ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လှုပ်ရှားသည့် AAC မဟာမိတ်ရုံး အဆောက်အအုံကို ယနေ့ (ဖေဖော်ဝါရီ ၂၀) တွင် ချိပ်ပိတ် အရေးယူခံရကြောင်း အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။
ယနေ့နံနက်တွင် ထိုင်းအာဏာပိုင်များက AAC အဖွဲ့ကို ဖျက်သိမ်းရန်၊ အဆိုပါရုံးနေရာ အသုံးမပြုရန် လာရောက်စာကပ်ထားခြင်းဖြစ်ပြီး နေရာကို ဆက်လက်အသုံးပြုပါက ၃ လထက်မပိုသောထောင်ဒဏ် သို့မဟုတ် ဘတ် ၆၀,၀၀၀ ထက်မပိုသောဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး ငွေဒဏ်၊ ထောင်ဒဏ် ၂ မျိုးလုံး ချမှတ်ခံရနိုင်သည်ဟု ပါရှိသည်။
အလုပ်သမားများယာယီကယ်ဆယ်ရေးစခန်းအဖြစ် ဆက်လက်အသုံးပြုနေပါက တစ်ရက်လျှင် ဘတ် ၁၀၀၀၀ ထက်မပိုသောဒဏ်ငွေပေးဆောင်ရမည်ဟု ဖော်ပြထားသည်။
“ဒီနေ့တော့ ခရိုင်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ဂေဟာကို အသုံးမပြုဖို့ စာကပ်သွားတယ်။ အဲဒီ အဆောက်အဦကို ကျွန်တော်တို့က အသုံးတော့မပြုဘူး။ ဒုက္ခသည်တွေကို ပြောင်းဖို့၊ ရွှေ့ဖို့ အတွက်တော့ အချိန်တော့ပေးရဦးမှာ။ ဒုက္ခသည်တွေရွှေ့ပြောင်းရေးအတွက် ခွင့်ပြုချက်တောင်းနေရတယ်”ဟု ဦးခိုင်ကြီးက ပြောသည်။
၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်သော AAC မဟာမိတ်အဖွဲ့သည် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU) စနစ်ဖြင့် ထိုင်းရောက် မြန်မာအလုပ်သမားများအခက်အခဲ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာ ရသူများ၊ မသန်စွမ်းများနှင့် အလုပ်ထုတ်ခံရသူများအရေးကို လိုက်လံကူညီဆောင်ရွက်ပေးနေသည်မှာ ၁၀ နှစ်နီးပါး ရှိပြီဟု သိရသည်။
လက်ရှိတွင် ထိုရုံး၌ လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်၍ ခြေ၊လက်ပြတ်တောက်နေသူ ၂၀ ဦးအပါဝင် သက်ကြီးရွယ်အို၊ ကလေးငယ်၊ အလုပ်လက်မဲ့ဖြစ်နေသူ စုစုပေါင်း ၁၀၄ ဦး ခိုလှုံနေထိုင်နေကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ထိုင်းရဲချုပ် Kitrat Panphet က နိုင်ငံတဝှမ်းရှိ နိုင်ငံခြားသားများ၏ အပြုအမူများကို စောင့်ကြည့်ကြပ်မတ်ရန် အမိန့်ထုတ်ခဲ့ပြီးနောက်ပိုင်း ခွင့်ပြုမထားသည့် လုပ်ငန်းအမျိုးအစား လုပ်ကိုင်နေသည့် နိုင်ငံခြားသားအလုပ်သမား အများအပြား၊ အဆိုပါ အလုပ်သမားများအရေး လုပ်ကိုင်နေသူများ စစ်ဆေး အရေးယူခံနေရသည်။
AAC ရုံးနေရာသည် ဥယျာဉ်ခြံမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထား ပြီး လူစုလူဝေးနေထိုင်ခြင်းတို့ကြောင့် ဥပဒေချိုးဖောက်သည်ဟု ထိုင်းအာဏာပိုင်များက လာရောက်သတိ ပေးခဲ့ပြီး ၂ ရက်အကြာတွင် ချိပ်ပိတ်
ခံလိုက်ရခြင်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီကယ်ဆယ်ရေးနေရာအဖြစ် အသုံးပြုနေသော ထိုနေရာကို ယခင်က လာရောက်တားဆီးခဲ့ဖူးသည်ဟု ဦးခိုင်ကြီးက ပြောသည်။
“သူတို့က ရှောင်တခင် ဝင်စစ်ပြီးတော့မှ ဥပဒေနဲ့ မညီညွတ်ပါဘူး။ အဲဒီအဆောက်အဦကို ပိတ်ပေးပါ။ ဆက်သုံးမယ်ဆို ဒဏ်ကြေးပေးရမယ်ဆိုပြီးဖြစ်သွားတာ။ အရင်က နှစ်ခါလောက်ဖြစ်ဘူးတယ်။ ဒီတစ်ကြိမ်မှာတော့ လုံးဝပိတ်ပေးရတဲ့အနေအထားဖြစ်သွားတာ။ လူစုလူဝေးနဲ့ထားတာတွေကို ကျေနပ်မှု မရှိတာ။ ပြီးတော့ စစ်အာဏာရှင်ဘက်က ဖိအားပေးမှုတွေပါတယ်လို့ သုံးသပ်ရတယ် ”ဟု ၎င်းက ဆိုသည်။
မသန်စွမ်းခိုလှုံနေသူများကို နေရာရွှေ့ရန် ရက် ၆၀ အချိန်ပေးရန် တောင်းဆိုထားသော်လည်း ထိုနေရာ ဆက်အသုံးပြုပါက တစ်ရက်လျှင် ဘတ် ၁၀၀၀၀ ဒဏ်ကြေးဆောင်ရမည်ဟု ဆိုသဖြင့် အခက်အခဲ ကြုံနေရသည်ဟု ပြောသည်။
“ထာဝရဒုက္ခရောက်နေတဲ့သူတွေမဟုတ်ဘူး။ ရက်ပိုင်းလောက်ပဲ ကျွန်တော်တို့က စောင့်ရှောက်တာ။ အခြေနေတစ်ခုခု ပုံမှန်ဖြစ်သွားရင် သူ့နေရာသူ ပြန်ကြတာ။ ကျွန်တော်တို့က ယာယီစောင့်ရှောက်ကြ တာများတယ် ”ဟု ၎င်းက ဆက်ပြောသည်။
“ အမြဲနေတဲ့အလုပ်သမားက ခြေလက် အင်္ဂါမသန်စွမ်းတဲ့သူတွေပဲ ရှိတယ်။ ခြေထောက်ပြတ်နေတဲ့သူ၊ ပေါင်ကျိုးနေတဲ့သူ၊ ခါးတပိုင်းပြတ်နေတဲ့ သူတွေက ထိုင်းရဲ့ ဥပဒေအရ နစ်နာကြေးစောင့်နေတာ။ သူတို့ တွေအတွက်ကတော့ အခက်အခဲဖြစ်သွားတာ”
AAC ရုံးကို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တို့တွင် မြန်မာသံအရာရှိများ အဝင်အထွက်ရှိခဲ့သည်ဟု သိရသည်။




