သတင်း

မုံရွာတွင် ဆေးရုံတက်ခွင့် ငြင်းဆန်ခံရသည့်နိုင်ကျဉ်းတစ်ဦးသေဆုံး

နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဖွဲ့စည်းစဉ်ပါဝင်ခဲ့သူတစ်ဦး မုံရွာတွင် ထိန်းသိမ်းခံရစဉ် သေဆုံးသွားသည်ကို လုပ်ဖော်ကိုင်ဘက်များက ခရစ်စမတ်အမှတ်တရ စာပို့ဆက်သွယ်စဉ် သိလိုက်ရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ရဲစခန်းတွင် ချုပ်နှောင်ခံထားရသည့် အသက် ၃၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် သင့်လျော်သည့်ဆေးကုသခွင့် မရခဲ့သည့်အတွက် ဒီဇင်ဘာ ၂၅ တွင် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ယမန်နေ့ (ဒီဇင်ဘာ ၂၆) တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်မှုဖြင့် နှစ်ကြိမ်တိုင်တိုင်ဖမ်းခံခဲ့ရသည့် ဘုံဘုံသည် လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) ဟု ခံယူထားသူဖြစ်ကြောင်း၊ ၎င်းခံစားခဲ့ရသည့်ရောဂါအတွက် ဆေးကုသခွင့်ပေးရန် တောင်းဆိုသော်လည်း ရဲများကငြင်းဆန်ခဲ့ကြောင်း PPNM  တာဝန်ခံဖြစ်သူ ကိုသိုက်ထွန်းဦးက ပြောသည်။ 

“ရောဂါဖြစ်မှန်း စသိကတည်းက ဆေးဝါးကုသခွင့်ကို တောင်းဆိုခဲ့တယ်။ ကုစရာ မလိုဘူး။ ဆေးရုံတင်စရာ မလိုဘူး။ ပုလင်းကြီးချိတ်လိုက်ရင် ပြန်ကောင်းလာမှာဆိုတဲ့ အနေအထားနဲ့ ထားခဲ့တာဖြစ်တယ်” ဟု  ကိုသိုက်ထွန်းဦးက ပြောသည်။ 

“ဆေးရုံကို ပို့ဖို့ကြိုးစားတယ်။ ဆေးရုံက လက်မခံလို့ မပို့လိုက်ရတာလို့ သတင်းလွှင့်နေတယ်။ နောက်ဆုံး သူသေတဲ့အချိန်ထိတောင် ဆရာဝန်တွေ အနားမှာမရှိဘူး” 

ဘုံဘုံသည်  စစ်အာဏာသိမ်းမှုဆန့်ကျင်သဖြင့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း ဖမ်းဆီးခံခဲ့ရသူများအနက် တစ်ဦးအပါဝင်ဖြစ်ပြီး ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရသည်။ 

မုံရွာထောင်၊ မြင်းခြံထောင်တို့တွင် ချုပ်နှောင်ခံခဲ့ရပြီးနောက် ၂၀၂၂ တွင် ပြန်လည်လွတ်မြောက်လာသည်။ 

ထို့နောက် အခြားသော နိုင်ငံရေး အကျဉ်းသားများနှင့်အတူ PPNM ဖွဲ့စည်းစဉ် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်၊ နိုင်ငံရေး အကျဉ်းသားများအရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးကိစ္စများကို ဆက်လက်ဆောင်ရွက်ခဲ့သည်ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။ 

သို့သော် ၂၀၂၄ ဖေဖော်ဝါရီ ၂၄ တွင် စစ်ကောင်စီက ဘုံဘုံကို မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီးတွင်  ထပ်မံဖမ်းဆီးခဲ့သည်ဟု ၎င်းကဆိုသည်။

“ထပ်အဖမ်းခံလိုက်ရတော့လည်း ရိုက်နှက်ပြီးတော့ လက်ကို လက်ထိပ်ခတ်၊ ခြေထောက်ကို သံကြိုးတွေနဲ့ ခတ်ပြီး ခေါ်ဆောင်ခံလိုက်ရတာ” ဟု ၎င်းက ပြောသည်။ 

“အောင်ဇေယျရပ်ကွက်မှာ စစ်ဆေးရေးအဖွဲ့နဲ့ တိုးတာ။ လက်မောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးထိုးထားတယ်၊ ထောက်ပို့တွေ လုပ်တယ်။ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုပြီးတော့ …”

 ရဲတပ်ဖွဲ့က ဘုံဘုံကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က)၊  ၅၂ (ခ) တို့ဖြင့် အမှုဖွင့်ကာ ရဲစခန်းအချုပ်ထောင်မှာပင် ဆက်လက်ချုပ်နှောင်ထားခဲ့သည်။ 

ထိုနေရာတွင် ၁၀ လခန့်ကြာ ချုပ်နှောင်ထားခဲ့သည်၊  ဒီဇင်ဘာ ၂၄ တွင် မုံရွာမြို့နယ်တရားရုံးက ပုဒ်မသုံးခုအတွက် ထောင်ဒဏ် ၁၀နှစ်ကျခံစေရန် အမိန့်ချလိုက်သည့်တိုင် ရဲစခန်းတွင် ဆက်လက်ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်ဟု PPNM၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ရဲရဲ့ လုပ်ထုံးလုပ်နည်းမှာ လူတစ်ယောက်ကို ရက် ၃၀ ထက်ပိုပြီး မချုပ်နှောင်ရဘူးလို့ ပြဋ္ဌာန်းထားပေမယ့် ဘုံဘုံကို ချုပ်ထားတာ ၈ လကျော်လောက်ဖြစ်သွားပြီ။ အချုပ်ခန်းထဲမှာပဲ နေရတယ်။ လူဦးရေအများကြီးနဲ့ နေရတယ်။ လမ်းလျှောက်ချိန်မရဘူး။ ခန္ဓာကိုယ်အောက်ပိုင်းတွေ ချိနဲ့လာတယ်။ ကျန်းမာရေးလည်း မကောင်းတော့ဘူး”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။ 

နိုဝင်ဘာလတွင်  ကျန်းမာရေးအခြေနေဆိုးရွားနေသဖြင့် စစ်ဆေးခွင့်ရခဲ့ပြီး ကျောက်ကပ်ဝေဒနာခံစားနေရသည်ကို သိလိုက်ရကြောင်း၊ ထိုစဉ်ကတည်းက ဆေးဝါးကုသခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ရဲတပ်ဖွဲ့က ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ဒီဇင်ဘာ ၂၅တွင် ခရစ္စမတ်လက်ဆောင် ပို့ပေးရန် လိုက်လံ ဆက်သွယ်ချိန်တွင် သူသေဆုံးခဲ့သည့်သတင်းကို သိလိုက်ရခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။ 

“သူ့အတွက် ပြင်ထားတဲ့ဟာတောင် သူမဖတ်လိုက်ရဘူး။ ကျွန်တော်တို့က အဖွဲ့ဝင် တစ်ယောက်ချင်းစီကို လက်ဆောင်အနေနဲ့ ဆုတောင်းစာလေးတွေ ရေးပို့ဖြစ်တယ်ဗျ။ သူက ထောင်ထဲမှာဆိုပေမယ့်လည်း သူ့ဆီကိုလည်း ခရစ္စမတ်လက်ဆောင် ရအောင်ပို့မယ်ဆိုပြီး ပို့နေရင်းနဲ့ ဆုံးသွားတာ။ ပို့ပြီးမကြားဘူး။ ဆုံးသွားတဲ့ဆိုတဲ့သတင်းကြားရတာ”

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့အခြေစိုက် စစ်ကောင်စီရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။ 

စစ်ကောင်စီ ထိန်းချုပ်ထားသည့် အကျဉ်းထောင်များတွင် ဆေးဝါးကုသမှု လုံလောက်စွာမရသဖြင့် သေဆုံးရသည့် နိုင်ကျဉ်းအရေအတွက် စုစုပေါင်း ၂၃ ဦး ရှိလာပြီဟု  PPNM က ဆိုသည်။ 
သေဆုံးသူများမှာ ဒိုက်ဦးထောင် ၊ ကျိုက်မရော၊ အိုဘိုး၊ မကွေးထောင်၊ ကလေးထောင်၊ အင်းစိန်ထောင်တို့တွင် အကျဉ်းချခံထားရသူများဖြစ်သည်။ အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားမှာ   မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဖြစ်သည်။

Show More

Related Articles

Back to top button