အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေထိုင်ပြီး မြန်မာနိုင်ငံသို့ ခေတ္တပြန်ကြွသွားစဉ် ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဘဒ္ဒန္တပညာဇောတကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အပါအဝင် ပုဒ်မ လေးခုဖြင့် စစ်ကောင်စီက တရားစွဲလိုက်သည်။
သက်တော် ၆၄ နှစ်၊ ဝါတော် ၄၄ ဝါ ရှိပြီဖြစ်သည့် ဆရာတော်ကို ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်နှင့် ခရိုင်တရားရုံးတို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)၊ လူဝင်မှုကြီးကြပ်ရေး(လဝက)ဥပဒေ ပုဒ်မ ၁၃(၁)၊ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)တို့ဖြင့် စစ်ကောင်စီက တရားစွဲထားကြောင်း သိရသည်။
ပုဒ်မ ၅၀(ည)သည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှု ဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၁၀နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည်။ အကြမ်းဖက်မှုပုဒ်မများအတွက် တရားစွဲဆိုမည့် တရားလိုကို မသိရသေးပါ။
ကျန်ပုဒ်မ ၂ခုဖြစ်သည့် ၅၀၅(က)အတွက် တရားလိုမှာ မင်္ဂလာဒုံမြို့နယ်မှ ရဲအုပ်မင်းဇော်ထက်၊ ပုဒ်မ၁၃(၁)အတွက် တရားလိုမှာ ဒုလဝကမှူး ဦးအောင်ဖြိုးကျော်တို့ဖြစ်ကြောင်း ဆရာတော်နှင့်နီးစပ်သည့် တပည့်ဒကာ၊ ဒကာမများထံမှ သိရှိရသည်။
အမေရိကန်နိုင်ငံသားခံယူထားသည့် ဆရာတော်အတွက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက လိုက်ပါဆောင်ရွက်ပေးနေသည်။
နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလ်လိုမြို့တွင် သီတင်းသုံးနေထိုင်သည့် ဦးပညာဇောတသည် စစ်ကောင်စီသံရုံးတွင် တရားဝင်ဗီဇာလျှောက်ကာ နိုဝင်ဘာ ၅တွင် မြန်မာနိုင်ငံသို့ ခေတ္တပြန်ကြွလာခဲ့သည်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာတွင် သိမ်ကျောင်းဆောက်ရန် ပန္နက်တင်ပွဲသို့ ဒကာ၊ ဒကာမများ၏ ဖိတ်ကြားချက်ဖြင့် ပြန်ကြွလာခြင်းဖြစ်ပြီး၊ ပြန်ရောက်ပြီး တစ်ပတ်ခန့်အကြာ နိုဝင်ဘာ ၁၃တွင် ရန်ကုန်၊ အင်းစိန်မြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်း ခံလိုက်ရသည်။
စစ်ကောင်စီက အမေရိကန်နိုင်ငံသားရဟန်းကို လူဝတ်လဲကာ ဖမ်းဆီး၊ စစ်ကြောပြီးနောက် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ကာ၊ လာမည့် ဒီဇင်ဘာ ၉ရက်နေ့တွင် အင်းစိန်ထောင်အထူးတရားရုံး၌ ဆရာတော်ကို စတင်စစ်ဆေးမည် ဖြစ်သည်။
စစ်ကြောရေးတွင် ရိုက်နှက်ခံရမှု ရှိသည်ဟု ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။
“ဘာသာရေးဆိုတာ စစ်တပ်က အသုံးချဖို့သက်သက်ပဲပြောတာ။ သူလိုချင်တဲ့အဖြေရဖို့ဆိုရင် ဆရာတော်လည်းမထားဘူး။ ခေတ်အဆက်ဆက်မှာလည်း ဖမ်းဆီး၊ နှိပ်စက်ခဲ့တာပဲ” ဟု အမေရိကန်နိုင်ငံတွင် လက်ရှိသီတင်းသုံးသည့် နိုင်ငံရေးအကျဉ်းဟောင်းတစ်ဦးဖြစ်သူ ဦးဇဝနက မိန့်ကြားသည်။
ဦးပညာဇောတအတွက် မိတ်ဆွေများက စိတ်ပူနေကြကာ၊ အမေရိကန်နိုင်ငံသားဖြစ်သည့်အတွက် စစ်ကောင်စီက မကြာခင်ပြန်လွှတ်ပေးလိမ့်မည်ဟုလည်း မျှော်လင့်နေကြသည်။
မကွေးတိုင်း၊ နတ်မောက်မြို့ဇာတိဖြစ်သည့် ဦးပညာဇောတကို နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းတွင် ‘နတ်ဇော’ ဟု ခေါ်ကြသည်။
ဆရာတော်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရကို ၁၉၉၀ ပြည့်နှစ်အတွင်း ပတ္တနိက္ကုဇနကံဆောင်သပိတ်မှောက်ခြင်း၊ ၁၉၉၆ခုနှစ်က ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခြင်းတို့ကြောင့် စစ်ထောက်လှမ်းရေးများက ဖမ်းဆီးကာ အင်းစိန်နှင့် သာယာဝတီထောင်တို့တွင် ထိန်းသိမ်းခဲ့သည်။
ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ထပ်မံ အဖမ်းမခံရရန် ထိုင်းနိင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်သွားပြီးနောက် အမေရိကန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ခိုလှုံခွင့် ရခဲ့သည်။
ဦးပညာဇောတ၏ မြန်မာပြည်ခရီးစဉ်သည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး အကြိမ်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က မြန်မာနိုင်ငံသို့ ဦးပညာဇောတ ပြန်ကြွခဲ့ဖူးကြောင်း နီးစပ်သူများက ဆိုသည်။