သတင်း

ထားဝယ်သာဂရမြို့ဟောင်းကိုဖြိုချပြီးမြေကွက်ရိုက်ရောင်းသည့် ဒေသတွင်းလက်နက်ကိုင်တပ် ဗထူးတပ်မတော်၏လုပ်ရပ်ကန့်ကွက်ခံနေရ

တနင်္သာရီတိုင်း လောင်းလုံမြို့နယ် မြို့ဟောင်းရွာအနီးရှိ သာဂရမြို့ဟောင်းနေရာကို ဒေသတွင်းအခြေစိုက် လက်နက်ကိုင်တပ်တခုဖြစ်သည့် ဗထူးတပ်မတော်နှင့် ဒေသခံလုပ်ငန်းရှင်အချို့ ပူးပေါင်း၍ မြေကွက်ရိုက်ရောင်းချရန် လုပ်ဆောင်နေကြောင်း သိရသည်။

တနင်္သာရီတိုင်း လောင်းလုံမြို့နယ် မြို့ဟောင်းရွာအနီးရှိ သာဂရမြို့ဟောင်းနေရာကို ဒေသတွင်းအခြေစိုက် လက်နက်ကိုင်တပ်တခုဖြစ်သည့် ဗထူးတပ်မတော်နှင့် ဒေသခံလုပ်ငန်းရှင်အချို့ 

ပူးပေါင်း၍ မြေကွက်ရိုက်ရောင်းချရန် လုပ်ဆောင်နေကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ မှ ၁၇ အထိ သာဂရမြို့ဟောင်း မြို့ရိုးကို စက်ယန္တယားများအသုံးပြု၍ မြေညှိခြင်း၊ မြေဖို့ခြင်းများပြုလုပ်၍ အကွက်ရိုက်ရောင်းချနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် ယမန်နှစ် (၂၀၂၄) မတ်လအတွင်းကလည်း မြို့ဟောင်း မြို့ရိုးအနီးတဝိုက်ကို အလားတူဖြိုချမှုများလုပ်ဆောင်ခဲ့သည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ထိုဒေသတွင်အဓိက လှုပ်ရှားသည့် ဗထူးတပ်မတော်အမည်ရ ကာကွယ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြို့ဟောင်းအနီးတဝိုက်ကို မြေကွက်ဖော်ဆောင်ရန် ပြုပြင်နေမှုခြင်းဖြစ်သည်ဟု အထက်ပါ သပိတ်ကော်မတီက ဖေဖော်ဝါရီ ၁၆ ရက်စွဲတပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“စီးပွားရေးသမားတွေပေ့ါ။ ကုမ္ပဏီအကြီးကြီးတွေမဟုတ်ဘူး။ မြေပိုင်ရှင်နဲ့ ပိုက်ဆံရှိတဲ့သူတွေနဲ့ပေါင်းပြီး မြေဖို့၊ အကွက်ရိုက်တာတွေလုပ်နေတာ။ အဲဒီလိုလုပ်ဖို့ ခွင့်ပြုတာက ဗထူးတပ်မတော်။ မြေကွက်ရိုက်ဖို့၊ မြေဖို့ ဖို့ကို (ဗထူးတပ်မတော်ထံမှ) ခွင့်ပြုချက်ယူရတယ်”ဟု အထက်ပါ သပိတ်ကော်မတီတာဝန်ရှိသူက ဆိုသည်။ 

လက်ရှိတွင် မြေညှိ၊ မြေဖို့၍ အကွက်ရိုက်ရောင်းချရန် ပြင်ဆင်ထားသည့် ဧရိယာမှာ ဧက ၅၀ ထက်မနည်းကို ရှိကြောင်း၊ သို့သော် ရောင်းရချထားသည့်အခြေနေရှိမရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ထိုသို့ မြို့ဟောင်နေရာကို မြေကွက်ဖော်ရောင်းချရန် ပြင်ဆင်နေသူစီးပွားရေးသမားများမှာ ကုမ္ပဏီကြီးများမှ မဟုတ်ဘဲ ဒေသခံအချို့ဖြစ်ကြောင်း အထက်ပါ ကော်မတီဝင်က ပြောသော်လည်း Myanmar Nowအနေဖြင့် အသေးစိတ်အခြေနေကို စုံစမ်းနိုင်ခြင်းမရှိသေးပေ။ 

ရှေးဟောင်းယာဉ်ကျေးမှုနယ်မြေကို ဖြိုချဖျက်ဆီးနေသည့် လုပ်ရပ်ကို ကန့်ကွက်ကြောင်း ထားဝယ်ခရိုင်သပိတ်မကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။​

သဂရမြို့ဟောင်းမှာ ယဉ်ကျေးမှုကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ထားသည့် နယ်မြေဖြစ်ပြီး မြို့ရိုးကို စက်ယန္တယားကြီးများဖြင့် ဖြိုချနေမှုကို ချက်ချင်းရပ်တန့်ရန် အမျိုးသားညီညွှတ်ရေးအစိုးရ လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနက ဖေဖော်ဝါရီ ၁၆ တွင် သတိပေးချက်ထုတ်ပြန်ထားသည်။ 

လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု ထိုထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။ 

ဗထူးတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ လက်နက်ကိုင်တပ်မဟုတ်ဘဲ သီးခြားရပ်တည်နေသည်တပ်ဖွဲ့ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။ မြို့ဟောင်းကိုဖျက်ကာ မြေကွက်ရိုက်သည့်အဖြစ်အပျက်အတွက် ဗထူးတပ်မတော်ထံ Myanmar Nowအနေဖြင့် ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။ 

၂၀၂၄ ခုနှစ်က သာဂရမြို့ဟောင်းမြို့ရိုး တောင်ဘက်ရှိ ဒုတိယမြို့ရိုးနေရာကို ဖြိုချက်၍ မြေကွက်ရိုက် ရောင်းချမှုများရှိခဲ့ဖူးကြောင်း ဒေသအခြေစိုက် Dawei Watch သတင်းဌာက ဖေဖော်ဝါရီ ၁၆တွင် ရေးသားထားသည်။ 

သာဂရမြို့ဟောင်းသည် နှစ်ပေါင်းထောင်ချီသက်တမ်းရှိပြီဖြစ်ကာ မြို့ရိုး ၃ ထပ်ပါရှိသည့် မြို့ဟောင်းတစ်မြို့ဖြစ်သည်။ 

မြို့ရိုးမှာ အရှေ့အနောက် ၁ မိုင်ခန့်ရှိပြီ တောင်မြောက် မိုင်ဝက်ခန့်ရှိကြောင်း၊ မြို့အတွင်းဧရိယာမှာ ဧက ၁၃၀ ခန့်ရှိကာ မြို့မြို့ပြင် ဧရိယာမှာ ဧက ၂၆၀ ရှိသည်ဟု ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ 

ဓာတ်ပုံ – ပေးပို့

Show More

Related Articles

Back to top button