းတွေလုပ်ခဲ့တဲ့ဟာတွေ ရှိတယ်လေ။ ကျွန်တော်တို့ အိမ်နီးနားချင်းပဲ။ အဲ့ဒီဟာတောင် အကောင်အထည်ဖော်နိုင်မှုစွမ်းအား သိပ်မရှိဘူးလို့ပဲ ပြောရမှာပေါ့” ဟု သူက ဆိုသည်။

ထိုအထူးစီးပွားရေးဇုန်အနီး စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး အဆိုပါစီမံကိန်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ မတွေ့ရကြောင်း၊ စစ်စခန်းတစ်ခုသာ ထားရှိသည်ကို တွေ့ရကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က ထားဝယ်မြို့၌ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် ရုရှားသံအမတ်တို့ တွေ့ဆုံစဉ် ထားဝယ် အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံတောင်ဘက်ပိုင်း အထူးစီးပွားရေးဇုန်ဖွံဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသေးသည်။ 

Show More

Related Articles

Back to top button