ကချင်ပြည်နယ်တောင်ဘက်စွန်း တရုတ်-မြန်မာ နယ်စပ်အနီး မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ကချင်ဒေသကာကွယ်ရေး (KPDF) ပူးပေါင်းတပ်များက တစ်လကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ (ဇန်နဝါရီ ၈ ရက်) နံနက်တွင် မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း KIA ထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၄ ရက်မှစတင်ကာ ဗန်းမော်မြို့စစ်စခန်းများနှင့် မံစီမြို့အခြေစိုက် စစ်တပ် စခန်းများဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ(၃၁၉)နှင့် (၆၀၁)၊ အမြောက်တပ် အမတ(၅၃၂)တို့ကို KIA နှင့် ပူးပေါင်းတပ်များက တစ်ပြိုင်နက် ထိုးစစ်ဆင်ခဲ့သည်။
ယနေ့နံနက် ၁၁ နာရီခန့်တွင် အဆိုပါ တပ်စခန်း ၃ ခုလုံးကို KIA နှင့် ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
“ မံစီဘက်က ခမရ(၃၁၉)၊(၆၀၁)၊ အမတ(၅၃၂) စခန်းတွေကိုတော့ ခုနက ၁၁ နာရီလောက်မှာ KIA တပ်ပေါင်းစုတွေ သိမ်းပိုက်လိုက်ရပြီဆိုပြီးမှ ရှေ့တန်းဘက်ကနေ သတင်းရပါတယ်၊ အတည်ပြု ပြောလို့ရပါပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာတွင်ရှိသည့် မံစီမြို့ပေါ်ကို ပြီးခဲ့သည့်နှစ် မေလတွင် KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့မြောက်ဘက်တွင်ရှိသည့် စစ်ကောင်စီ ခမရ (၃၁၉)၊ ခမရ ၆၀၁)နှင့် အမတ(၅၃၂)တို့က ဆက်လက်ခုခံနေခဲ့ခြင်းဖြစ်သည်။
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ် ၂၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို KIA ဌာနချုပ်ရှိရာ တရုတ်နယ်စပ်မျဉ်းအနီးရှိ လိုင်ဇာမြို့ပေါ်တွင်လည်း စစ်လေယာဉ်များ ဝဲပျံနေခဲ့သည်ဟု KIA စစ်ရေးရင်းမြစ်တစ်ဦးကလည်း ပြောသည်။
တပ်စခန်း ၃ ခုရှိသည့် မံစီမြို့တွင် စစ်တပ်က အင်အား အများအပြားဖြည့်တင်းထားသည့်အတွက် ယမန်နှစ် မေလတွင် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့သလို ယခု ဒီဇင်ဘာ ၄ ရက်မှ စတင်သည့် တကျော့ပြန်ထိုးစစ်တွင်လည်း အပြင်းအထန်တိုက်ခိုက်ခဲ့ရကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
ရှမ်း-ကချင် နယ်စပ်မျဉ်းအနီးရှိ မံဝိန်းကြီးစခန်း၊ မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြားရှိ စစ်တပ်ဗျူဟာ စခန်းများမှ ဆုတ်ခွာလာသော တပ်များက ဗန်းမော်နှင့် မံစီမြို့တို့တွင် တပ်များပေါင်းထားသော ကြောင့် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည်ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“ မံဝိန်းကြီးတို့ဘက်က မနှစ်တုန်းက ရှုံးတဲ့ဟာတွေက အဲဲဒီမှာ လာစုနေတော့ အင်အားတွေက အရမ်းများနေတာ၊ ပုံမှန်ထက် လူပိုများနေတာပေါ့၊ အဲဒါကြောင့်မို့ ကြာနေတာပေါ့” မံစီမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုနှင့် သုံ့ပန်းရရှိမှု အခြေအနေများကိုတော့ မသိရသေးပေ။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ စာရင်းများအရ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် လူဦး ရေ ၇၈၀၀၀ ကျော် နေထိုင်ပြီးမြို့ပေါ် ၄ ရပ်ကွက်ရှိကာ တရုတ်နှင့် နယ်စပ်ထိနေသောမြို့ ဖြစ်သည်။
ဗန်းမော်ကို သိမ်းနိုင်ရေး အလားလာပိုကောင်း
မံစီမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်သည့်အတွက် ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့ သိမ်းပိုက်နိုင်ရေးလည်း အခြေအနေပိုမိုကောင်းမွန်သွားပြီး ဖြစ်ကြောင်း အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဗန်းမော်မြို့တွင် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)အပြင် ခြေလျင်တပ်ရင်းများ ဖြစ်သော ခလရ(၂၃၆)၊ ခလရ(၄၇)နှင့် အမြောက်တပ်များဖြစ်သည့် အမတ(၃၃၆)၊ (၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ အမှတ် ၅၀၁၄ တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း ၅ ရင်းခန့် အခြေစိုက်ထား သည်။
ဗန်းမော်မြို့ပေါ်တွင်လည်း ရပ်ကွက်အများစုကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်ပြီး မြို့ ပေါ်ရှိ စစ်ကောင်စီတပ်အများစုမှာ မြို့မြောက်ဘက်ရှိ စကခ-၂၁ အတွင်းသို့ ဆုတ်ခွာသွားကြသည်ဟု KIA ထံမှ သိရသည်။
လတ်တလောတွင် စစ်ကောင်စီတပ်က ဗန်းမော်မြို့ မကျရေးအတွက် လေကြောင်းမှ အပြင်းအထန် ခုခံနေသလို KIA နှင့် တပ်ပေါင်းစုကလည်း လက်နက်ကြီးများဖြင့် စကခ-၂၁ ကို ဦးတည်တိုက်ခိုက် နေသည်။
စကခ-၂၁ မှာ ကချင်ပြည်နယ်၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ပြီးလျှင် အကြီးဆုံး စစ်ဌာနချုပ် တစ်ခုဖြစ်သည့်အတွက် အချိန်ယူတိုက်ခိုက်နေရခြင်းဖြစ်ကြောင်း CDM စစ်ဗိုလ်တစ်ဦးဖြစ်သည့် ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
“ တိုင်းစစ်ဌာနချုပ် ငယ်ငယ်လေးပေါ့ စကခ-၂၁ ဆိုတာ မြစ်ကြီးနားက မပခ ပြီးရင်း အကြီးဆုံးလို့ ပြောလို့ရတယ်။ ဒကစ(တနိုင်း) တောင် အဲဲဒီလောက်မကြီးဘူးပေါ့နော်၊ အဲဲဒီတော့ နည်းနည်းတော့ အချိန်ယူပြီးတိုက်ရဦးမယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ယခုနှစ်နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြင့်လာခဲ့သည်။
ဇန်နဝါရီ ၃ ရက်က ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင်ရှိသည့် ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းများနှင့် KIA တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရ သည်။
အဆိုပါတိုက်ပွဲတွင် ဝိုင်းမော်မြို့အခြေစိုက် ခလရ(၅၈)တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သလို လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA ထံက သိရသည်။
၂၀၂၄ နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ် မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။
စစ်ဆင်ရေး တစ်နှစ်မပြည့်မီအချိန်အတွင်း KIA သည် ကချင် ၁၃ မြို့နှင့် ရှမ်းတစ်မြို့ ကို သိမ်းပိုက်နိုင် ခဲ့သည်။
စစ်ကောင်စီသည် ရှမ်းမြောက်နှင့် ရခိုင်ဒေသတစ်ခုလုံးနီး လက်လွှတ်ထားရကာ ကချင်တွင်လည်း မြို့ အများအပြား ဆုံးရှုံးထားရသည်။
အလားတူ စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်နီးပါး ကြာမြင့်လာချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့အရေအတွက် ၈ မြို့ ရှိလာပြီဖြစ်သည်။
ထို ၈ မြို့မှာ စစ်ကိုင်းတိုင်းတွင် ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ မော်လူးမြို့၊ ပင်လည်ဘူးမြို့တို့ ဖြစ် ကြပြီး မန္တလေးတိုင်းတွင် စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်းတို့ဖြစ်ကြသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် တိုင်းရင်းသားလက်နက်ကိုင်များပါဝင်သော တော်လှန်ရေးအဖွဲ့များ၏နယ်မြေထိန်းချုပ်မှုအောက်တွင် ၁၄၄ မြို့နယ်ရှိကြောင်း၊ ယင်းအနက် ၉၅ မြို့ ကို အပြီးသတ်သိမ်းပိုက်ထားပြီး ၇၉ မြို့နယ်တွင် တိုက်ပွဲ များဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည် ထိုအခြေအနေများနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲဖြစ်ကာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ပြောထားသည်။