ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့အနီးရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ(၄၇)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ယနေ့(ဒီဇင်ဘာ ၄ ရက်) နံနက်မှစတင်ကာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။
ဗန်းမော်မြို့၏ တောင်ဘက် မိုင်အနည်းငယ် အကွာတွင်ရှိသည့် တပ်ရင်းကို KIA နှင့် ပူးပေါင်းတပ်များကတိုက်ခိုက်နေခြင်းဖြစ်သည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်တွင် တိုက်ပွဲများပြင်းထန်နေသည်ကို အတည်ပြုပြီး စစ်ကောင်စီစခန်းကို မသိမ်းနိုင်သေးကြောင်း ပြောသည်။
“ဗန်းမော်ဘက်မှာ တိုက်ပွဲတော့ရှိပါတယ်။ စခန်းသိမ်းတာတော့ အတည်မပြုနိုင်သေးဘူး။ ဒီမနက် ၅ နာရီဝန်းကျင်ကတည်းက တိုက်ပွဲဖြစ်တယ်။ တော်တော်များများနေရာမှာ တိုက်ပွဲရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မနက် ၅ နာရီခန့်မှ စတင်ကာ နံနက် ၁၁ နာရီခန့်အထိ တိုက်ပွဲပြင်းထန်နေသည့် နေရာများသို့ ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေသည်ဟု ဗန်းမော်မြို့ခံ အသက်(၄၀)ကျော်အရွယ် အမျိုသားတစ်ဦးက ပြောသည်။
ထို့အပြင် တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လေးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း ဗန်းမော်မြို့ခံအချို့က ပြောသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်စဉ် ဗုံးအချို့ ဗန်းမော်မြို့အနီးဝန်းကျင်သို့ ကျရောက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။
ဗန်းမော်နှင့် မိုးမောက်ကြား ၇ မိုင်ခန့်တွင် တိုက်ပွဲများဖြစ်ပွားနေသလို ဗန်းမော်မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာတွင်ရှိသည့် မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် ခမရ(၃၁၉)၊(၆၀၁)နှင့် အမြောက်တပ် အမတ(၅၂၃)တို့ကိုပါ တိုက်ခိုက်နေသည်ဟု ဒေသတွင်း သတင်းဌာနအချို့က ရေးသားကြသည်။
ဗန်းမော်မြို့အရှေ့ဘက် မိုးမောက်မြို့နှင့် ဗန်းမော်မြို့တောင်ဘက် မံစီမြို့သို့ သွားသည့်လမ်းများတွင် တိုက်ပွဲများဖြစ်ပွားနေသလို ဗန်းမော်မြို့အနောက်ဘက် စင်းခန်းကျေးရွာဘက်သို့ သွားသည့် လမ်းများကိုလည်း စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည်အတွက် ဒေသခံများမှာ စက်လှေများဖြင့် မြို့မှတိမ်းရှောင်နေကြသည်ဟု သိရသည်။
သို့သော် ယနေ့နံနက် ၁၀ နာရီခန့်မှ စတင်ကာ ကုန်းလမ်းများအပြင် ရေလမ်းမှတဆင့် ဗန်းမာ်မြို့မှ ထွက်ခွာမည့်သူများကိုလည်း စစ်ကောင်စီတပ်က တားမြစ်လိုက်သည်ဟု ဒေသခံအချို့က ပြောသည်။
ဗန်းမော်မြို့မှ ထွက်ခွာမည့် စက်လှေများကို တားမြစ်သလို ကမ်းကပ်မည့် စက်လှေများကိုလည်း ကမ်းမကပ်ခိုင်းတော့ကြောင်း အသက်(၄၀)ကျော်အရွယ် ဗန်းမော်မြို့ခံ အမျိုးသားက ပြောသည်။
“မနက်ပိုင်းက (မြို့မှထွက်တဲ့သူ)တော်တော်များတယ် အခုက သူတို့ပိတ်လိုက်ပြီဆိုတော့ ရှောင်ချင်တဲ့ သူက ရှိပေမယ့်လည်း သွားလို့မရတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့၊ စက်လှေတွေအကုန်လုံး ခွာခိုင်းတာ ကမ်းမကပ်ခိုင်းဘူး၊ ဘယ်မှ မထွက်ခိုင်းဘူး အဝင်လည်း လက်မခံဘူး” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
ပြီးခဲ့သည့်မတ်လမှ စတင်သော KIA ၏ ကချင်ပြည်နယ်ထိုးစစ်အတွင်း ဗန်းမော်မြို့ ပတ်ပတ်လည်ရှိ မြို့များနှင့် စစ်တပ်စခန်းအများစုကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။
ဗန်းမော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့ကို ယခုနှစ် မေလမှစတင်ကာ KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)များက တိုက်ခိုက်ခဲ့သည်။ ဩဂုတ် ၁၉ ရက် တွင် မိုးမောက်မြို့အနောက်ဘက် ကပ်လျှက်တွင်ရှိသည့် ခမရ(၄၃၇)စခန်းကို သိမ်းပိုက်ပြီးနောက် မြို့ကိုပါ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ဗန်းမော်မြို့သည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ(၂၃၆)အမြောက်တပ်များဖြစ်သည့် အမတ(၃၃၆),(၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း ၅ ရင်းခန့် အခြေစိုက်ထားသည့် တပ်မြို့ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလက ကချင်ပြည်နယ် အရှေ့မြောက်ဘက်တွင်ရှိသည့် ကချင်အထူးဒေသ(၁)ရှိ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)များကို KIA က တိုက်ခိုက်ရှင်းလင်းခဲ့ပြီး အထူးဒေသ(၁)ကို ဖျက်သိမ်းခဲ့သည်။
လက်တေလာ ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် တိုက်ပွဲများ ငြိမ်သက်နေချိန်တွင် ဗန်းမော်မြို့အနီးဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။
ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။