မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲသဖြင့် အမျိုးသမီး ၈ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၅ ရက်) နံနက် ၁၁ နာရီခန့်တွင် မတ္တရာတောင်ဘက် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာအနီး အခြေချထားသော စစ်တပ်က ထိုနေရာ၏ အရှေ့မြောက်ဘက်သို့ တရစပ်ပစ်ခတ်ရာ ၃ မိုင်ကျော်အကွာ တောင်ကန်ကျေးရွာဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည်၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲမှုကြောင့် ထိုကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီး ၃ ဦး အနက် ၁ ဦး ခြေထောက်ပြတ်၊ ၁ ဦး လက်တွင် ဒဏ်ရာရ၊ နောက် ၁ ဦးမှာ ခါးနှင့်တင်ပါး တို့တွင် ဒဏ်ရာရကြောင်း မတ္တရာဒေသခံ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
မွန်းလွဲ ၁ နာရီခန့်တွင်လည်း မန္တလေးမြို့အနီး ထီးတော်မိုးရွာအခြေစိုက် အရပ်အခေါ် ထီးတော် မိုးစစ်တပ်က မြောက်ဘက်သို့ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ရာ ထိုမှ ၄ မိုင်ခန့်အကွာ ပုသိမ်ကြီးမြို့နယ်နှင့်မတ္တရာမြို့နယ်ကြား ဝသုန္ဒရကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
အမျိုးသမီး ၅ ဦး ဒဏ်ရာ ရသွားရာ ထိုအထဲတွင် အသက် ၆၀ အရွယ် ဒေါ်ခင်မာလွင်၊ ၎င်း၏ ၆ နှစ်အရွယ် မြေးမလေးတို့ ပါဝင်သည်ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
“သူတို့က အဲဒီကျေးရွာရဲ့ မင်္ဂလာခန်းမခေါ်မှာပေါ့၊ အဲ့ဒီရှေ့မှာ ပဲတွေကိုင်နေကြတာ။ သူအပါအဝင် သက်တူရွယ်တူမိန်းမတွေပေါ့။ သူ့မြေးမလေး ၆ နှစ်အရွယ်လည်းပါတယ်။ အဲဒီမှာ လက်နက်ကြီး လာကျတာ“ ဟု ၎င်းက ဆိုသည်။
ထို ၅ ဦးလုံး ကျေးရွာတွင်ပင် ဆေးကုသနေရာမှ စိုးရိမ်ရသည့်အခြေအနေဖြစ်သည့်အတွက် ညနေပိုင်း တွင် မန္တလေးအထွေထွေကုဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း၊ နောက်ဆက်တွဲအခြေအနေများကို ထပ်မကြားရသေးကြောင်း ၎င်းက ဆက်ပြောသည်။
အမျိုးသမီးများ ဒဏ်ရာရစေခဲ့သော ပေါက်ကွဲမှုဖြစ်သည့် ၂ ရွာလုံးသည် မတ္တရာအရှေ့တောင်ဘက်ခြမ်း တွင် တည်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ ၄ ရက် ညပိုင်းကလည်း မတ္တရာမြို့နယ် အောင်ချမ်းသာကျေးရွာတွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသား ၂ ဦးနှင့် နွား ၂ကောင်သေဆုံးသည်ဟု ကြားသိရကြောင်း အထက်ပါအမျိုးသားက ဆိုသည်။
သေဆုံးသူ ၂ ဦးနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများစုံစမ်းနိုင်ခြင်းမရှိသေးဟု သိရသည်။
ထိုညတွင်ပင် မတ္တရာမြို့နယ်နှင့်ပုသိမ်ကြီးမြို့နယ်ကြားနေရာများမှ တိုက်ပွဲဖြစ်သည်ဟုယူဆရသည့် သေနတ်ပစ်ခတ်သံများ တရစပ်ထွက်ပေါ်နေကြောင်း မတ္တရာဒေသခံများက ဆိုကြသည်။
ယမန်နေ့က ဒေသခံတို့ လက်နက်ကြီးထိမှန်ဒဏ်ရာရသွားကြကြောင်းကို မတ္တရာမြို့နယ်အခြေအနေများ ဖော်ပြနေသည့် Patheingyi Reporter တယ်လီဂရမ်စာမျက်နှာနှင့် Voice Of Mandalay (Vomdy) ဟူသည့် မန္တလေးကင်းထောက်အဖွဲ့တို့ကလည်း ဖော်ပြထားကြသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုလည်း ယင်းကဲ့သို့တိုက်ခိုက်နေကြောင်း၊ အရပ်သားများကိုပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ထိုအဖွဲ့တို့က ဆိုထားသည်။
ထိုအဖွဲ့များ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက်ကို ရယူနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ လတ်တလောသတင်းထုတ်ပြန်ချက်များတွင်လည်း ထိုဒေသအကြောင်း ဖော်ပြထားခြင်း မရှိပေ။
စစ်ကောင်စီသည် မန္တလေးမြို့အနီးဖြစ်သော ရွှေကျင်တိုးဂိတ်၊ ထီးတော်မိုးစစ်တပ်၊ ၁၁၉ တပ်၊ ကွန်ပျူတာတက္ကသိုလ်နှင့်မြကန်သာကျေးရွာအနီးတို့တွင် ၎င်းတို့အထိုင်ချထားသည့်နေရာများမှနေ၍ တော်လှန်ရေးတပ်ဖွဲ့ များသိမ်းပိုက်ထားသည့် မတ္တရာအရှေ့ခြမ်းကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများ သုံးပြီး နေ့စဉ်လိုလို တိုက်ခိုက်နေသည်ဟု စုံစမ်းသိရှိရသည်။
မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီ၏လက်ကျန်စခန်းအချို့ကျန်ရှိနေရာ တိုက်ပွဲငယ်များ နေ့စဉ် ဖြစ်ပွားနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) သတင်းတာဝန်ခံ ကိုအော်စမွန် က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now ကို ပြောသည်။
မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် MDY-PDF မသိမ်းပိုက်နိုင်သေးသည့်ကျေးရွာများမှာ ဝသုန္ဒရ၊ လင်းမြွေ ချောင်း၊ ကောင်းမွန်ကျေးရွာတို့ဖြစ်ပြီး ထိုရွာများနှင့် နယ်မြေထိစပ်နေသည့် ပုသိမ်ကြီးမြို့နယ်အတွင်း
သရက်ကိုင်း၊ မြကန်သာ၊ ဇကာတောင်၊ ဒဟတ္တော၊ ထီးတော်မိုး၊ ပုသိမ်လေး၊ ကြာနီကန်ကျေးရွာတို့တွင် စစ်တပ်က တပ်စွဲထားသည်ဟု ဒေသခံအသက် ၃၀ အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။
လွန်ခဲ့သည့် ၃ ရက်ခန့်က စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ကြာနီကန်ကျေးရွာမှ လူငယ် ၁၅ ဦး ခန့် စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ၎င်းကပြောသည်။
“ကြာနီကန်မှာ မန္တလေးက စွန့်ပစ်အမှိုက်တွေကို လာပုံတဲ့ အမှိုက်ပုံအကြီးကြီးရှိတယ်။ အဲဒီအမှိုက်ပုံကို မှီတင်းပြီး နေထိုင်ကြတဲ့ဒေသခံတွေပေါ့။ ပလုံကောက်ကြတာများတယ်။ အဲဒီရွာက ၁၅ ဦးလောက် ပါသွားတာ”ဟု ၎င်းက ပြောသည်။
တိုက်ပွဲများဖြစ်နေသည့်၊ မတ္တရာမြို့နယ်နှင့်ထိစပ်နေသည့် ပုသိမ်ကြီးမြို့နယ်ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က ယခုလအတွင်း တပ်စွဲကာ အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောကြသည်။
နိုင်ငံအလယ်ပိုင်းစီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့်မိုင်၂၀အကွာ မတ္တရာမြို့နယ် အတွင်း စစ်ကောင်စီတပ်နှင့် MDY-PDF တို့ ပြီးခဲ့သည့်နှစ် ဇွန်၂၅ ရက်နေ့မှစကာ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။
တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှု များပြားခဲ့ပြီး လူနေအိမ်ထောင်နှင့်ချီကာ မီးရှို့ဖျက်ဆီးခံခဲ့ရ သည်။ လူဦးရေ တစ်သောင်းနီးပါးလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု မတ္တရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စာရင်းများအရ သိရသည်။
တိုက်ပွဲများပြင်းထန်နေသည့် မတ္တရာမြို့နယ်မှ ၂၀၂၄ ဒီဇင်ဘာတစ်လအတွင်း လက်နက်ကြီးရန်ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး အောက်တိုဘာလကုန်မှ နိုဝင်ဘာလအထိ တစ်လကျော်အတွင်း လူ ၃၀ကျော် သေဆုံးခဲ့သည်။



