သတင်း

TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြိုကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား၃ ဦးသေဆုံး

စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့၏ ဆွေးနွေးပွဲ သဘောတူညီမှုမရဘဲ ပြီးဆုံးသွားပြီးနောက် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တို့ကို ယမန်နေ့တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့၏ ဆွေးနွေးပွဲ သဘောတူညီမှုမရဘဲ ပြီးဆုံးသွားပြီးနောက် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တို့ကို ယမန်နေ့တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်တွင် ဖေဖေါ်ဝါရီ ၁၆ ရက်မှ နှစ်ရက်ကြာ ကျင်းပသည့် ဆွေးနွေးပွဲတွင် သဘောတူညီမှုမရဘဲ ပြီးဆုံးသွားကြောင်း TNLA က ထုတ်ပြန်ပြီး နောက်တရက်တွင် နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲမှုအတွင်း ဆေးရုံ ဘူတာရပ်ကွက်ရှိ CB ဘဏ်နှင့် အမှတ်(၁) ကျောင်းအနီးတို့တွင် ဗုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု နောင်ချိုမြို့မှ စစ်ရှောင်နေသည့် အမျိုးသမီတစ်ဦးက မြို့ထဲရှိ ဆွေမျိုးများကို ကိုးကားပြီးပြောသည်။

TNLA ၏ ထုတ်ပြန်ချက်အရ ဖေဖေါ်ဝါရီ ၁၉ ရက် ည ၈ နာရီခန့်တွင် ဗုံးနှစ်လုံးကြဲချခဲ့ပြီး ဗုံးကြဲမှုအတွင်း နောင်ချိုမြို့ပေါ်ရှိ ဘူတာရပ်ကွက်ရှိ ဒေသခံ ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ပြီး ပြည်သူ့ဆေးရုံးဗုံးကြဲမှုတွင် ဒေသခံ ၁ ဦ်းသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲ မစတင်မီ စစ်ကောင်စီက ဆွေးနွေးပွဲကို အသာစီးမှ ဆွေးနွေးချင်သည့်အတွက် TNLA ကို ဖိအားပေးသည့်အနေဖြင့် ထိုးစစ်ဆင်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းများကို ပြုလုပ်နေကြောင်း TNLA ၏ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ်တာဘုန်းကျော်က ၎င်း၏ Facebook စာမျက်နှာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရေးတင်ခဲ့သည်။

နောင်ချိုမြို့၏ တောင်ဘက် ၁၉ မိုင်ခန့်အကွာတွင်ရှိသည့် တောင်းခမ်းရွာရှိ အမြောက်တပ်များကို TNLA က တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲနှင့် နီးကပ်နေသည့် နောင်ချိုမြို့မှာ စစ်ကောင်စီတပ်၏ မကြာခဏ ဗုံးကြဲမှုကို မြို့ခံများ ရင်ဆိုင်နေကြရသည်။

နောင်ချိုမြို့သိမ်းတိုက်ပွဲအတွင်း မြို့ခံအများစု မြို့ကို စွန့်ခွာသွားကြသော်လည်း နေရပ်မစွန့်ခွာလို့သည့် မြို့ခံများက ဗုံးကြဲမှုကြားမှပင် မြို့တွင် ဆက်လက်နေထိုင်နေကြသည်ဟု အထက်ပါ နောင်ချိုမြို့ခံ အမျိုးသမီးက ပြောသည်။

“ကျန်တာကတော့ အဆင်ပြေတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲမှာပဲ ကြောက်ရတယ်။ ဖြစ်ရင်တော့လည်း ခံရတာပေါ့။ အဲဒီလိုပဲနေနေကြတယ်။ မြို့ထဲမှာနေကြသူတွေကျန်တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

မြို့ခံများမှာ သတိဖြင့် နေထိုင်နေကြရပြီး ဈေးကိုလည်း မနက်ခင်း အချိန်အနည်းငယ်သာ ဖွင့်ပြီး တစ်နေကုန်ပြန်ပိတ်ထားသည်ဟု သိရသည်။

TNLA နှင့် ဆွေးနွေးနေစဉ် ဖေဖေါ်ဝါရီ ၁၆ ရက်ကလည်း ကွတ်ခိုင်မြို့နှင့် နမ္မတူမြို့နယ်ကြားရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၆ ရက်ကလည်း နောင်ချိုမြို့ သပြေတောင် ဘုရားကုန်းပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီလအတွင်း ဟိုင်ဂင်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီး စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ ရှမ်းမြောက်၌ အပစ်ရပ်ခဲ့ကြသည်။

သို့သော် စစ်ကောင်စီက ရှမ်းမြောက်ရှိ MNDAA နှင့် TNLA တို့၏ သိမ်းပိုက်နယ်မြေများနှင့် မြို့များကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သဘောတူညီချက် ပျက်ပြယ်ပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် မြို့များကို သိမ်းပိုက်ထားသည်။

Related Articles

Back to top button