သတင်း

ဖားကန့်လူလုပ်ဘေး၊ လေတပ်တိုက်ခိုက်မှုတို့ကြောင့် ၂၀ နီးပါး သေဆုံး

ကမ္ဘာကျော်ကျောက်စိမ်းတွင်းဖားကန့်တွင် တစ်မနက်တည်း အစုအပြုံလိုက် သေဆုံးမှု နှစ်ခု ဖြစ်ပွားခဲ့သည်၊ နွံကန် ပေါက်ပြီး ၁၂ ဦး ထက်မနည်း သေဆုံးနေစဉ် လေတပ်ဗုံးကြဲသဖြင့် သေဆုံးသူ ထပ်တိုးသွားသည်။

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် ကျောက်စိမ်း တူးဖော်ရာမှ  ဖြစ်ပေါ်နေသည့် နွံကန်ကြီး ယနေ့ (ဇန်နဝါရီ ၁၃) နံနက်ပိုင်း ပေါက်ကျစဉ်  ကလေးများအပါအဝင် ၁၂ ဦးထက်မနည်း သေဆုံးသလို  လေယာဉ်ကလည်း ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၈ ဦးခန့် သေဆုံးခဲ့သည်ဟု စုံစမ်းသိရသည်။ 

ယနေ့ နံနက် ၁ နာရီခွဲခန့်တွင် ဖားကန့်မြို့ ၊ စပေါ့ကျေးရွာအနီးရှိ ရတနာအဓိပတိကုမ္ပဏီလုပ်ကွက်မှ နွံကန်အတွင်း ကျောက်စိမ်းတူးဖော်ရာမှ ထွက်လာသည့် မြေစာများ ဖို့ရာမှ နွံကန်ပေါက်ကျမှုဖြစ်ပွားခဲ့ သည်ဟု သိရသည်။

စပေါ့ကျေးရွာမှ နေအိမ်အများအပြား နွံများဖုံးလွှမ်းသွားပြီး သေဆုံးသူလည်း အများအပြားရှိသည် ဟု သိရကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ၎င်းတို့၏ အုပ်ချုပ်ရေးတာဝန်ရှိသူများက နွံကန်ပြိုကျသည့်နေရာသို့ သွားရောက်ခဲ့ကြောင်း Myanmar Now ကို ပြောသည်။

“ ကျွန်တော်တို့ အုပ်ချုပ်ရေးဘက်ကို မေးကြည့်တော့ သူတို့လည်း ကယ်ဆယ်ရေးကတော့ မနေ့ည ကတည်းကနေ သွားပြီးမှ ကူညီနေတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် အဲဲဒီ ဒေတာတွေ (အချက် အလက်တွေ)၊ မြေပြင်အနေအထားတွေ၊ မြေပြင်အခြေအနေတွေကိုတော့ အခုထက်ထိကတော့ ပြည့်ပြည့်စုံစုံ မရသေးပါဘူး။ ကျွန်တော်တို့လည်း မေးမြန်းစုံစမ်းထားဆဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဒေသတွင်း ကချင်သတင်းဌာနတစ်ခုဖြစ်သည့် Kachin News Group က နွံကန်ပေါက်ကျမှုကြောင့် စပေါ့ ကျေးရွာမှ ဒေသခံသေဆုံးမှု များပြားနိုင်ပြီး လတ်တလောတွင် ရုပ်အလောင်း ၁၂ လောင်း ရှာဖွေ တွေ့ရှိထားသည်ဟု ဖော်ပြထားသည်။

သေဆုံးသူ ၁၂ ဦးတွင်  အသက် ၁၀ နှစ်အောက် ကလေး ၄ ဦး ပါဝင်ကြောင်း ဒေသခံများထံက သိရသည်။

နွံကန်ပေါက်ကျပြီး နစ်မြှုပ်နေသော နေအိမ်တချို့ကို ယနေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- Tarlin Mg)

ဒေသခံအများစု အိပ်မောကျနေချိန် နွံကန်ပေါက်ကျသည့်အတွက် ထွက်ပြေးတိမ်းရှောင်ချိန် မရကြကြောင်း၊ ယနေ့ မွန်းလွဲအထိ ကူညီကယ်ဆယ်ရေးများ ဆက်လုပ်နေပြီး ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းအရေအတွက် ပိုများလာနိုင်ကြောင်း ဒေသခံတချို့က သုံးသပ်သည်။

ကျောက်စိမ်းဒေသတွင် သံတူရွင်းများသုံးပြီး လူအားနှင့် တူးဖော်ရှာဖွေခဲ့သည့်ခေတ်က သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးခဲ့သော်လည်း စက်ယန္တရားကြီးများသုံးနေသည့် ယနေ့ခေတ်တွင် ပျက်စီးမှု အကြီးအကျယ် တွေ့လာရသည်။

ကျောက်ကုမ္ပဏီများက စက်ယန္တရားများဖြင့် တူးဖော်မှု၊ မြေစာ ပမာဏအများအပြား စွန့်ပစ်မှု၊ မိုးရွာသွန်းမှုတို့ကြောင့်  နွံကန်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကုမ္ပဏီလုပ်ကွက်များတွင် ပေါက်ပေါက်လာတတ်သည့် အဆိုပါ နွံကန်များမှာ မကြာခဏ ပေါက်ကျမှုများ ဖြစ်ပွားလေ့ရှိပြီး နှစ်စဉ် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပွားနေသည်။

လေကြောင်းမှ ဗုံးကြဲ ပစ်ခတ်

နွံကန်ပြိုကျသည့် ထိုဒေသတွင် လူအများအပြား လှုပ်ရှားသွားလာနေကြချိန်  နံနက် ၁၀ နာရီခွဲခန့်တွင်  လေတပ်က ဖားကန့် မြို့၊ ဆန်ခါနှင့် မဇွပ်ယန်ကျေးရွာတို့ကို ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဒေသခံ ၈ ဦး ထက်မနည်း သေဆုံးနိုင်ပြီး ဒဏ်ရာရသူ အများအပြားရှိသည်ဟု KIA နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ PDF  ခေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များလည်း ထိိုနေရာတွင် ရှိမနေကြောင်း သူက ဆိုသည်။

“အဲဒီနေရာက ရွာပေါ့၊ တိုက်ပွဲလည်းမရှိဘူး ဘာမှမရှိလည်းမရှိဘူး၊ ဒီရက်ပိုင်း။ အဲဒီမှာ PDF  လည်း မရှိဘူး KIA လည်းမရှိဘူး။ ပြည်သူတွေပဲရှိတဲ့နေရာကို တမင်တကာဗုံးကြဲသွားတာ” ဟု အထက်ပါ  ဒေသခံက ဆက်ပြောသည်။

ဖားကန့်ဒေသခံ အမျိုးသား နောက်တစ်ဦးကလည်း ဆန်ခါရွာတစ်ရွာတည်းတွင် ၆ နေရာ ထက်မနည်း ဗုံးကြဲပစ်ခတ်ခံခဲ့ရသည်ဟု ပြောသည်။ 

“လေကြောင်းတိုက်ခိုက်မှုက လက်ရှိအချိန်ထိကြားတာကတော့ ၈ ဦး ရှိသွားပြီ၊ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး၊ ပြီးတော့ ဆေးရုံမှာ ပြင်းထန်ဒဏ်ရာရတာကတော့ ၇ ဦးလို့ ကြားပါတယ်” ဟု ထိုသူက ဆိုသည်။ 

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လေကြောင်းတိုက်ခိုက်ခံရမှုကို အတည်ပြုပေးခဲ့ပြီး သေဆုံးထိခိုက်အခြေအနေကို  ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

“ပြည်သူလူထုတွေ ထိခိုက်ပြီးမှ တော်တော်များများ သေတယ်လို့တော့ ကြားရပါတယ်။ ဒါပေမယ့် အခုထက်ထိကတော့ ဘယ်နှစ်ဦး ဘယ်နှစ်ယောက်ဆိုတဲ့ အတိအကျ Confirm လုပ်ပေးတာ (အတည်ပြုပေးတာ) မရှိသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံ၊ ဓာတ်ပုံများတွင်  ဒေသခံ ၅ ဦးထက်မနည်း၏ ရုပ်အလောင်းများကို တွေ့ရသည်။

 လေကြောင်းပစ်ခတ်မှုကြောင့် လမ်းမပေါ်တွင် လဲကျသေဆုံးနေသည့် ဖားကန့်ဒေသမှ အမျိုးသား ၁ ဦး။ (ဓာတ်ပုံ-ပေးပို့)

ရုပ်သံတစ်ခုတွင် အသားစများ ဖွာလန်ကြဲကာ လဲကျနေသည့်  ဒေသခံ အမျိုးသား ၃ ဦးကို ဆိုင်ကယ်များအနီး တွေ့ရသည်၊  ခြေထောက်ထိမှန်ထားသူတစ်ဦးအနီး ဆွေမျိုးတော်စပ်သူဟု ယူဆရသည့် အမျိုးသမီး တစ်ဦး ငိုယိုကာ အကူအညီတောင်းခံနေသည်ကို တွေ့ရသည်။

အမျိုးသားကြီး၁ ဦး၊ ခရမ်းရောင် ကချင်လုံခြည်ဝတ်ထားသော အမျိုးသမီးကြီး ၁ ဦး လဲကျ သေဆုံးနေသည်ကိုလည်း တွေ့ရသည်။ 

ထို့ပြင် ယမန်နေ့ညကလည်း ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်မဟာ(၉)ဌာနချုပ်အနီးဝန်းကျင် ဗုံးကြဲတိုက်ခိုက်ခံရပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း  တနိုင်းမြို့နယ်အတွင်း  KIA ထိန်းချုပ်ထားသည့်  နေရာ များကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးထားသည်။

ပြီးခဲ့သည့်နှစ် မတ်လတွင် စတင်သည့် KIA ၏ ကချင်ပြည်နယ်အတွင်း ထိုးစစ်များကြောင့် ကချင် ၁၃ မြို့၊ ရှမ်းမြောက်တစ်မြို့၊  ရာနှင့်ချီသည့် တပ်စခန်းများ လက်လွှတ်ထားရသည့် စစ်တပ်က KIA ထိန်းချုပ်သည့် ဒေသများကို ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

၂၀၂၄ ဒီဇင်ဘာ ၃ ရက်မှ စတင်ဖြစ်ပွားနေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်း ဆက်လက်ပြင်းထန် နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပြီး အပြင်းအထန် ခုခံနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ မံစီတပ်စခန်းတွေသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အဲဒီကနေထွက်ပြေးသွားတဲ့ စကစ စစ်ကြောင်းတွေကို လိုက်ပြီးမှ ရှင်းလင်းနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒါပေမယ့် (ဗန်းမော်)မြို့တွင်းမှာလည်း တိုက်ပွဲကတော့ ဆက်ဖြစ်ပါတယ်။ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ဗုံးကြဲတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

မံစီတပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်းရာတွင် အင်အား ၁၀၀ ကျော် ရှင်းလင်းနိုင်ခဲ့သည်ဟု သတင်းဌာနတချို့တွင် ဖော်ပြနေကြသည်၊ သို့သော်လည်း ဗိုလ်မှူးကြီးနော်ဘူက ထိုအရေအတွက်ကို အတည်ပြုရန် ငြင်းဆန်သည်။

အိမ်တချို့ နစ်မြှုပ်နေသော စပေါ့ကျေးရွာအနီး မြေတူးစက်များသုံးပြီး ရှာဖွေကယ်ဆယ်ရန် ကြိုးစားနေကြစဉ်။ (ဓာတ်ပုံ- Tarlin Mg)

Show More

Related Articles

Back to top button