
စစ်တပ် အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးကြေညာကာ ခရီးသွားလာမှုများကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် မြန်မာထက် အခြားနိုင်ငံများမှအလုပ်သမားများ ဦးစားပေးခေါ်ယူရန် စင်ကာပူ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာနက ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်စွဲဖြင့် အလုပ်သမားအေဂျင်စီများထံသို့ အသိပေးအကြံပြုစာပေးပို့လိုက်သည်။
အေဂျင်စီများအနေဖြင့် အလုပ်သမားစေလွှတ်သည့်နိုင်ငံများမှ ပြည်တွင်းရေးအခြေအနေကို တွက်ဆပြီး ဖြစ်ပေါ်လာနိုင်ငံသော ခရီးသွားလာမှုအခက်အခဲများကို အလုပ်ရှင်ထံအသိပေး၍ အကူညီတောင်းခံလျှင် ကူညီကြရန်လည်း ထိုအကြံပြုစာတွင် ဖော်ပြထားသည်။
“ယေဘုယျအားဖြင့် အလုပ်ကိုင်အေဂျင်စီတွေဟာ စီးပွားရေးလုပ်ငန်းများ ဒူပေဒဏ်ပေခံနိုင်ရည်ရှိမှုနှင့် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ခွင့်ပြုထားတဲ့ ကျယ်ကျယ်ပြန့်ပြန့် ရောနှောပါဝင်တဲ့ နိုင်ငံတွေဆီက အလုပ်သမားတွေ စုဆောင်းသွားနိုင်ချေရှိပါတယ်” ဟု ဖော်ပြထားသည်။
စင်ကာပူနိုင်ငံသည် မြန်မာအလုပ်သမားများစွာ သွားရောက်အလုပ်လုပ်နေသည့် နိုင်ငံတစ်ခုဖြစ်သည်။ ထိုအသိပေးစာသည် မြန်မာအလုပ်သမားခေါ်ယူမှုကို လက်ရှောင်၍ အခြားအလုပ်သမားများခေါ်ယူရန် စင်ကာပူ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာနက သွယ်ဝိုက်သောအားဖြင့် အသိပေးခြင်းဖြစ်ပြီး စင်ကာပူသို့ သွားရောက်အလုပ်လုပ်လိုသူများအပေါ် ရိုက်ခတ်နိုင်ကြောင် စင်ကာပူရောက် မြန်မာအလုပ်သမားများက ပြောသည်။
အလုပ်သမားအသစ်များလာရောက်ရန် အဟန့်အတားဖြစ်နိုင်သလို ရောက်ရှိပြီး အလုပ်သမားများလည်း သက်တမ်းထပ်တိုးရာတွင် အခက်အခဲဖြစ်မည်ကို စိုးရိမ်ရကြောင်း စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဘာတွေဖြစ်မှာလဲ၊ ထပ်ပြီးတော့ ဘာ Rule (စည်းမျဉ်းစည်းကမ်းတွေ) ကန့်သတ်ထားမှာလဲ။ ဒီဟာကို အခြေခံပြီး ဘာတွေအသစ်ထပ်ထွက်လာဦးမှာလဲ။ ဘာတွေကန့်သတ်ချုပ်ချယ်ဦးမှာလဲဆိုတဲ့ဟာမျိုးကို နည်းနည်းတွေးပြီး စိုးရိမ်သွားတာပေါ့” ဟု သူက ဆိုသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီ အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေ၏ နောက်ဆက်တွဲအဖြစ် နည်းဥပဒေကို ယခုနှစ်ဆန်းတွင် ထပ်မံအတည်ပြုလိုက်ပြီးနောက် အသက် ၃၅ နှစ်အောက် အမျိုးသားများကို ပြည်ပသို့ သွားရောက်အလုပ်လုပ်ခွင့် ယခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ရုတ်တရက်ပိတ်ပင်လိုက်သဖြင့် အလုပ်သမားများစေလွတ်မည့်အစီစဉ်များရပ်ဆိုင်းသွားသည်။
အလုပ်သမားများစေလွှတ်နိုင်ရန် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များနှင့် ယုံကြည်မှုတည်ဆောက်ကာ ကာလရှည်ကြာ ညှိနှိုင်းသဘောတူလုပ်ကိုင်ရသော်လည်း ရုတ်တရက် ထိုကဲ့သို့ပိတ်ပင်လိုက်ခြင်းကြောင့် ယုံကြည်မှုပျက်ပြားကာ ခေါ်ယူရန်လက်တွန့်သွားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
“Stable(တည်ငြိမ်မှု) မဖြစ်ဘူး။ ချက်ချင်းကြီး လိုရင်လိုသလို စွတ်လုပ်နေတယ်ဆိုတာမျိုးက အဆင်မပြေဘူး။ ဒီကတိကဝတ်တွေဟာ အစ်ကိုတို့လည်းမတတ်နိုင်ဘူး။ ပျက်သွားတဲ့ပုံစံ ဖြစ်သွားပြီ။ ပျက်သွားတာ ကိုယ့်ကြောင့်လားဆိုတော့မဟုတ်ဘူး။ စစ်ကောင်စီကြောင့်။ စစ်ကောင်စီလုပ်တဲ့ဟာကို အကုန်လုံးက နိုင်ငံသားအားလုံးက ခံနေရတဲ့ပုံစံဖြစ်သွားတာပေါ့” ဟု သူက ပြောသည်။
စစ်ကောင်စီက အသက် ၃၅ နှစ်အောက် နိုင်ငံသားများကို ပြည်ပထွက်ခွင့်ပိတ်ပင်လိုက်သည့် ယခုနှစ် ဇန်နဝါရီ ၃၀ ရက်နောက်ပိုင်း အလုပ်ကိုင်အေဂျင်စီများနှင့် စာချုပ်ချုပ်ဆိုရန် စီစဉ်ထားသူများရှိသလို ထိုရက်မတိုင်မီ သွားရောက်ရန်စီစဉ်သူ၊ ထွက်ခွာရန်ခွင့်ပြုချက် ကျထားသူများစွာရှိနေသည်ဟု ၎င်းက ပြောသည်။
“အဲ့ဒါတွေအကုန်လုံးကို တိကနဲ့ရပ်ချတာ။ အမိန့်အာဏာပုံစံမျိုးနဲ့ရပ်ချလိုက်တာ ဥပဒေမဟုတ်ဘူးနော်။ အဲ့ဒါမျိုးရပ်ချလိုက်တာ နိုင်ငံတကာမှာ သွားပြောရင် ရီစရာကြီး၊ ဒါယုံလို့မရဘူးဆိုတာမျိုးဖြစ်သွားတော့ ဒီသက်ရောက်မှုတွေက ဘယ်ကိုရောက်လာမလဲဆိုတော့ မြန်မာအေဂျင်စီတွေရော၊ မြန်အလုပ်သမားတွေ၊ မြန်မာနိုင်ငံသားအားလုံးပေါ်မှာသွားပြီးတော့သက်ရောက်တယ်” ဟု သူက ဆိုသည်။
ထို့ကြောင့် စင်ကာပူအစိုးရက ၎င်း၏ အေဂျင်စီများကို သတိပေးခြင်းဖြစ်ပြီး မြန်မာအလုပ်သမားများကို ခေါ်ယူမှုပိတ်ပင်ခြင်းမဟုတ်ကြောင်း၊ စင်ကာပူအပြင် အိမ်နီးချင်း ထိုင်း၊ မလေးရှားနှင့် အခြားနိုင်ငံများမှ လည်း အခြေအနေကို စောင့်ကြည့်နေကြောင်း ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်တည်း၊ စီပွားရေးပြိုကျမှု၊ စားဝတ်နေရေးအခက်အခဲအပြင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များက ပြည်ပနိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် သွားရောက်နေသည်။
မြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခငွေမှာ တစ်ရက်လျှင် ကျပ် ၆,၈၀၀ဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တိုက်ပွဲမဖြစ်ပွားသော မြို့နယ်များတွင်ပင် စားဝတ်နေရေးခက်ခဲလာ နေကြသည်။
ထို့ပြင် စစ်ကောင်စီက စစ်သားသစ်ရရန် အတင်းအဓမ္မ ဆင့်ခေါ်နေခြင်း၊ ဖမ်းဆီးနေခြင်းကြောင့်လည်း လူငယ်များ တိမ်းရှောင်ထွက်ပြေးနေကြရပြီး စစ်ကောင်စီကလည်း ထိုသူများ ပြည်ပထွက်ခွင့်မရရန် နည်းလမ်းမျိုးစုံဖြင့် တင်းကျပ်ထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ ပစ်ပယ်ခြင်းခံထားရသည့် စစ်ကောင်စီသည် ၎င်းနှင့် ပြေလည်သည့် ဆက်ဆံရေးရှိသော တရုတ်နှင့် ရုရှားနိုင်ငံများသို့ အလုပ်သမား စေလွှတ်နိုင်ရန် စီစဉ်နေသည်။