
“သူတစ်ယောက်မထွက်ရင် သူ့လိုလူတွေများသွားရင် ဘယ်လိုလုပ်မလဲတဲ့။ သူ့လိုလူတွေ များသွားရင် ဒီနိုင်ငံက သူတို့လိုချင်တဲ့ပုံစံမျိုး မရတော့ဘူးတဲ့။ ဒီမိုကရေစီမရမှာ စိုးရိမ်နေတာ။” အသက် ၂၅ နှစ်အရွယ် ကိုမင်းချစ်သူက ဆန္ဒပြပွဲသို့ မသွားရန် ပူပန်စွာတားမြစ်နေသော ဇနီးသည်ကို ပြောခဲ့သော စကားဖြစ်သည်။
မတ်လ ၁၁ ရက်က မြောက်ဒဂုံမြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲရာ ကိုမင်းချစ်သူမှာ ဒဏ်ရာရနေသူတစ်ဦးကို ကယ်တင်ရန် ကြိုးပမ်းစဉ် ဦးခေါင်းကျည်ထိမှန်ပြီး ကွယ်လွန်ခဲ့လေသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော၊ ဒီမိုကရေစီစနစ်ကိုသာ လိုလားသော ကိုမင်းချစ်သူသည် သူချစ်လှသော သမီးငယ်၊ နှစ်လသားကိုယ်ဝန်နှင့် ချစ်ဇနီး၊ ချစ်လှသော မိခင်တို့ထံ ပြန်မလာနိုင်တော့ပါ။
ဒီမိုကရေစီအတွက် ပြန်လည်ခုခံကာကွယ်ရင်း နွေးဦးတော်လှန်ရေးတွင် ကိုမင်းချစ်သူတစ်ယောက် အသက်စွန့်လွှတ်ခဲ့ရသည်။
အကြမ်းဖက်အဖွဲ့ စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက လူသတ်လက်နက်အပြည့်အစုံဖြင့် အညှာအတာကင်းမဲ့စွာ၊ ရက်စက်စွာ နေ့စဉ်ပစ်ခတ်သတ်ဖြတ်နေသော်လည်း တန်ဖိုးရှိလှသော နိုင်ငံ့ရတနာ ၂၀၀ ဦးခန့် အသတ်ခံရပြီးဖြစ်သော်လည်း မြန်မာပြည်သူများသည် ငြိမ်းချမ်းစွာဖြင့် နောက်မတွန့်ဘဲ လမ်းမပေါ်ထွက် ဆန့်ကျင်ဆန္ဒပြနေခြင်း၏ ခိုင်ကျည်သော အဓိကရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်မှ နုတ်ပစ်ရန်ပင်ဖြစ်သည်။
မိမိ၏ အကျိုးစီးပွားအတွက် စစ်တပ်ကို အသုံးချသော စစ်အာဏာရှင်များကို ပြည်သူများက အတိတ်မှ သင်ခန်းစာများအရရော လက်ရှိ ကိုယ်တိုင်မြင်တွေ့ရမှုများအရပါ ရွံရှာမုန်းတီးစက်ဆုပ်လှပြီဖြစ်သည်။ စစ်သားများကို မုန်းတီးခြင်း မဟုတ်ပါ။ သို့သော် အထက်မှ အမိန့်အရဆိုကာ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်မြေပြင်တွင် ရန်သူကို ချေမှုန်းသလို စစ်အာဏာရှင်အလိုကျ ရက်ရက်စက်စက် စိတ်လိုလက်ရသတ်ဖြတ်နေသော စစ်ရာဇဝတ်ကောင်များကိုမူ မုန်းတီးပါသည်။ ပြည်သူများလိုလားတောင့်တသည်မှာ ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်သော ဒီမိုကရေစီစနစ်ကိုသာဖြစ်၏။ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးဘာသာပေါင်းစုံနေထိုင်သော နိုင်ငံတွင် ပြည်သူအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်၏။
ပြည်သူများ၏ ခိုင်မာသော စိတ်ပိုင်းဖြတ်မှု၊ အကြမ်းမဖက်သော ဇွဲသတ္တိကောင်းကောင်း၊ ဖန်တီးမှုကောင်းကောင်းဖြင့် ပုံသဏ္ဌာန်မျိုးစုံဖြင့် စစ်အာဏာရှင်ကို ဖီဆန်မှု၊ ပြည်သူ့ဝန်ထမ်းများ၏ အကြမ်းမဖက်အာဏာဖီဆန်ရေးနည်းလမ်းဖြစ်သည့် CDM လှုပ်ရှားမှု၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံရေးအရဦးဆောင်မှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပြည်သူ့ဘက်မှ ရပ်တည်မှုနှင့် မြန်မာ့ဒီမိုကရေစီအရေးလိုလားသော နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် အာဏာသိမ်းစစ်အုပ်စုအတွက် နောက်ဆုံးအချိန်မှာ နီးကပ်လာနေပြီဖြစ်သည်။
၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်များအလိုကျ စစ်အာဏာသိမ်းပြီး အာရှတွင် အဖွံ့ဖြိုးဆုံးနိုင်ငံအဖြစ်မှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်အောင် နိုင်ငံအား ဆယ်စုနှစ်ပေါင်းများစွာ ဖျက်ဆီးခဲ့သော စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ယခုအချိန်မှာ အကောင်းဆုံးအချိန်ပင်ဖြစ်သည်။
စစ်အုပ်စုက ရွေးကောက်ပွဲမဲစာရင်းကြောင့်ဟု အကြောင်းပြကာ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဆိုသော်လည်း ပြည်သူများမဲပေးရွေးချယ်ထားသော နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးပြီး ၎င်းတို့ပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ချိုးဖောက်ကာ နိုင်ငံ့အာဏာကို ဓားပြတိုက်ရယူခဲ့သည်မှာ အလွန်မြင်သာထင်ရှားသည်။
နိုင်ငံ့အာဏာကို ထိန်းပြီး ၁ နှစ်အကြာတွင် ရွေးကောက်ပွဲကျင်းပ၍ အာဏာပြန်လွှဲမည်ဆိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းရန် ကြိုးစားပြီး မွေးစားသားပါတီများဖြင့် စစ်အာဏာရှင်အလိုကျ နိုင်ငံ့အာဏာသိမ်းရန် စီစဉ်နေမှုမှာလည်း မြင်သာလှသည်။ ဗိုလ်ချုပ်စောမောင်က ရွေးကောက်ပွဲအပြီး အနိုင်ရသူထံ အာဏာလွှဲပြီး စစ်တန်းလျားပြန်မည်ဆိုကာ နှစ် ၂၀ ကျော် အာဏာသိမ်းခဲ့သည်။ မင်းအောင်လှိုင်နှင့် အာဏာသိမ်းအုပ်စုကမူ ၎င်းတို့စီမံသလိုအလျှော့ပေးလိုက်ပါက ပြည်သူများ၏ ဘဝများကို ချနင်းကာ အနည်းဆုံး ရာစုနှစ်ဝက် (နှစ်ပေါင်း ၅၀) တိုင်းပြည်ကို ဖျက်ဆီးမည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူများအားလုံးက မိမိတို့၏ သားသမီးမြေးမြစ် မျိုးဆက်ပေါင်းများစွာ စစ်ကျွန်မခံရအောင် ပြည်သူအားလုံး အညီညွတ်ဆုံး ယနေ့အချိန်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန် သမိုင်းပေးတာဝန်ကို ကြိုးပမ်းကြရမည်ဖြစ်သည်။
အာဏာ၊ စည်းစိမ်၊ ထင်ပေါ်မှု လောဘအတောမသတ်နိုင်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လက်ပါးစေတပ်ဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းလိုက်ခြင်းအပေါ် ပြည်သူများအားလုံး ဝမ်းနည်းခြင်း၊ မယုံနိုင်ခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့စိုးရိမ်စိတ်တို့ဖြင့် ခေတ္တ အငိုက်မိခဲ့သည်။ သို့သော် စစ်အာဏာရှင်စနစ်ကို ဘယ်နည်းနှင့်မျှ လက်မခံသဖြင့် အာဏာသိမ်းပြီးနောက်နေ့ ဖေဖော်ဝါရီ ၂ ရက်မှစ၍ မကောင်းဆိုးရွားများကို တောထုတ်ရန် သံပုံးများတီးကာ ဆန္ဒထုတ်ဖော်သည်။
ဖေဖော်ဝါရီ ၅ ရက်တွင် မန္တလေးမြို့မှ ဒေါက်တာတေဇာစန်းဦးဆောင်သော လူငယ်များက အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ စတင်ဆန္ဒထုတ်ဖော်သည်။ ရန်ကုန်မြို့တွင်လည်း နောက်တစ်ရက်မှာပင် မအိသဉ္ဇာမောင် ဦးဆောင်သော လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည်။ ထို့နောက်တွင် နိုင်ငံတစ်ဝန်းရှိ မြို့များတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သော ဆန္ဒပြပွဲများကို ငြိမ်းချမ်းစွာ နည်းလမ်းအစုံဖြင့် ဆန္ဒထုတ်ဖော်နေသည်မှာ ၃၉ ရက်တိုင် ရှိပြီဖြစ်သည်။ စစ်အုပ်စုက ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရက်ရက်စက်စက်သတ်ဖြတ်ကာ ရပ်တန့်အောင် ကြိုးစားနေသော်လည်း ပြည်သူများ၏ ခိုင်ကျည်သော ရည်မှန်းချက်၊ အမှန်တရားအတွက် တိုက်ပွဲဝင်စိတ်နှင့် ဒီမိုကရေစီအတွက် ပေးဆပ်ရဲသော စိတ်ဓာတ်တို့ကို မတားဆီးနိုင်ပါ။
မတ်လ ၁၄ ရက်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက နိုင်ငံတစ်ဝန်းမှ မိမိတို့ကာကွယ်စောင့်ရှောက်ရမည့် ပြည်သူ့အသက်ပေါင်း ၁၀၀ ဝန်းကျင်ကို ရက်ရက်စက်စက် ထပ်မံသတ်ဖြတ်ခဲ့ပြန်သည်။ သို့သော်လည်း စစ်အာဏာရှင်စနစ်ကို အသွေးထဲ၊ အသားထဲ၊ အရိုးထဲကပါ မုန်းတီးပြီး ဒီမိုကရေစီစနစ်ကိုသာ တန်ဖိုးထားသည့် ပြည်သူများ၏ စိတ်ဓာတ်ကို မသတ်ဖြတ်နိုင်ပါ။ မတားဆီးနိုင်ပါ။
ပြည်သူ ၁၀၀ ခန့်ကို သတ်ဖြတ်ပြီး အင်တာနက်ပိတ်ထားကာ သတင်းအမှောင်ချကာ စစ်အုပ်ချုပ်ရေးအမိန့်ကို ၁၁ မြို့နယ်တွင် ထုတ်ခဲ့သော်လည်း ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ အောင်လံ၊ မော်လမြိုင်၊ အောင်ပန်းစသော မြို့နယ်များတွင် ယနေ့(မတ် ၁၅) ရက်တွင် ဆက်လက်ငြိမ်းချမ်းစွာဆန္ဒပြနေသည်။ အကြမ်းဖက်အုပ်စုကလည်း အကြမ်းဖက်၍ သေနတ်ဖြင့် ပစ်သတ်နေဆဲပင်။
သို့သော် အမှန်တရားကိုမြတ်နိုးကာ၊ ဒီမိုကရေစီလိုလားပြီး စစ်အာဏာရှင်စနစ်ကို ရွံရှာစက်ဆုပ်နေသော ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ၊ အာဏာဖီဆန်ရေးများက ဆက်ရှိနေမည်သာ ဖြစ်သည်။
ထို့ပြင် ပြည်သူ့ဝန်ထမ်းများကလည်း အာဏာသိမ်းခံရပြီးကတည်းကစ၍ အာဏာကို ဓားပြတိုက်ရယူထားသော စစ်အုပ်စုနှင့် မပူပေါင်းဘဲ အကြမ်းမဖက်သောနည်းလမ်းဖြစ်သည့် ပြည်သူ့အာဏာဖီဆန်ရေး (CDM) တွင် ခြိမ်းခြောက်မှုနှင့်ဖိအားမျိုးစုံကြားမှ သတ္တိကောင်းစွာပါဝင်နေကြသည်။ တာဝန်သိ ပြည်သူများကလည်း CDM ပြုလုပ်သော ဝန်ထမ်းများကို ဝိုင်းဝန်းပံ့ပိုးကြသည်။ ပုဂ္ဂလိကလုပ်ငန်းများကလည်း CDM တွင် ပူးပေါင်းပါဝင်ကြသည်။ CDM ၏ ရိုက်ချက်ပြင်းမှုကြောင့် နိုင်ငံ့ယန္တရားများ အားလုံးနီးပါး ရပ်ဆိုင်းကုန်သည်။
နိုင်ငံ့ကျန်းမာရေးဝန်ဆောင်မှု အားလုံးနီးပါးရပ်တန့်သွားသည်။ ပညာရေးကဏ္ဍလည်း ရပ်ဆိုင်းသွားသည်။ ဘဏ်လုပ်ငန်းများရပ်ကုန်သည်။ ရထားများ၊ သသင်္ဘောများလည်း မောင်းမရတော့။ ကုန်သွယ်ရေးလုပ်ငန်းများလည်း ရပ်တန့်လုနီးနီးဖြစ်သွား၏။ ရဲရင့်လှသော နိုင်ငံ့ဝန်ထမ်းများ၏ အာဏာဖီဆန်သော CDM လှုပ်ရှားမှုကြောင့် လုပ်ငန်းများအားလုံးနီးပါး လည်ပတ်မရခြင်းမှာ နိုင်ငံ့အာဏာကို ဓားပြတိုက်ထားသော အကြမ်းဖက်အုပ်စုအတွက် ကြိုတင်မမျှော်မှန်းထားသော အခြေအနေဖြစ်သည်။ သူတို့အရှိုက်တည့်တည့်ကို အထိုးခံခဲ့ရခြင်းလေသည်။
ထို့ပြင် အာဏာသိမ်းစစ်အုပ်စု၊ စစ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်သူများကို သတ်ဖြတ်ရန် စေခိုင်းသူများ၊ ဖိနှိပ်သူများနှင့် ၎င်းတို့၏ မိသားစုအပေါ် ပြည်သူများ၏ လူမှုရေးအရပြစ်ဒဏ်ခတ်မှု (Social Punishment) မှာလည်း ထိရောက်မှုရှိပြီး အာဏာသိမ်းအုပ်စုနှင့် အပေါင်းအပါများအပေါ် အထိနာစေနေပါပြီ။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များစွာ ဖမ်းဆီးခံခဲ့ရပြီးနောက် အာဏာသိမ်းမှုအပေါ် တုံ့ပြန်မှုများသည် ရက်ပေါင်းများစွာ ဝေဝါးဝါးနှင့် အားပျော့ခဲ့သည်။ သို့သော် ပြည်သူများ၏ တိုက်တွန်းမှုဖြင့်ပင် ရောက်သည့်နေရာမှ လွှတ်တော်ခေါ်ကာ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းစေခြင်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်ကာ အဖြစ်မှန်ကို ကမ္ဘာက ပိုသိရန်၊ စစ်အုပ်စုကို နိုင်ငံတကာက အသိအမှတ်မပြုရန် ပိုဖိုဖိအားပေးနိုင်လာသည်။ ထို့ပြင် ခေတ္တဒုတိယသမ္မတခန့်အပ်ခြင်း၊ ဝန်ကြီးများခန့်အပ်ခြင်း၊ နိုင်ငံအတွက်လိုအပ်သော အမိန့် နှင့် ညွှန်ကြားချက်များထုတ်ပြန်ကာ နိုင်ငံရေးအရ ပီပြင်စွာ ဦးဆောင်လာနေပြီဖြစ်သည်။ အထူးသဖြင့် CRPH ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုလာရန်နှင့် အာဏာသိမ်းစစ်အုပ်စုကို နိုင်ငံတကာက အသိအမှတ်မပြုဘဲ ပိတ်ဆို့ကန့်သတ်မှုများဖြင့် ဖိအားပိုပေးလာနိုင်စေရန် CRPH က မနားမနေကြိုးစားနေသည်။
အာဏာသိမ်းအုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ သတင်းဌာန ၅ ခုကို ပိတ်သိမ်းခြင်း၊ သတင်းထောက် ၄၀ ခန့်ကို ဖမ်းဆီးအရေးယူကာ သတင်းအချက်အလက်များကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း နည်းပညာတိုးတက်နေသောခေတ်တွင် ရဲရင့်လှသောပြည်သူများ၊ တီထွင်ဖန်တီးမှုကောင်းသော Generation Z မျိုးဆက်များ၊ မြန်မာ့ဒီမိုကရေစီအရေးတွင် စိတ်ကောင်းစေတနာကောင်းရှိသော နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများကြောင့် ကမ္ဘာကြီးက မြန်မာနိုင်ငံတွင် ဘာဖြစ်နေသည်ကို ရှင်းလင်းစွာ အနီးကပ်မြင်တွေ့နေရသည်။ ထိုအချက်မှာ ရှစ်လေးလုံးအရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေးတို့နှင့် အဓိကခြားနားခြင်းလည်းဖြစ်သည်။ နိုင်ငံတကာက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောအခြေအနေကို ရှင်းလင်းစွာသိရှိပြီး အမေရီကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂစသော နိုင်ငံများမှ အာဏာသိမ်းအုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများတိုးလုပ်ကာ၊ ပြည်သူများအပေါ် ထောက်ခံအားပေးမှုများပြုလုပ်လာသည်။
သို့သော် ပြည်သူများလိုလားသကဲ့သို့ စစ်အုပ်စု အချိန်တိုအတွင်း အထိနာစေမည့် ပြင်းထန်သော၊ ထိရောက်သော တုံ့ပြန်မှုများကို အမေရိကန်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ယခုအချိန်အထိ မပြုလုပ်သေးပေ။ ပြည်သူများကို ရန်သူလိုသဘောထားပြီး ရက်ရက်စက်စက်သတ်ရန် ဝန်မလေးသော အကြမ်းဖက်အုပ်စုနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံတကာက စစ်အုပ်စုအထိနာစေမည့် အရေးယူမှု ပိုမိုလိုအပ်နေဆဲဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုအနေဖြင့်မှု နိုင်ငံ့အာဏာကို ဓားပြတိုက်ထားသည်မှာ ၄၃ ရက်ရှိပြီဖြစ်သော်လည်း ၎င်းတို့အပေါ် နိုင်ငံတကာက အစိုးရအဖြစ် အသိအမှတ်မပြုဘဲ၊ တရားဝင်မှုမရှိသောအခြေအနေမှာ အကြီးအကျယ်အထိနာစေသည်။ ထိုင်းနှင့် အင်ဒိုနီးရှားတို့က အစောပိုင်းတွင် ကြားဝင်၍ အမြတ်ထုတ်ရန် ကြိုးစားသော်လည်း မြန်မာပြည်သူများ၏ ဖိအားကြောင့် မသိမသာနောက်ဆုတ်သွားသည်။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာကို အရေးယူရန် ကြိုးစားတိုင်း စစ်အုပ်စုဘက်မှ ရပ်တည်ခဲ့သော ရုရှားသည်ပင် မြန်မာနိုင်ငံအခြေအနေကို စိုးရိမ်ပြီး အခြေအနေကို အလေးထားစောင့်ကြည့်နေကြောင်း လေသံပြောင်းလာသည်။ စစ်အုပ်စုဘက်မှ ရပ်တည်နေသော တရုတ်နိုင်ငံမှာလည်း စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုပေးခြင်းကို ပေါ်ပေါ်ထင်ထင်မလုပ်ရဲဘဲ အခြေအနေစောင့်ကြည့်ကာ ကိုယ်ကျိုးစီးပွားအတွက် ကစားနေဆဲ။
ထို့ကြောင့် အမေရိကန်ဒေါ်လာနှစ်သန်းဖြင့် အစ္စရေးအေးဂျင့်ဟောင်း တည်ထောင်ထားသည့် လောဘီကုမ္ပဏီကို ငှားရမ်း၍ နိုင်ငံတကာတွင် လူရာဝင်ရေးကြိုးပမ်းသော အကြမ်းဖက်အုပ်စုအတွက် တရားဝင်မှု (legitimacy) မှာ ဘယ်သောအခါမှ ရမည့်အရာမဟုတ်ပေ။
ထို့ကြောင့် မျက်နှာစာအသီးသီးတွင် အကြမ်းဖက်အုပ်စုမှာ အရေးမလှဖြစ်နေပါသည်။ အကြမ်းဖက်အုပ်စုမှာ လက်နက်ကိုင်ထားပြီး လူ့အသက်များကို မညှာမတာသတ်လေလေ ၎င်းတို့၏ မိုက်ဇာတ်သိမ်းခန်းမှာ နီးလေလေပင်။
လူသတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အကြမ်းဖက်ခြင်း၊ မုသားများဖြင့် ဝါဒမှိုင်းတိုက်ခြင်း၊ အဂတိလိုက်စားခြင်းတို့ကိုသာ လုပ်တတ်သော အာဏာသိမ်းစစ်ခေါင်းဆောင်များအတွက် ပြည်သူများက ဆက်လက်စုပေါင်းတော်လှန်၍ နှစ်ပေါင်း ၆၀ ကျော် သွေးစုပ်ခဲ့သော စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဇာတ်သိမ်းပေးရမည်ဖြစ်သည်။
ထို့အတွက် ပြည်သူများကိုင်စွဲရမည့်လက်နက်မှာ အကြမ်းမဖက်ဘဲ နည်းလမ်းပေါင်းစုံဖြင့် အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ရမည်ဖြစ်သည်။
“မြန်မာစစ်ခေါင်းဆောင်များက စစ်တိုက်ရန် လက်နက်ပေါင်းများစွာကျွမ်းကျင်ပေမဲ့ ခိုင်မာပြတ်သားသော ပြည်သူလူထုမှ သူတို့ရဲ့ နိုင်ငံနဲ့ ကလေးငယ်များ၊ လူငယ်များအနာဂတ်အတွက် ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန်သော လက်နက်ကိုမူ မည်သို့ကိုင်တွယ်ရမည်ကို မသိကြပါ” ဟု ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစာတမ်းတင်သွင်းသူ သောမတ်အင်ဒရူးက အာဏာသိမ်းစစ်အုပ်စု အခက်တွေ့နေပုံကို ပြောကြားသည်။
ထို့ကြောင့် ပြည်သူများက အကြမ်းဖက်အုပ်စုထုတ်ပြန်သော အမိန့်ဟူသမျှကို ဆက်လက်ဆန့်ကျင်ရပါမည်။ လတ်တလော ၎င်းတို့အထိခိုက်ဆုံးမှာ ဘဏ်လုပ်ငန်းများရပ်တန့်နေခြင်းဖြစ်၍ ပုဂ္ဂလိကဘဏ်များကို မတ်လ ၁၇ ရက်မှစ၍ ဖိအားပေးနေသည်။ တော်လှန်ရေးစကတည်းက ပြည်သူနှင့် ရပ်တည်ပေးသော ဘဏ်လုပ်ငန်းရှင်များ၊ ဘဏ်ဝန်ထမ်းများက စစ်အုပ်စု၏ ဖိအားပေးမှုကြောင့် ပြန်ဖွင့်လျှင်ပင် ပြည်သူများက ဘဏ်မှ ငွေများထုတ်ယူခြင်းဖြင့် တုံ့ပြန်ရမည်ဖြစ်သည်။ ပြည်သူ့အားစမ်းကာ ပြန်ဖွင့်လိုက်သော မြဝတီဘဏ်မှာလည်း ငွေထုတ်သူအလွန်များ၍ ပြန်ပိတ်ထားရသည်။ ထို့ကြောင့် ပုဂ္ဂလိကဘဏ်များ ပြန်ဖွင့်ရန် ဖိအားပေးနေခြင်းဖြစ်သည်။
ဂျာမန်ဖွံ့ဖြိုးရေးအေဂျင်စီ
GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များအခြေအနေသုံးသပ်ချက်တွင် ပြည်တွင်းဘဏ်များ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလီယံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်ငွေ ကျပ် ၃၇ ထရီလီယံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလီယံရှိခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ ပုဂ္ဂလိကဘဏ်များသည် ပြည်သူ့ဆန္ဒဆန့်ကျင်၍ အာဏာသိမ်းအုပ်စုအလိုကျ ပြန်ဖွင့်ပါက ပြည်သူများက ဘဏ်အပေါ် ယုံကြည်မှုမရှိတော့ဘဲ အပ်ငွေဝိုင်းထုတ်လျှင် ဘဏ်များအားလုံးပြိုမည်ဖြစ်ပါသည်။
၂၀၂၀ တစ်နှစ်တာပတ်လုံး ကမ္ဘာ့ကပ်ရောဂါ COVID-19 ၏ ဒဏ်ခံခဲ့ရသဖြင့် မြန်မာ့စီးပွားရေးအဆောက်အအုံတစ်ခုလုံးအပေါ် ပြင်းထန်စွာထိခိုက်ခဲ့ပြီး ဘဏ်များတွင် ငွေလက်ကျန်မှာ ၂၀၁၉ ကထက်ပင် နည်းနေမည်မှာ သေချာသည်။ စစ်အုပ်စု၏ ဗဟိုဘဏ်ကိုယ်တိုင်တွင်လည်း နိုင်ငံခြားအရန်ငွေရော၊ ကျပ်ငွေပါ အလွန်နည်းနေပြီဖြစ်သည်။
ရဲရင့်ပြီး၊ အနစ်နာခံသော ပြည်သူ့ဝန်ထမ်းများက အကြမ်းမဖက်အာဏာဖီဆန်မှု CDM ကို ဆက်လုပ်ကြရပါမည်။ CRPH ကလည်း ပြည်သူများအပေါ် အကာအကွယ်ပေးနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ တိုင်းရင်းသားပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော်တည်ထောင်ရေးကို အရှိန်မြှင့်ရပါမည်။ ထို့ပြင် နိုင်ငံတကာနှင့် ကျယ်ပြန့်နက်ရှိုင်းစွာချိတ်ဆက်၍ စစ်အုပ်စုခြေလှမ်းများကို နောက်ပြန်ဆုတ်သွားရန်၊ ထိုက်တန်သောပြစ်ဒဏ်များ ချမှတ်နိုင်ရန် တွန်းအားပေးရပါမည်။
ဤနေရာတွင် အရေးကြီးသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ရပ်တည်ချက်ဖြစ်သည်။ အကြမ်းဖက်အုပ်စု၏ အာဏာသိမ်းမှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကာ ဆန့်ကျင်ခြင်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) ၊ ချင်းလက်နက်ကိုင်အဖွဲ့ (CNF) တို့ပါဝင်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ ကသာ ပြုလုပ်ထားသည်။ အထူးငြိမ်ချက်သားကောင်းနေသည်မှာ တရုတ်လွှမ်းမိုးမှုခံနေသော ဝလက်နက်ကိုင်အဖွဲ့(UWSA)၊ ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ပါဝင်သော မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများ ထိခိုက်ကျဆုံးလာသောအချိန်တွင်မှ တိုင်းရင်းသား ဒေသခံပြည်သူများ၏ ဖိအားကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က စစ်စခန်းအချို့ကို တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ TNLA ကလည်း အာဏာသိမ်းပြီး ရက်အတော်ကြာမှ ဒေသခံပြည်သူများ၏ ဆန္ဒပြပွဲများကို ကူညီစောင့်ရှောက်ပေးလာပြီး၊ စစ်ရေးအရတုံ့ပြန်မှု ပြုလုပ်လာသည်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ရှင်းလင်းစွာမြင်ရန်မှာ ခေတ်အဆက်ဆက် နယ်စပ်ဒေသမှ တိုင်းရင်းသားပြည်သူများအပေါ် ရက်ရက်စက်စက်သတ်ဖြတ်၊ အမျိုးသမီးကောင်းများစွာကို အဓမ္မပြုကျင့်၊ စည်းစိမ်ဥစ္စာများဓားပြတိုက်ဖျက်ဆီးခဲ့သူများမှာ စစ်အာဏာရှင်များ၏ လက်ပါးစေတပ်ဖွဲ့ပင်ဖြစ်ပါသည်။
ယနေ့ လမ်းပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရက်ရက်စက်စက်ပစ်သတ်နေသော၊ စေခိုင်းသော အကြမ်းဖက်သမားများပင်ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းရှိ ပြည်သူများနည်းတူ ဗမာတိုင်းရင်းသားများမှာလည်း အဖိနှိပ်ခံပြည်သူများသာဖြစ်သည်။ သို့သော် စစ်အာဏာရှင်များ၏ ဝါဒဖြန့်မှုကြောင့် ဗမာလူမျိုးကြီးဝါဒကို မသိမသာရော၊ သိသိသာသာပါ စွဲကပ်နေပြီး တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများ ဖိနှိပ်ခံနေရချိန်တွင် လုံလောက်သောစာနာမှုနှင့် ကူညီမှုမပေးနိုင်ခဲ့သည်ကိုလည်း ဝန်ခံပါသည်။ သို့သော် နိုင်ငံရေးအရ ပိုမိုပွင့်လင်းခဲ့သော နှစ်အနည်းငယ်ကို ဖြတ်သန်းပြီးချိန်တွင် တစ်နိုင်ငံလုံးရှိပြည်သူများ အထူးသဖြင့် မျိုးဆက်သစ်များမှာ ပြည်ထောင်စုသစ်တည်ထောင်ရန် လိုအပ်သောပြည်ထောင်စုစိတ်ဓာတ်အခြေခံရှိနေပြီဖြစ်သည်။
ထိုအချက်ကို နိုင်ငံတစ်ဝန်းဆန္ဒပြပွဲများကို ရဲဝံ့စွာဦးဆောင်နေသော လူမျိုး၊ ဘာသာ၊ အသွေးအရောင်၊ ကျား/မ၊ အရပ်ဒေသ မခွဲခြားဘဲ တစ်ခုတည်းသောစိတ်ဓာတ်ဖြစ်သော စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသော အသက် ၂၅ နှစ်အောက် Generation Z မျိုးဆက်များ၏ မျက်နှာများတွင် အထင်အရှားမြင်တွေ့နိုင်ပါသည်။
ထို့ကြောင့် တရုတ်၏ ခါးပိုက်ဆောင်တပ်များအဖြစ် စစ်အာဏာရှင်အလိုကျ ရပ်တည်မည်လား၊ တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့်အတူ ရပ်တည်မည်လားဆိုသည်ကို အလုပ်ဖြင့် သက်သေပြရတော့မည်ဖြစ်သည်။ တကယ်တော့ စစ်တပ်သည် ၁၉၉၀ အလွန်ကာလများတွင် KIA နှင့် တည့်အောင်ပေါင်းပြီး KNU ကို တိုက်ခိုက်ခဲ့ခြင်း၊ ရှမ်းပြည်နယ်ကို ဖျက်ဆီးခြင်း၊ ၂၀၁၁ ရောက်သောအခါ KNU၊ RCSS တို့နှင့် တည့်အောင်ပေါင်းပြီး KIA ကို တိုက်ခိုက်ခြင်း၊ ၂၀၁၆ မှစ၍ ကျန်လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးဟန်ပြု၍ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို တိုက်ခိုက်ပြီး ရခိုင်ပြည်နယ်အနှံ့ မီးလောင်တိုက်သွင်းခဲ့သည်မှာ ယခုစစ်တပ်ပင်ဖြစ်သည်။ ယနေ့ ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကို လူမျိုး၊ ဘာသာမရွေး၊ အရပ်ဒေသမရွေး၊ ရဟန်းသံဃာများကိုပင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေသော မင်းအောင်လှိုင်၏ စစ်တပ်ပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရနှင့် နိုင်ငံကို ဒုက္ခပေးရန် ဘင်္ဂါလီ(ရိုဟင်ဂျာ) ပြဿနာကို ဖန်တီးပြီး နယ်မြေရှင်းလင်းရေးအကြောင်းပြချက်ဖြင့် ဘင်္ဂါလီများကို ကြမ်းကြုတ်စွာလူမျိုးသုဉ်းသတ်ဖြတ်ပြီး နိုင်ငံကို ဒုက္ခတွင်းထဲဆွဲချခဲ့သော မင်းအောင်လှိုင်၏ အကြမ်းဖက်အဖွဲ့ပင်ဖြစ်သည်။ သို့သော် ယခုရက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီနှင့် UWSA၊ KIA၊ AA စသော လက်နက်ကိုင်အဖွဲ့အချို့မှာ တရုတ်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူရန် စီစဉ်နေကြောင်း အတွင်းမှ သတင်းသိုးသိုးသန့်သန့်ထွက်ပေါ်သည်။ အမှန်ဖြစ်ပါက အကြမ်းဖက်စစ်အုပ်စုနှင့်အတူ နိုင်ငံကို ဖျက်ဆီးခဲ့သော အပေါင်းအပါစာရင်းတွင် ထပ်တိုးလာမည်ဖြစ်ပါသည်။ သေချာသည့်အရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် စစ်အာဏာရှင်များနှင့် ပေါင်းပါကလည်း အကြမ်းဖက်စစ်အုပ်စုက မလိုတော့သည့်အချိန်တွင် ၎င်းလက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများကို အလိမ်အညာဇာတ်လမ်းများဖန်တီး၍ စစ်ပွဲများဖန်တီးပြီး သတ်ပြဦးမည်သာ ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာပြည်သူများ၏ အကျိုးစီးပွား ဘယ်သောအခါမှမကြည့်ဘဲ အာဏာရှိသူကိုသာ အဖက်လုပ်ပြီး မိမိအမြတ်ရရှိရေးကိုသာ ကြည့်သော တရုတ်နိုင်ငံသြဇာဆက်ခံကြမည်လား၊ လက်နက်ကလွဲ၍ ဘာမျှမရှိသော အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းမည်လားဆိုသည်ကို UWSA၊ KIA၊ AA၊ TNLA စသော လက်နက်ကိုင်အဖွဲ့များ အမြန်အဖြေပေးရတော့မည့် အချိန်ဖြစ်ပါသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်တို့မှာ အကြမ်းဖက်အုပ်စုတွင် ရှိမည်ထင်ပါက အမှားကြီးမှားပြီး သမိုင်းတရားခံများသာ ဖြစ်ကြပါလိမ့်မည်။ ဖက်ဒရယ်ပြည်ထောင်စုစိတ်ဓာတ်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်ရန် စိတ်ပိုင်းဖြတ်မှုနှင့် အမှန်တရားမှာ ယနေ့ စစ်အုပ်စုကို တော်လှန်နေသော ပြည်သူများထံတွင်သာ ရှိပါသည်။ ပြည်သူများနှင့် ပြည်သူများက မဲပေးရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များကသာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးရန် စိတ်ပိုင်းဖြတ်မှု၊ စိတ်စေတနာ၊ စိတ်အခြေခံများရှိနေပါသည်။ ထို့ကြောင့် နှစ်ပေါင်း ၆၀ ကျော်တိုင် နိုင်ငံကို ဖျက်ဆီးခဲ့သော စစ်အာဏာရှင်စနစ်ကို အမြစ်ကစ ဆွဲနုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရန် အကောင်းဆုံးအခွင့်အရေးကို အမိအရအသုံးချပြီး ပြည်သူများနှင့်အတူ လက်တွဲကြိုးပမ်းပေးရန် တိုင်းရင်းသားလက်နက်ကိုင် ညီအစ်ကိုများကို မေတ္တာရပ်ခံလိုပါသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းပီသစွာ ရင်းနှီးသောဆက်ဆံရေးတည်ဆောက်လိုပါက ပြည်သူလူထု၏ ဆန္ဒကိုသာ အလေးထားရမည်ဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုကို အကာအကွယ်ပေးခြင်း ၊ အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားပါက ဘယ်သောအခါမှ ပြင်ဆင်မရတော့မည့် မြန်မာပြည်သူများ၏ ထာဝရရန်သူဖြစ်လာပြီး အားလုံးအတွက် ဆုံးရှုံးမှုများမည့်အရေးကို အလေးအနက်စဉ်းစားပြီး အမှန်ပြန်ပြင်ရန် အချိန်သိပ်မကျန်တော့ပေ။
ပြည်သူများကလည်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ အကြမ်းဖက်အုပ်စုက ရန်မူလာလျှင် ပြန်လည်ခုခံကာကွယ်သောနည်းလမ်းများဖြင့် ရှစ်လေးလုံးအရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေးတို့တွင် မိမိတို့၏ မိဘ၊ ဘိုးဘွားများ အပြီးမသတ်နိုင်ခဲ့သော တော်လှန်ရေးကို လက်ဆင့်ကမ်းရင်း ဖက်ဒရယ်ဒီမိုကရေစီအတွက် အောင်ပွဲဆင်နိုင်သည်အထိ စုစုစည်းစည်း ဆက်လက်တိုက်ပွဲဝင်ကြရမည်ဖြစ်သည်။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများမှာ အာဏာရှင်များဖြုတ်ချရေးတွင် အကောင်းဆုံးလက်နက်ဖြစ်သည်။ အာဏာရှင်များ အကြောက်ဆုံးလက်နက်လည်းဖြစ်သည်။ ထို့ပြင် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအပေါ် အကြမ်းဖက်လာလျှင် နိုင်ငံတကာမှ ဖိအားပေးရန် ပိုမိုလွယ်ကူပြီး၊ အပြန်အလှန်အကြမ်းဖက်သောပုံစံဖြစ်လျှင် လက်နက်မဲ့ပြည်သူများကို ပိုသတ်နိုင်ရန် စစ်အုပ်စုအတွက် အကြောင်းပြချက်ပိုကောင်းသွားသလို နိုင်ငံတကာမှ ဖိအားပေးရန် ပိုမိုခက်ခဲသွားနိုင်ပါသည်။
ထို့ကြောင့် အကြမ်းဖက်အုပ်စုမှ အကြမ်းဖက်လာလျှင်လည်း ရှောင်ကွင်းရန် နည်းဗျူဟာများ၊ ထိပ်တိုက်မတွေ့ဘဲ နေရာခွဲ၍ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ရမည်ဖြစ်သလို၊ အန္တရာယ်ကျရောက်လာသော အခြေအနေတွင်မူ ခုခံကာကွယ်ရေးဗျူဟာများကိုလည်း အသုံးပြုရမည်ဖြစ်သည်။
လက်နက်အားကိုးဖြင့် နေ့စဉ် ပြည်သူများကို နေ့စဉ် သတ်ပြနေသော်လည်း သေရန်မကြောက်၊ စစ်အာဏာရှင်စနစ်ကိုသာ ရွံမုန်းပြီး ဒီမိုကရေစီကို လိုလားသော ပြည်သူများကြောင့် အောင်ပွဲသည် ပြည်သူများရှေ့တွင်သာ ရှိနေပါသည်။အကြမ်းဖက်အုပ်စုတွင်မူ လက်နက်၊ အမုန်းတရား၊ သံသယ၊ မယုံကြည်မှု၊ သူရဲဘောကြောင်မှု၊ မုသားများသာရှိသည်။ စစ်ခေါင်းဆောင်များရရှိမည်မှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းအတွက် ပြစ်ဒဏ်များပင်ဖြစ်ပါသည်။
လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဖြစ်သော်လည်း လိုဏ်ခေါင်းအတွင်းမှ ပုန်းအောင်းမိန့်ခွန်းပြောနေသော အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ မျက်နှာကို ကြည့်၍ အကြမ်းဖက်အဖွဲ့ ၏ ယုံကြည်ချက်ကင်းမဲ့နေပုံကိုလည်းအထင်းသားမြင်နိုင်ပါသည်။
အခြားတစ်ဖက်တွင် လမ်းမပေါ်ထွက်လျှင် အသက်သေနိုင်သည်၊ အဖမ်းခံရနိုင်သည်ကို သိသော်လည်း ပြည်သူများက သတ္တိရှိရှိဖြင့် အာဏာရှင်ကို ဆန့်ကျင်နေဆဲပင်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း နောက်ဆုံးထွက်သက်အထိ လက်သုံးချောင်းထောင်လျက် ကြွေလွင့်သွားခဲ့သော အာဇာနည်ကြယ်ပွင့်များ၏ ပေးဆပ်မှုက ခမ်းနားလွန်းသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန် ယုံကြည်ခြင်းကို စွဲကိုင်ရင်း ကျောပိုးအိတ်တစ်လုံး၊ လက်ဗလာဖြင့် တော်လှန်နေသော ပြည်သူများ၏ ဇွဲသတ္တိကောင်းသော၊ ဉာဏ်ပညာရှိသော၊ အမှန်တရားလိုလားသော၊ ခိုင်ကျည်ရဲဝံ့သော စိတ်ဓာတ်နှင့် စုစည်းညီညွတ်မှုကြောင့်ပင် ပြည်သူများက နွေဦးတော်လှန်ရေးတွင် မုချအောင်ပွဲရမည်ဖြစ်သည်။ ထို့အတွက် ပြည်သူတစ်ဦးချင်းလုပ်ရမည့် တာဝန်မှာ နိုင်ငံ့အာဏာကို ဓားပြတိုက်ထားသော အကြမ်းဖက်အုပ်စု၏ အမိန့်ဟူသမျှကို မနာခံဘဲ မိမိလုပ်နိုင်သလောက်၊ လက်လှမ်းမီသလောက် ဖီဆန်ဆန့်ကျင်ကြရန်ဖြစ်သည်။