
ကချင်ပြည်နယ်တောင်ပိုင်း တရုတ်နယ်စပ်မျဉ်းအနီးရှိ ဗန်းမော်မြို့တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပူးပေါင်းတပ်များက အမှတ် (၂၃၆) ခြေလျင်တပ်ရင်း၊ အမှတ် (၃၆၆) အမြောက်တပ် တို့ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
အမှတ်(၃၆၆)အမြောက်တပ်ကို ဇန်နဝါရီလအတွင်းက သိမ်းပိုက်ထားပြီး ဖြစ်သော်လည်း စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်လာသည့်အတွက် ထိုနေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
KIAပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ၎င်းတို့တပ်များအနေဖြင့် ယနေ့ (ဖေဖော်ဝါရီ ၂၀) နံနက် ၈ နာရီဝန်းကျင်တွင် ခလရ (၂၃၆) ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အမှတ်(၃၆၆)အမြောက်တပ်တွင်လည်း တပ်ရင်းဌာနချုပ်အပါဝင် နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီဟု Myanmar Nowသို့ ပြောကြားသည်။
“နောက်ဆက်တွဲတိုက်ပွဲတွေတော့မကြားပါဘူး။ မနေ့ကတော့ တော်တော် ပြင်းပြင်းထန်ထန် တိုက်ပွဲတွေရှိပြီးမှ ဒီမနက် ၈ နာရီမှာ သိမ်းလိုက်တာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ ၃၆၆ ကတော့ အရင်ကလည်း ရထားပါတယ်။ ဒါပေမယ့် တပ်နယ်မြေအားလုံးကို မသိမ်းပိုက်နိုင်တဲ့အတွက် သူတို့ (စစ်တပ်)လည်း ပြန်ဝင်လာတာတွေတော့ ရှိတယ်။ ဌာနချုပ်တွေကတော့ သိမ်းထားတာကြာပါပြီ။ နယ်မြေအများပိုင်းက ကျွန်တော်တို့ ထိန်းချုပ်ထားတာ”
ခလရ(၂၃၆) မှာ ဗန်းမော်လေယာဉ်ကွင်းနှင့် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တို့၏ ကြားတွင်ရှိသည်။
ခလရ(၂၃၆)ကို သိမ်းပိုက်နိုင်သည့်အတွက် လေယာဉ်ကွင်းအနီးရှိ စခန်းအားလုံးသိမ်းပိုက်ပြီးြဖစ်သလို စကခ (၂၁)ကိုလည်း ပိုမို ဖိအားပေး တိုက်ခိုက်နိုင်လာသည်ဟု ခန့်မှန်းမှုများလည်းရှိသည်။
ခလရ(၂၃၆)သိမ်းပိုက်ပြီးနောက် အကာအကွယ်မဲ့နေသည့် စကခ (၂၁)တွင် စစ်ကောင်စီတပ်ကလည်း အပြင်းအထန် ခုခံနေသည်ဟု KIA နှင့် နီးစပ်သူ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
“ခလရ(၂၃၆) သိမ်းပြီပြီ။ အမတ(၃၆၆)လည်း သိမ်းတယ်။ အခုက စကခ (၂၁)ထဲမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်တဲ့၊ မနေ့ကတုန်းက တောက်လျှောက် တံတားဦး၊ မိထ္တီလာ၊ မြစ်ကြီးနားလေတပ်ကနေ လေယာဉ်တွေ တောက်လျှောက်တက်ပြီးတော့ ဗုံးတွေကြဲတယ်၊ ဒရုန်းနဲ့လည်း သူတို့ အပြင်းအထန် ခုခံနေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
“စကခ ၂၁ ဝန်းကြီးက အကျယ်ကြီးပဲဆိုတော့ အဲဒီအထဲမှာ တော်တော်တိုက်ပွဲပြင်းနေတယ်၊ အဲဒီဝန်းက တအားကျယ်တာကို”
ခလရ(၂၃၆)မှာ ဗန်းမော်လေယာဉ်ကွင်းနှင့် တစ်ဆက်တည်းရှိနေသည်၊ ထို့အပြင် စကခ (၂၁)၏ အရှေ့ဘက်တွင် ရှိပြီး စကခ (၂၁) လုံခြုံရေးအတွက် အရေးကြီး စစ်စခန်းတစ်ခုဖြစ်သည်။
စကခ (၂၁) တွင် ၎င်း၏လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့အချို့အပြင် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့်နှစ်အတွင်း KIA သိမ်းပိုက်စဉ်က ဆုတ်ခွာသွားသည့် တပ်အချို့ပါ အင်အားဖြည့်တင်းထားသည်ဟု သိရသည်။
ထို့ကြောင့် စကခ (၂၁)တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဘက်ထိခိုက် ကျဆုံးမှုများလည်း ရှိနေသည်ဟု အထက်ပါ သတင်းရင်းမြစ် အမျိုးသားက ပြောသည်။
“ဗန်းမော်က တပ်ရင်းတွေ တောက်လျှောက်သိမ်းတုန်းက တချို့စခန်းက ဟာတွေက အဲဒီ စကခ (၂၁)ဆုတ်သွားတာလေ၊ အဲဒီလိုဆိုတော့ သူတို့ အင်အား တော်တော်များတယ်တဲ့၊ အဲဒါကို တိုက်နေတယ်တဲ့၊ သူတို့ဘက်က အကျအရှုံးတော်တော်များတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာတွင် ခလရ(၂၃၆)တွင် ယမန်နေ့ကအထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲရလဒ်ကို သတင်းပေးပို့လာခြင်းမရှိသေးကြောင်း ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှ စတင်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ နှစ်လကျော် ကြာမြင့်လာပြီးနောက် ဗန်းမော်မြို့ပေါ်ရပ်ကွက်အချို့နှင့် စစ်ကောင်စီတပ်၏ အမှတ်(၅၀၁၄) တင့်ကားတပ်နှင့် ဒုံးတပ်ရင်း အမှတ်(၇၀၀၆)နှင့် လေယာဉ်ကွင်းတို့ကို ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။
ဗန်းမော်မြို့သည် စကခ (၂၁)အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ(၂၃၆)၊ ခလရ(၄၇)၊ အမြောက်တပ်များဖြစ်သည့် အမတ(၃၆၆),(၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်တို့ အခြေစိုက်ထားသည့် တပ်မြို့ဖြစ်သည်။ ဆက်သွယ်ရေး၊ ထောက်ပံ့ရေး စသည့် တပ်ရင်များလည်း ရှိသည်ဟု သိရသည်။
စကခ (၂၁)နှင့် ခလရ(၂၃၆)အပါအဝင် လက်ရုံးတပ်အများစုမှာ ဗန်းမော်အရှေ့ဘက် မိုးမောက်မြို့သို့သွားသည့် လမ်းမပေါ်တွင် ရှိပြီး ခလရ(၄၇)မှာ ဗန်းမော်တောင်ဘက် မံစီမြို့ဘက်သို့ သွားသည့် လမ်းကြောင်းပေါ်တွင်ရှိသည်။
ဗန်းမော်မြို့၏ အရှေ့ဘက် ၉ မိုင်ခန့် အကွာရှိ မိုးမောက်မြို့၊ တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ မံစီမြို့နှင့် အနောက်ဘက် မိုင် ၃၀ ကျော် အကွာရှိ စင်းခန်းတံတားနှင့် စင်းခန်းရွာတို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
ထို့အပြင် ဗန်းမော်မြို့အနောက်ဘက်နှင့် မြောက်ဘက်တွင်ရှိသည့် ဧရာဝတီမြစ်အနောက်ဘက် ကမ်းဒေသကိုလည်း KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးခဲ့သည်ဟု သိရသည်။
သို့သော် ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော်လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ပိုမိုအရှိန်မြင့်ကာ ဆက်လက်ဆင်နွှဲနေဆဲဖြစ်သည်။
ယခင်နှစ် မတ်လတွင် စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။
