လွှတ်တော်မခေါ်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးလိုက်ခြင်းဖြင့် ဆယ်နှစ်နီးပါးကြာမြင့်ခဲ့သည့် အရပ်သားအစိုးရအုပ်ချုပ်မှု အဆုံးသတ်သွားသည်။
စစ်အာဏာသိမ်းအပြီး ၉၆ နာရီအကြာ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် မန္တလေးနှင့် ရန်ကုန်မှ လူငယ်အချို့ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း လျှပ်တစ်ပြက်ဆန္ဒပြပွဲများဖြင့် လူထုကို စတင်လှုပ်နှိုးလိုက်သည်။
ထို့နောက် ဖေဖော်ဝါရီ ၆ ရက်နေ့ စနေနေ့တွင် လူဦးရေအင်အား ထောင်ချီပါဝင်သည့် အလုပ်သမားများဦးဆောင်သည့် သပိတ်စစ်ကြောင်း တစ်ခုသည်အင်းစိန်မြို့နယ်မှ လှည်းတန်းထိ ချီတက်ဆန္ဒပြရာမှအစပြုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဥ်ရက်ဆက် ပေါ်ထွက်လာသည်။
မြန်မာပြည်မြောက်ဖျား ပူတာအိုမှသည် တောင်ဘက်အစွန်းပိုင်း ကော့သောင်းအထိ မြို့နယ်တိုင်းလိုလိုတွင် လူထုအင်အား သောင်းချီ၊ သိန်းချီပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာစုဝေးဆန္ဒပြကြသည်။
စစ်အာဏာသိမ်းလိုက်ခြင်းက လူငယ်များအတွက် အနာဂတ်အမှောင်ကျသွားခြင်းဖြစ်သည့်အတွက် အဆုံးထိတိုင် တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ထားကြောင်း အသက် ၁၉ နှစ်အရွယ် ကိုသြရသစိုးက ပြောသည်။
“ သူတို့က လုပ်လိုက်တာက သူတို့ကောင်းဖို့အတွက်ပဲ လုပ်လိုက်တာ။ ကျွန်တော်တို့က အနာဂတ်မရှိတော့ ဘာမဆို လုပ်ရဲသွားပြီ။ အရင်ကဆိုရင်တော့ ကျွန်တော်တို့မှာ ညှာဖို့ရှိသေးတယ်။ ကိုယ့်အနာဂတ်ကို ကိုယ်ညှာရမယ်။ ကိုယ့်ရဲ့လုပ်ငန်းကို ညှာရမယ်။ အခုကျတော့ ညှာဖို့ ဘာမှမရှိတော့ဘူး” ဟု သူက ပြောသည်။
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို Generation Z ဟု လူသိများသည့် ၁၉၉၆ ခုနှစ်နောက်ပိုင်းမွေးဖွားသည့် အသက် ၂၀ ဝန်းကျင် လူငယ်များက ဦးဆောင်လှုပ်ရှားနေကြသည်။
အင်အားသုံးဖြိုခွဲ
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများကို မြို့နယ်ပေါင်း ၂၀၀ ကျော်တွင် လူထုအင်အားအပြည့်၊ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေချိန်တွင် အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားမြို့တို့ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ကျည်အစစ်အသုံးပြုပြီး အင်အားသုံးဖြိုခွဲခဲ့သည်။
ရန်ကုန်ရှိ ဆန္ဒပြသူတို့ သွားရောက် စုဝေးတတ်သော အမေရိကန်သံရုံး၊ ဂျပန်သံရုံးနှင့် အင်ဒိုနီးရှားသံရုံးအပါအဝင် သံရုံးတချို့၏ မျက်နှာစာများတွင် ဖေဖော်ဝါရီ ၂၂ မှစ၍ လုံခြုံရေးအင်အားတိုးမြှင့်ချထားပြီး အချို့နေရာများတွင် အင်အားသုံးဖြိုခွဲရန် ပြင်ဆင်မှုများလုပ်ဆောင်လာသည်။
ပစ်ခတ်ဖြိုခွဲမှုများလုပ်လာသည့်တိုင် နောက်မဆုတ်တမ်းပါဝင်သွားမည်ဟု ဆန္ဒပြပွဲတွင် နေ့စဉ်ပါဝင်နေသည့် သာကေတမှ မိသားစုတစ်စုက ဆုံးဖြတ်ထားသည်။
အသက် ၁ နှစ်ခွဲအရွယ်ကလေးကို ဖခင်ဖြစ်သူက ချီပိုးထားပြီး မိခင်က အသက် ၅ နှစ်အရွယ် ကလေးဖြစ်သူ လက်ကိုဆွဲကာ အပူရှိန်ကို အန်တုရင်း ဆူးလေတွင် မိသားစုလိုက် ဆန္ဒပြနေခြင်းဖြစ်သည်။
မိခင်ဖြစ်သူက “အာဏာရှင်လက်အောက်မှာနေရတာထက်စာရင် သေရင်လည်း သေပလေ့စေ။ စံစားရင်လည်း အတူစံစားမယ်။ ကျရှုံးရင်လည်း အတူကျရှုံးမယ်။ မထားခဲ့ဘူး။ သူတို့တွေအနေနဲ့ ဦးနှောက်မရှိရင်ပစ်ပေါ့။ တစ်ခါပဲသေမှာ” ဟု ဆိုသည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်၊ တာမွေမြို့နယ်၊ ဘိုးလင်းအောင်မင်္ဂလာရပ်ကွက်ရပ်ကွက်တွင် နေထိုင်သူ ၅၀ ခန့်က စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသည်ကို ရဲအင်အားများစွာဖြင့် လူအုပ်ကို ဖြိုခွင်းခဲ့သည်။
ဖေဖော်ဝါရီ ၂၆ မှစ၍ လှည်းတန်းလမ်းဆုံတွင်လည်း မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွင်းခဲ့ကြောင်း ရပ်ကွက်ခံများက ဆိုသည်။
လူဦးရေ ၆ သန်းနီးပါး နေထိုင်သည့် စီးပွားရေးမြို့တော် ရန်ကုန်တွင်ပါ အကြမ်းဖက်ဖြိုခွင်းရန် စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။
အကြမ်းမဖက်သည့် CDM
အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လူထုက လမ်းပေါ်ထွက်ဆန္ဒပြနေချိန် တစ်ပြိုင်နက်မှာပင် နိုင်ငံ့ဝန်ထမ်းများကလည်း ရုံးမသွားခြင်းဖြင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုရပ်တန့်ရေး ရည်ရွယ်လုပ်ဆောင်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobdience Movement) ကို ဖေဖော်ဝါရီလဆန်းတွင် စတင်ခဲ့သည်။
လူထုရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရလက်ထက်တွင် ကိုဗစ်နိုင်တင်းကမ္ဘာ့ကပ်ရောဂါအရေး အသက်ကိုပင် အမှုမထားဘဲ ရှေ့တန်းမှ တိုက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများသည် စစ်အာဏာရှင်လက်မှ နိုင်ငံကို ကယ်ဆယ်ရေးအတွက် ရှေ့တန်းတွင် တိုက်စစ်ဖွင့်ခဲ့ကြသည်။
ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် ဖေဖော်ဝါရီဒုတိယပတ်တွင် ပိုမိုအရှိန်မြင့်လာပြီး ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများပါဝင်လာသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော ပညာရေးဝန်ထမ်းများမှသည်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သစ်တောဝန်ကြီးဌာနတို့အပြင် လွှတ်တော်ရုံးဝန်ထမ်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဝန်ထမ်းများအထိ ပါဝင်လာသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် သန်လျင်မြို့နယ်မှ ကျောင်းဆရာ ဦးပြည့်စုံအောင်က “စစ်အာဏာရှင်အောက်မှာလည်း တာဝန်မထမ်းဆောင်နိုင်ဘူး။ သူတို့ စွပ်စွဲသလို မဲမသမာမှုမဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် စည်းကမ်းတွေကို သေသေချာချာ တိတိကျကျလိုက်နာပြီး လုပ်ခဲ့တာပါ” ဟု ပြောသည်။
ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟူသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက အာဏာသိမ်းခြင်းကို ပညာရေးဝန်ထမ်းများက အပြင်းအထန်ကန့်ကွက်သည်။ ပညာရေးဝန်ထမ်းများသည် ရွေးကောက်ပွဲနေ့တွင် မဲလက်မှတ်ထုတ်ပေးခြင်း၊ မဲလက်မှတ်စစ်ဆေးခြင်း၊ မဲရုံကြီးကြပ်ခြင်းတို့အတွက် အဓိကတာဝန်ယူဆောင်ရွက်ရသူများဖြစ်သည်။
ပညာရေးဝန်ထမ်းများနည်းတူ ရွေးကောက်ပွဲတွင် မဲစာရင်းကောက်ယူရေးအတွက် တာဝန်ယူဆောင်ရွက်ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် တစ်စတစ်စ ပိုမိုပါဝင်လာသည်။
အစိုးရအဆက်ဆက် အုပ်ချုပ်ရေးယန္တရားအတွက် အဓိကကျစေရန် စီစဉ်ခဲ့သည့်၊ လူထုနှင့် အနီးကပ်ဆုံးနေရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူများသည်လည်း CDM တွင် ပါဝင်သောကြောင့် အလုပ်ရပ်ဆိုင်းခံရမှုများလည်း ရှိလာသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ တိုင်းတာရေးဌာနမှ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် အသက် ၃၀ အရွယ် ဝန်ထမ်းတစ်ဦးက “စစ်အာဏာသိမ်းတဲ့လုပ်ရပ်တွေက လူငယ်တွေအပေါ်မှာပဲ သက်ရောက်နေတယ်။ ကျွန်တော်တို့က အခုမလုပ်ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့က မွေးလာတဲ့ သားသမီးတွေ မျိုးဆက်တွေလည်း သွားပြီ။ ကျွန်တော်တို့ဆိုရင်လည်း ပိုတောင်ဆိုးသွားဦးမယ်” ဟု CDM တွင် ပါဝင်ရသည့်အကြောင်းရင်းကို ဖွင့်ဟသည်။
Cdm2021.com ဝက်ဆိုက်ဘ်စာရင်းအရ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဝန်ကြီးဌာန ၂၄ ခုမှ အစိုးရဝန်ထမ်း ၂၁၀၀၀ ကျော် ပါဝင်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများက ထက်ဝက်ကျော် ပါဝင်နေသည်။
ဝန်ထမ်းများ ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် အစိုးရဘဏ်များမှအပ ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်နိုင်ခြင်း မရှိသည်မှာ နှစ်ပတ်နီးပါးရှိလာပြီဖြစ်သည်။
လတ်တလောတွင် CDM ကြောင့် ဘဏ်လုပ်ငန်းများမှာ လည်ပတ်နိုင်ခြင်းမရှိဘဲ ယာယီရပ်ဆိုင်းနေသည်။
စစ်ကောင်စီက အာဏာဖီဆန်မှုတွင်ပါဝင်သူများအား အလုပ်မှ ထုတ်ပယ်ခြင်းအပါအဝင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲနေသည်။
ရွေးကောက်ခံအမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဝန်ထမ်းများအား ဂုဏ်ပြုလိုက်ပြီး တရားမဝင် အာဏာသိမ်းစစ်အုပ်စု၏ ပြဋ္ဌာန်းသည့် ညွှန်ကြားချက်များ၊ အမိန့်များကို ပြည်သူများအနေဖြင့် လိုက်နာရန် မလိုအပ်ကြောင်း၊ ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် ပါတီနိုင်ငံရေးလုပ်ဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
CRPH သည် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ၁၅ ဦးနှင့် ဖေဖော်ဝါရီ ၅ တွင် စတင်ဖွဲ့စည်းခဲ့သည့် ကော်မတီဖြစ်သည်။ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်၂ ဦး နောက်ပိုင်းတွင် ပါဝင်လာသည်။
ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံသော အဆိုပါကော်မတီသည် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရသည်သာ တရားဝင် လူထုအသိအမှတ်ပြုအစိုးရဖြစ်ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာကို အသိပေးခဲ့သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ၏ မူလအလုပ်တာဝန်ရာထူးများ တည်မြဲရေးအတွက် ဥပဒေပြဋ္ဌာန်းလျက် အပြည့်အဝအာမခံချက်ပေးသွားမည်ဟု ကော်မတီက ကတိပြုထားသည်။
အကြမ်းနည်းသုံးသည့် စစ်ကောင်စီ
အာဏာသိမ်းစစ်ကောင်စီကို အခက်တွေ့စေသည့် ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုများ၊ နိုင်ငံတစ်ဝန်း အရှိန်မြင့်နေသည့် လူထုဆန္ဒပြပွဲများကို စစ်ကောင်စီကလည်း နည်းလမ်းမျိုးစုံသုံးပြီး ဖြိုခွင်းရန် ကြံစည်နေသည်။
လူငါးယောက်ထက် ပိုစုဝေးခွင့်မပြုသည့်အပြင် ည ၈ နာရီမှ မနက် ၄ နာရီ အထိ အပြင်ထွက်ခြင်းကို ကန့်သတ်သည့် ပုဒ်မ ၁၄၄ ကို အာဏာသိမ်းအပြီး တစ်ပတ်အကြာတွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ယင်းနောက် ဆန္ဒပြပွဲခေါင်းဆောင်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူများကို ပစ်မှတ်ထားကာ ရဲနှင့် စစ်တပ်က ညအချိန်မတော် လိုက်လံဖမ်းဆီးသည့် “သန်းခေါင်ယံလူဖမ်းပွဲ” များ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုများ လူမှုကွန်ရက်စာမျက်နှာတွင် ပေါ်ထွက်လာသည်။
အာဏာဖီဆန်ရေးကျောင်းအဖြစ် ထုတ်ဖော်ကြေညာထားသည့် မန္တလေးတိုင်း၊ ဆေးတက္ကသိုလ်ပါမောက္ခချုပ်ကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က ဖေဖော်ဝါရီ ၁၂ နံနက် ၁ နာရီအချိန်တွင် ခြံဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးရန် လုပ်ဆောင်ခဲ့သည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးစိုးအောင်နှင့် ဗိုလ်ကြီးအောင်မျိုးသူတို့က ဦးဆောင်သည့်အဖွဲ့မှ ညဉ့်သန်းခေါင်ယံတွင် ခြံစည်းရိုးကျော်ဝင်လာပြီး ပါမောက္ခချုပ်ကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။
လူထုက လာရောက်ဝန်းရံသည့်အတွက် ပါမောက္ခချုပ်အား ညအချိန်မတော် ဥပဒေမဲ့ ဖမ်းဆီးမည့်အစီအစဉ် အထမမြောက်ခဲ့ခြင်းဖြစ်သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများအား ညအချိန်တွင် ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းပြီးနောက် လူထုက ဝန်းရံချိန်တွင် နောက်ပြန်ဆုတ်ခြင်းမှာ ယင်းလှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများအား ခြိမ်းခြောက်သည့်လုပ်ရပ်ဖြစ်သည်ဟု CDM တွင်ပါဝင်နေသည့် ဝန်ထမ်းများက မှတ်ချက်ပြုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးရုံ ၁၂၆၂ ရုံ ရှိသည့်အနက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် ဆေးရုံအရေအတွက် သုံးပုံတစ်ပုံဖြစ်သည့် ၃၅၀ ကျော်မှာ လုံးဝပိတ်ထားရကာ ဆေးရုံဖွင့်လှစ်ထားသော်လည်း ကုသပေးနိုင်ခြင်းမရှိသည့် ဆေးရုံမှာ ၂၇ ရုံရှိသည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။
ဆေးရုံအရေအတွက် ထက်ဝက်ကျော်ဖြစ်သည့် ၇၇၈ ရုံတွင် ကုသပေးနိုင်သည့်အခြေအနေရှိသည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ဖေဖော်ဝါရီ ၂၃ ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်းခွင်ပြန်ဝင်ရန် စစ်ကောင်စီက ချော့တစ်ခါ ၊ ခြောက်တစ်လှည့်ဖြင့် လုပ်ဆောင်နေသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်ပျက်ကွက်နေခြင်းမှာ ကတိသစ္စာနှင့် ကျင့်ဝတ်များကိုဖောက်ဖျက်နေခြင်းဖြစ်ပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။
ယင်းကဲ့သို့ လုပ်ငန်းခွင်ဝင်ရန် အမျိုးမျိုးထုတ်ပြန်ကြေညာနေခြင်းမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု၏ အောင်မြင်မှုတစ်ရပ်ပင်ဖြစ်ပြီး မည်ကဲ့သို့အရေးယူသည်ဖြစ်စေ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်မည် မဟုတ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်တစ်ဦးက ပြတ်ပြတ်သားသားပြောသည်။
ထိုသို့ ညဘက်ဝင်ရောက်ဖမ်းဆီးသည့် ပုံစံဖြင့် ခြိမ်းခြောက်မှုများရှိသည့်နည်းတူ CDM လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူများ၊ ဆန္ဒပြပွဲခေါင်းဆောင်များအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့် အရေးယူမှုများလည်းရှိသည်။
အာဏာသိမ်းစစ်ကောင်စီ၏ သန်းခေါင်ယံလူဖမ်းပွဲများတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူများမှသည် စစ်အာဏာရှင်ပြုတ်ကျရေး လောကီအစီအရင်ကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့သည့် ဗေဒင်ဆရာ ကိုဟိန်းမင်းအောင် (လင်းညှို့တာရာ) လည်း ဖမ်းဆီးခံခဲ့ရသည်။
ညအချိန်မတော် ဥပဒေမဲ့ဖမ်းဆီးခြင်းများက လူထုကို ကြောက်ရွံ့စေရန် ရည်ရွယ်သည့်အတွက်ဖြစ်သော်လည်း ထိရောက်မှုမရှိဟု စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူများက ဆိုသည်။
တောင်ဒဂုံမြို့နယ်မှ အသက် ၂၇ နှစ်အရွယ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက “ညပိုင်း ဝင်ဖမ်းတာမျိုးလုပ်တော့ ပြည်သူလူထုက တော်ရုံမအိပ်ကျတော့ဘူး။ ညပိုင်းကျရင် တစ်ညလုံး ထိုင်စောင့်ပြီး မနက်ကျတော့ မအိပ်နိုင်တော့ မနက်ကျရင်မလာနိုင်တော့ အရှိန်လျှော့သွားဖို့လုပ်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘာမှမဖြစ်ဘူး။ ဆန္ဒပြမြဲပြနေမှာ” ဟု သူက ဆိုသည်။
ဥပဒေနှင့် ပြစ်ဒဏ်များ ပြင်ဆင်ခြင်း
အာဏာသိမ်းပြီး နှစ်ပတ်အတွင်းမှာပင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူ့အခွင့်အရေးအကာအကွယ်ပေးထားသည့် နိုင်ငံသားများလွတ်လပ်မှုနှင့် လုံခြုံမှုဆိုင်ရာ ဥပဒေ၊ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေနှင့် ရာဇသတ်ကြီးအပါအဝင် ဥပဒေ ၆ ခုကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
နိုင်ငံရေးသမားများကို ဖမ်းဆီးထောင်ချရာတွင် တပ်လေ့ရှိသည့် ရာဇသတ်ကြီးဥပဒေမှ နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာပုဒ်မနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မများကို ပြင်ဆင်ဖြည့်စွက်ခဲ့သည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၁ မူရင်းပြဋ္ဌာန်းချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ကို လက်နက်ဖြင့်ဖြစ်စေ သောင်းကျန်းသောနည်းဖြင့်ဖြစ်စေ၊ ဖြိုဖျက်ပါက သေဒဏ်ပြစ်ဒဏ်ထိ ချမှတ်နိုင်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုမြောက်သည် ဟု ပြဋ္ဌာန်းထားသည်။
ထိုပြဋ္ဌာန်းချက်ကို မြန်မာနိုင်ငံအပေါ် စစ်မက်ပြုရန် ဆော်သြခြင်း၊ ပူးပေါင်းကြံခြင်း၊ ပြည်တွင်းပြည်ပနှင့် ပူးပေါင်း ပြီး လက်နက်ကိုင်နည်း၊ အကြမ်းဖက်နည်းများနှင့် အခြေခံဥပဒေအရ ခွင့်ပြုထားသည့် နိုင်ငံတော်အဖွဲ့အစည်းများကို ဖယ်ရှားရန်ကြိုးစားခြင်းများသည် နိုင်ငံတော်သစ္စာဖောက်မှုမြောက်ကြောင်း ပြင်ဆင်ခဲ့သည်။
ထို့ပြင် ပုဒ်မ ၁၂၄ (က) မူရင်းတွင် ပြည်ထောင်စုအစိုးရကို အမုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက် အောင်ပြုလျှင် ငွေဒဏ်နှင့် ထောင်ဒဏ် သုံးနှစ်မှ တစ်သက်တစ်ကျွန်းဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ယင်းပုဒ်မအား အစိုးရအဖွဲ့၊ တပ်မတော်နှင့် တပ်မတော်သားများကို အမုန်းထားအောင်၊ မလေးစားအောင် ပြုလုပ်လျှင် ငွေဒဏ်နှင့် ထောင်ဒဏ် ခုနစ်နှစ်မှ နှစ် ၂၀ ထိ ချမှတ်နိုင်ကြောင်း ပြင်ဆင်ခဲ့သည်။
ပုဒ်မ ၁၂၄ တွင် ပုဒ်မခွဲ နှစ်ခု ထပ်မံတိုးမြှင့်ခဲ့ပြီး ပုဒ်မ ခွဲ (ဂ)မှာ နိုင်ငံတော်တည်ငြိမ်ရေးအတွက် တပ်မတော်နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များက လုပ်ဆောင်နေသည်များကို နှောင့်ယှက်ပါက ငွေဒဏ်နှင့် ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ ထိ ချမှတ်နိုင်ရန် ဖြည့်စွက်ထားသည်။
ပုဒ်မ ၁၂၄ တွင် ထပ်မံဖြည့်စွက်သည့် ပုဒ်မခွဲ (ဃ)အရ တပ်မတော်သားများ၊ အစိုးရအဖွဲ့ဝင်များအား ယင်းတို့၏တာဝန် မထမ်းဆောင်နိုင်စေရန် တားဆီး၊ နှောင့်ယှက်ပါက ငွေဒဏ်နှင့် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာပုဒ်မဖြစ်သည့် ပုဒ်မ ၅၀၅ တွင် ပုဒ်မခွဲတစ်ခု ထပ်တိုးလိုက်ပြီး ပုဒ်မ ၅၀၅-က အဖြစ် လူထုကို ကြောက်ရွံ့အောင်လုပ်ဆောင်ခြင်း၊ မမှန်သတင်းများ ပျံ့နှံ့အောင်လုပ်ဆောင်ခြင်း၊ အစိုးရဝန်ထမ်းများကို အလုပ်မလုပ်နိုင်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ လုပ်ဆောင်ပါက ငွေဒဏ်နှင့်တကွ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း ပြင်ဆင်လိုက်သည်။
ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပတ်သက်ပြီး တရားလွှတ်တော် ဦးကြီးမြင့်က “ခုဆန္ဒပြနေတာတွေဖြစ်တဲ့ စစ်အစိုးရကို ဆန့်ကျင်တယ်၊ စစ်အစိုးရကို မုန်းတီးအောင်ပြောတဲ့ အဲ့ဒီအပိုဒ်တွေကို ထည့်တာ။ ဟိုတုန်းက အဲ့လိုမပါဘူး။ အခု ဆန္ဒပြနေတာတွေကို အချိန်မရွေးဖမ်းနိုင်အောင်လို့ ၅၀၅ (က)တို့၊ (ခ) တို့၊ (ဂ) တို့၊ ၁၂၁ တို့၊ ၁၂၄ တို့ကို အဲ့ဒီစာပိုဒ်တွေ ထပ်ထည့်တာ” ဟု သုံးသပ်သည်။
စစ်ကောင်စီကိုဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် လူထု၏ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို လှုံ့ဆော်သည်ဟူသည့် စွပ်စွဲချက်ဖြင့် သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ဏကြီးအပါအဝင်၊ နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားသူ ၇၈ ဦးကို ပုဒ်မ ၅၀၅ (က) ၊ ၅၀၅(ခ) တို့ဖြင့် ဖမ်းဆီးအရေးယူမည့်စာရင်းတစ်ခု ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်လာသည်။
မတရားအာဏာသိမ်းထားသည့် စစ်ကောင်စီမှ ထုတ်ပြန်သည့် အမိန့်များကို ပြည်သူများအနေဖြင့် မလိုက်နာရန် တိုက်တွန်းနေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားသည်။
နိုင်ငံရေးလှုပ်ရှားသူများကို ပစ်မှတ်ထားဖမ်းဆီးနိုင်ရန် ရည်ရွည်သည့် ဧည့်စာရင်းစစ်ခြင်းကို ပြန်လည်အသက်သွင်းနိုင်ရန် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကိုလည်း စစ်ကောင်စီက ပြင်ဆင်လိုက်သည်။
အဆိုပါပြင်ဆင်ချက်အရ ညဉ့်အိပ်ညဉ့်နေ ဧည့်သည်လာရောက်ခြင်းနှင့် ပြန်လည်ထွက်ခွာခြင်းတို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်း တိုင်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေ တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၇ ရက် ချမှတ်နိုင်သည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကိုလည်း ပြင်ဆင်လိုက်သည့်အတွက် နိုင်ငံသားတစ်ဦး၏ နေအိမ်ကို ဥပဒေအရ ဝင်ရောက်ရှာဖွေမည်ဆိုပါက အုပ်ချုပ်ရေးဘက်က သက်သေနှစ်ဦး အနည်းဆုံးခေါ်ယူရန် မလိုအပ်တော့ဘဲ စစ်တပ်နှင့် ရဲတို့က ထင်သလိုဝင်ရောက်ရှာဖွေခွင့် ရသွားသည့်အခြေအနေ ဖြစ်သည်။
အင်တာနက်ပေါ်တွင် မိမိယုံကြည်ချက်များကို ထုတ်ဖော်ရေးသားသူများကို ပစ်မှတ်ထားဖိနှိပ်လာနိုင်သည့် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေမှ ပုဒ်မများကို စစ်ကောင်စီက ပြင်ဆင်ဖြည့်စွက်မှုများ လုပ်ဆောင်လာသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဖိနှိပ်နိုင်သည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်မှုများ စစ်ကောင်စီက ပြုလုပ်နေသော်လည်း ဆန္ဒပြမှုများ အရှိန်လျော့သွားမည်မဟုတ်ဟု ဆန္ဒပြပြည်သူများက ဆိုသည်။
ကိုသြရသစိုးက “ကိုယ်မကြိုက်တဲ့အာဏာရှင်စနစ်ဖြစ်တဲ့အတွက် အဲ့ဒီအာဏာရှင်ကထုတ်တဲ့ ဥပဒေတွေကို ဂရုမစိုက်ပါဘူး။ ဘယ်လိုတွန်းလှန်ရမလဲဆိုတဲ့ နည်းစနစ်ကို အဖြေရှာမယ်။ ကျွန်တော်တို့မှာ Energy(စွမ်းအင်) ရှိတယ်။ Strategy (နည်းဗျူဟာတွေ) ရှိတယ်” ဟု ဆိုသည်။
သန်းခေါင်ယံလူဖမ်းပွဲများ၊ ဥပဒေတင်းကျပ်ခြင်းများအပြင် စစ်အာဏာသိမ်းစစ်ကောင်စီက လူထုအတွင်း အကြောက်တရားဖြစ်လာစေရန် ရည်ရွယ်သည့် မြို့တွင်းလှည့်လည် အင်အားပြမှုမျိုးလည်း လုပ်ဆောင်လာသည်။
အာဏာမသိမ်းမီနှစ်ရက်အလိုတွင် ရန်ကုန်၊ မန္တလေးအပါအဝင်၊ မြို့ကြီးများတွင် သံချပ်ကာယာဉ်များ မြို့တွင်းလှည့်လည်မောင်းနှင်ခဲ့သည်။
ထို့နောက် အာဏာသိမ်းအပြီးနှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၄ တွင် ရန်ကုန်မြို့တွင်း သံချပ်ကာယာဉ်များဖြင့် ထပ်မံလှည့်လည်အင်အားပြခဲ့ရာ လမ်းတလျှောက်တွင် ကားများက အဆက်မပြတ် ဟွန်းသံရှည်တီးပြီး လက်မခံကြောင်း ပြသခဲ့သည်။
ထိုသို့ မြို့တွင်းလှည့်လည် အင်အားပြပြီး နောက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် လူထုပါဝင်မှုမှာ ပိုမိုများပြားလာခဲ့သည်။
သွေးစွန်းသော ဖေဖော်ဝါရီ
အာဏာသိမ်းပြီး ၂၈ ရက်အတွင်း စစ်ကောင်စီက မန္တလေး၊ နေပြည်တော်မြို့ကြီးများတွင် အင်အားသုံးဖြိုခွဲခြင်း၊ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ဆန္ဒပြသူများအား အချိန်မရွေးဖမ်းဆီးနိုင်သည့် ဥပဒေများပြင်ဆင်ဖြည့်စွက်ခြင်းများ လုပ်ဆောင်နေသော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ အရှိန်လျော့မသွားဘဲ အားကောင်းနေဆဲဖြစ်သည်။
အာရှတော်လှန်ရေးနွေဦးဟု အမည်ပေးထားသည့် ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၂၈ တွင် ပြုလုပ်မည်ဟု စီစဉ်ထားရာ ဖေဖော်ဝါရီ ၂၇ ကတည်းက ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၈တွင် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ တစ်ပြိုင်နက် အင်အားသုံးဖြိုခွင်းခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို အာဏာသိမ်းစစ်ကောင်စီ၏ လက်မရွံ့လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းခဲ့သောကြောင့် ၁၈ ဦးထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကာ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ထိခိုက်သေဆုံးမှုအများဆုံးနေ့ဖြစ်ခဲ့သည်။
ထားဝယ်မြို့တွင် နံနက်ပိုင်းကတည်းက လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ထိုသို့အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ညာဘက်နံကြားအောက်ထိမှန်သူအပါအဝင် အမျိုးသား ၃ ဦး ကျည်သင့်၍ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၂ ဦးအထိရှိကြောင်း ဒေသအခြေစိုက်လူမှုကူညီရေးအသင်းအဖွဲ့များက အတည်ပြုသည်။
စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့၏ သေနတ်သုံးဖြိုခွင်းမှုကြောင့် မကွေးတိုင်း ပခုက္ကူမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင် တစ်ဦးစီ၊ ပဲခူးမြို့တွင် သုံးဦးသေဆုံးခဲ့ရသည်။
ထို့ပြင် ဒေသခံများ၏ အတည်ပြုချက်အရ တနင်္သာရီတိုင်း ပုလောမြို့တွင် တစ်ဦး၊ မန္တလေးမြို့တွင် ၆ ဦး၊ မော်လမြိုင်မြို့တွင် ၈ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၁ မှ ၂၈ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးရသည့် ပြည်သူ ၁၅ ဦး အထိ ရှိလာပြီဖြစ်သည်။ ယမန်နေ့ကလည်း ၂၀ ဦးထက်မနည်း ပစ်သတ်ခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့ရသည်။
စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က အကြမ်းပတမ်းကိုင်တွယ်ခံနေရသော်လည်း ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများက လက်နက်ရှိလျှင် လုပ်ချင်ရာလုပ်ခွင့်ရှိသည်ဆိုသော ဓလေ့ဆိုး နောက်မျိုးဆက်ထိ ပါမသွားရန် လူငယ်များက ရည်ရွယ်ကာ ကြံ့ကြံ့ခံ တော်လှန်နေကြခြင်းဖြစ်သည်ဟု လူငယ်များက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ မတ် ၃ အထိ စာရင်းများအရ ဖမ်းဆီးခံထားရသူ ၁၄၉၈ ဦး ရှိပြီဖြစ်သည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရာတွင် အဘက်ဘက်မှ ပါဝင်နေသူများကို ဖြိုခွဲနိုင်ရေးအတွက် စစ်ကောင်စီ၏ လုပ်ဆောင်မှုများအပေါ် အသက် ၂၉ နှစ်အရွယ် ကရင်တိုင်းရင်းသူ ထောလောလက ယခုလိုမှတ်ချက်ပြုသည်။
“သူတို့လုပ်တာက ပြည်သူတွေကို အားတက်သရော ပိုပြီးတော့ ဇွဲမလျှော့ဘဲ ဆက်လုပ်ဖို့ တိုက်တွန်းတဲ့ဘက်ကို ပိုသွားတယ်။ သူတို့ အဓိကရည်ရွယ်ချက်ကတော့ လူတွေကို ခြောက်တာပေါ့။ သူတို့က ချော့တလှည့်၊ ခြောက်တလှည့်နဲ့ လူတွေကို ကြောက်အောင်လုပ်ပေမဲ့ ရလဒ်ကတော့ လူတွေကို ပိုပြီးတက်ကြွလာစေတယ်”