
နှစ်လကျော်ကြာမြင့်နေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နှင့် ခြေလျင်တပ်ရင်းများဖြစ်သော အမှတ် (၄၇) နှင့် (၂၃၆) တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲ များ ပြင်းထန်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ KIAနှင့်အတူ ကချင်ဒေသကာကွယ်ရေးတပ် (KPDF)၊ ကျောင်းသားတပ်မတော် (ABSDF) တို့က ဗန်းမော်မြို့ရှိ စခန်းများကို စတင်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဆန်းတွင် တိုက်ပွဲအရှိန်လျော့သွားရာမှ ဇန်နဝါရီ နောက်ဆုံးပတ်တွင် တိုက်ပွဲများ တကျော့ပြန် ဖြစ်လာသည်။
လက်ရှိတွင် အမှတ် (၃၆၆) အမြောက်တပ်၊ ဗန်းမော်လေယာဉ်ကွင်း၊ မြို့ပေါ်ရပ်ကွက်တချို့၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ကို သိမ်းထားပြီး လေယာဉ်ကွင်းအရှေ့ဘက် ကပ်လျက်ရှိ စကခ-၂၁ ကို ဆက်လက် ထိုးစစ်ဆင်နေသည်ဟု သိရသည်။
ထို့ပြင် မန္တလေး-မြစ်ကြီးနားကားလမ်းဘေး မြို့တောင်ဘက် ခလရ ၄၇ နှင့် ခလရ၂၃၆ တွင်လည်း တိုက်ပွဲများ ရှိနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။
“လက်ရှိအခြေအနေမှာတော့ စကခ-၂၁ နဲ့ ခလရ၂၃၆ နေရာဘက်မှာ တိုက်ပွဲကတော့ ပိုပြီးမှ ပြင်းထန် ပါတယ်။ စကစ ဘက်ကလည်း နည်းမျိုးစုံနဲ့ ခုခံတုန့်ပြန်တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်၊ လေကြောင်းက တိုက်ခိုက်တာကတော့ ဆက်တိုက်ပေါ့နော်။ ဗုံးကြဲတိုက်ခိုက်တာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
အမှတ်(၇၀၀၆) သံချပ်ကာတပ်ကို ဇန်နဝါရီ ၂၅ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး နောက်နေ့တွင် ဗန်းမော် လေယာဉ်ကွင်းနှင့် အမတ ၃၆၆ ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အမှတ် (၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
သံချပ်ကာကား ၈ စီးနှင့် လက်နက်ခဲယမ်းများကို KIA က သိမ်းဆည်းနိုင်ခဲ့သလို သုံ့ပန်းတချို့ကိုလည်း ရရှိခဲ့သည်ဟု သိရသည်။
တပ်ရင်းဌာနချုပ်များ ဆက်တိုက်လက်လွှတ်လာရသည့် စစ်ကောင်စီတပ်ကလည်း ၎င်းတို့ အားသာချက်ဖြစ်သည့် လေကြောင်းတိုက်ခိုက်ခိုက်မှုများကို အဆက်မပြတ် အားပြုနေသည်ဟု ဗန်းမော်မြို့အနီး ကျေးရွာတစ်ရွာတွင် စစ်ရှောင်နေရသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နေ့စဉ် နံနက် မိုးလင်းသည်နှင့် တိုက်ပွဲများ ပြင်းထန်လေ့ရှိသည်၊ မြို့တွင်းသို့ ဗုံးကြဲပြီးနောက် မီးလောင်သွားတတ်သည်ဟု ၎င်းက ဆိုသည်။
“လေယာဉ်နဲ့ ချနေတာတော့ ကြားရတယ်လေ၊ မီးလောင်တာတွေမြင်ရတယ်၊ အဲဒီလိုတော့ မြင်ရတယ်။ ဘယ်နေရာတွေ ဘယ်နေရာတွေချတယ်တော့ မသိရဘူး” ဟု ၎င်းက ပြောသည်။
၎င်းတို့ မိသားစုမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားစဉ်ကပင် မြို့မှ တိမ်းရှောင်လာခဲ့ပြီး နှစ်လ နီးပါး စစ်ရှောင်နေရသည့်အတွက် နေထိုင် စားသောက်ရေး ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။
“အခက်အခဲကတော့ အများကြီးပါပဲ၊ လုပ်ကိုင်စားသောက်လို့ အဆင်မပြေဘူးလေ၊ မပြေတော့ ရှိတာလေးနဲ့ပဲ စားနေသောက်နေကြရတာပေါ့နော်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်တပ်၏ သတင်းထုတ်ပြန်ချက်များတွင် တိုက်ပွဲသတင်းများ ပါဝင်လေ့မရှိပေ။
၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ စာရင်းများအရ မြို့ပေါ် ရပ်ကွက် ၁၆ ခုရှိပြီး တစ်မြို့နယ်လုံးတွင် လူဦးရေ တစ်သိန်းကျော် ရှိသည်။
KIA နှင့် ပူးပေါင်းတပ်များက ဗန်းမော်၊ ကပ်လျက်တည်ရှိသည့် မံစီတို့ကို တစ်ပြိုင်တည်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး စစ်တပ်စခန်း ပိုမို နည်းပါးသည့် မံစီမြို့ကို ဇန်နဝါရီ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
နှစ်လတိတိ ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေသလို မိုးကောင်းမြို့ တွင် လည်း တိုက်ပွဲရှိနေသည်။ ပူးပေါင်းတပ်များက စစ်ကောင်စီ၏ မဟာမိတ် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်စခန်းတချို့ကို ယမန်နေ့ (ဖေဖော်ဝါရီ ၃) တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေ သည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေ သည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးခဲ့သည်ဟု သိရသည်။
သို့သော် ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ပိုမိုအရှိန်မြင့်ကာ ဆက်လက်ဆင်နွှဲနေဆဲဖြစ်သည်။
ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ် မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။
