သတင်း

ရမ်းဗြဲကျွန်းကို လေတပ် ဗုံးကြဲ၊ သေဆုံးသူ ၄၀ ကျော်ရှိ

ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားသော အာရက္ခတပ်တော် (AA) ထိန်းချုပ်သည့် ရမ်းဗြဲကျွန်းပေါ်မှ ကျောက်နီမော်ရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အများအပြား သေဆုံးသွားကြသည်။

တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်နီမော်ကျေးရွာကို ယမန် နေ့ (ဇန်နဝါရီ ၈) မွန်းလွဲ ၁ နာရီခန့်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်  သေဆုံးသူ၊ ဒဏ်ရာရသူ များပြားကြောင်း ဒေသခံတချို့ထံက သိရသည်။ 

သေဆုံးသူများထဲတွင် ကလေးများ ပါဝင်ကြောင်း အခင်းဖြစ်နေရာကို သွားရောက်ကူညီနေသော ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။ 

“ကလေးတွေရောပါတယ် ။ သေတာက ၄၁ ဦး သေတယ်။ ဒဏ်ရာရတာက ကနဦး သိရတာက ၅၂ ယောက်၊ ဒီထက်များဖို့ ဖြစ်တယ်။ မနေ့ညက တစ်ညလုံးရှုပ်ယှက်ခတ်နေလို့။ ဒဏ်ရာရလူက ဒီထက်များဖို့ပဲ ရှိတယ်” ဟု ထိုသူက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ 

“လောလောဆယ်က ဆေးဝါးတွေ၊ အရက်ပျံတွေပါ ပြတ်တောက် သွားလို့ ရှာဖွေနေတယ်။ ဒဏ်ရာရသူ တအားများနေလို့” 

ဗုံးကြဲမှုကြောင့် ကျောက်နီမော်ရွာ  တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်း ရပ်ကွက်တို့ရှိ နေအိမ် ရာနှင့်ချီ မီးလောင်သွားကြောင်း သိရသည်။ 

“ အိမ်ခြေကတော့ ၅၀၀ ကျော် ၆၀၀ လောက် ဖြစ်မယ်။ ရေတွက်လို့မရဘူး။ အိမ်တွေက တစ်အိမ်နဲ့ တစ်အိမ် ပူးနေတဲ့ အနေအထားမို့” ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။ 

လက်ရှိတွင် ကျောက်နီမော်အနီး မြစ်ထဲ၌ စစ်ကောင်စီ ရေယာဉ် ၄ စီးပါ ရောက်ရှိနေသည်ဟု သူက ဆက်ပြောသည်။ 

“ ၅၂ ယောက်ဆိုတာ ဆေးရုံဆေးခန်းရောက်တဲ့လူနာတွေ၊ တခြားနေရာ ဆေးရုံဆေးခန်းမှာလည်း အရေးပေါ်လူနာတွေ ထွက်လို့ရရင် ထွက်ခိုင်းထားတဲ့အနေအထား၊ တခြားလုံခြုံတဲ့နေရာကိုပေါ့လေ။ အခုက စိုးရိမ်ရတဲ့ အနေအထား၊ ကျောက်နီမော်ရဲ့အောက်မှာလည်း နေဗီတွေက ၄ စီးလောက်ရှိတယ်” ဟု ထိုသူက ပြောသည်။

အရေးပေါ်ဆေးဝါးအကူအညီ လိုအပ်နေပြီး ဒဏ်ရာရသူအရေအတွက် ပိုတိုးလာနိုင်ကြောင်း သိရသည်။ 
ဗုံးကြဲခံရသည့် ကျောက်နီမော်တိုက်နယ်သည် ရမ်းဗြဲကျွန်း တောင်ဘက်အစွန်ဆုံး အရှေ့ဘက်ရှိ  ကလိန်အောင်မြစ်နှင့် တောင်ဘက်တွင် မာန်အောင်မြစ်တို့ဆုံရာ မြစ်ကမ်းဘေး ကပ်လျက် တည်ရှိကာ ရမ်းဗြဲမြို့ တောင်ဘက်  ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။

လေကြောင်းတိုက်ခိုက်မှုပြမြေပုံ။

AA က ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိသည်ဟု ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ထားပြီးနောက်ပိုင်း စစ်ကောင်စီ၏ အပြင်းထန်ဆုံးသော လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်သည်။ 

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ကျောက်နီမော် တောင်ပိုင်းရပ်ကွက်(မွတ်ဆလင်ရပ်ကွက်)ကို ဗုံးကြဲချ ခံရသည့်အတွက် အိမ်ခြေ ၅၀၀ ခန့်မီးလောင်ပျက်စီးပြီး လူ ၅၀ ခန့် သေဆုံးသည်ဟု ကြားသိရကြောင်း ပြောသည်။ 

“အာရက္ခတပ်တော်ကငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်အဆင်သင့်ရှိတယ်လို့ ကြေညာထားချက်ကို လက်မခံကြောင်း ပြသလိုက်တာလို့ပြောနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုသည် ရခိုင်ပြည်နယ်လေကြောင်းတိုက်ပွဲများအတွင်း သေဆုံးမှု အရေအတွက်အများဆုံးဖြစ်သည်။ 

အာရက္ခတပ်တော် (AA)  ပြောခွင့်ရ ဦးခိုင်သုခက လူ ၄၀ ကျော် သေဆုံးကြောင်း၊ AA အနေဖြင့် ကူညီ မီးငြိမ်းသတ်ခဲ့ပြီး ဒဏ်ရာရသူများအား ဆေးဝါးကုသပေးနေကြောင်း ပြောသည်။ 

“ လူနေထူထပ်သည့် မွတ်ဆလင်ရွာကို  ဗုံးထိမှန်ပြီး မီးလောင်ခဲ့တဲ့အတွက် အခုလို အသေအပျောက် များခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

“ ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိတော့တဲ့နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အလွန်ယုတ်မာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလည်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရမ်းဗြဲမြို့ပေါ်တိုက်ပွဲများမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်၊ နံနက်တွင် စတင်ခဲ့ပြီး  လေတပ် က အပြင်းအထန် ဗုံးကြဲခဲ့သဖြင့်  တစ်မြို့လုံးနီးပါးပြာကျသည်အထိ ပျက်စီးထားသည်။ 

တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူခရိုင်၊ ရမ်းဗြဲ မြို့ကို ရက္ခိုင့်တပ်တော် (AA) က ၃ လကြာ ထိုးစစ်ဆင်ပြီးနောက်  ၂၀၂၄ မတ် ၁၁ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။ 

ရမ္မာဝတီ ခေါ် ရမ်းဗြဲမြို့သည် ရခိုင်တောင်ပိုင်းတွင် ပထမဆုံး တိုက်ပွဲဖြစ်ပွားသောမြို့ဖြစ်ပြီး AA က ပထမဆုံးသိမ်းပိုက်နိုင်ခဲ့သည့် တောင်ပိုင်းမြို့လည်းဖြစ်သည်။

ရေပတ်လည်ဝိုင်းနေသည့် ရမ်းဗြဲမြို့တည်ရှိရာ ရမ်းဗြဲကျွန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကျွန်းမကြီး တစ်ခု ဖြစ်ပြီး ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့နယ်များကြားတွင် တည်ရှိသည်။

၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ ရမ်းဗြဲမြို့တွင် လူဦးရေ ၉၈၃၇၀ နေထိုင်ပြီး မြို့ပေါ် ရပ်ကွက် ၆ ခုရှိသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရမ်းဗြဲကျွန်းသည် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတင်သည့် နေရာဖြစ်ပြီး ရေနံစိမ်းပိုက်လိုင်းမှာမူ ကျောက်ဖြူအနီးရှိ မဒေးကျွန်းမှ စတင်သွယ်တန်းထားသည်။

တရုတ်နယ်စပ်အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ်တည်းက စတင် လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ နေ့စဉ် တင်ပို့ရောင်းချနေသည်။
လက်ရှိတွင် ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏား ကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ်၊ ဂွ စသည့်  ၁၃ မြို့တို့ အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို AA က သိမ်းပိုက်ထားသည်။ 

တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူ၊ မာန်အောင်နှင့်ပြည်နယ်မြို့တော် စစ်တွေသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သည်။

ကျောက်နီမော်ရွာလေကြောင်းတိုက်ခိုက်တွင် မီးလောင်ပျက်စီးနေမှုများနှင့် ဒဏ်ရာရသူတချို့။

Show More

Related Articles

Back to top button