သတင်း

အမေရိကန်နိုင်ငံသားရဟန်း ရန်ကုန်တွင် အဖမ်းခံရသဖြင့် မိတ်ဆွေများ စိတ်ပူနေ

မင်္ဂလာဒုံမြို့နယ် သိမ်ကျောင်း ပန္နက်တင်ပွဲအတွက် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည့် အမေရိကန်နိုင်ငံသား နိုင်ကျဉ်းဟောင်း ဆရာတော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်။

အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေထိုင်ပြီး မြန်မာနိုင်ငံသို့ ခေတ္တပြန်ကြွသွားသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဘဒ္ဒန္တပညာဇောတကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးထားသဖြင့် အသက်အန္တရာယ်ကျရောက်မည်ကို စိုးရိမ်နေရသည်ဟု မိတ်ဆွေများက ပြောသည်။

သက်တော် ၆၄နှစ်၊ ဝါတော် ၄၄ဝါရှိပြီဖြစ်သည့် ဆရာတော်ကို ရန်ကုန်၊ အင်းစိန်မြို့နယ် ဘူတာရုံလမ်း စော်ဘွားကြီးကုန်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရအပြီး တစ်ပတ်အကြာ (ယနေ့ နိုဝင်ဘာ ၁၉) အထိ ဆရာတော်နှင့် အဆက်အသွယ်မရဟု နီးစပ်သူများက ပြောသည်။

ရန်ကုန်မြို့ရှိ မိတ်ဆွေတစ်ဦး၏ နေအိမ်မှအပြန် လမ်းခုလတ်တွင် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ‘ခဏလိုက်ခဲ့ပါ’ ဟုပြောကာ ဖမ်းခေါ်သွားခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေသည့်ဆရာတော်အရှင်ဇဝနက မျက်မြင်သက်သေတချို့၏ ပြောကြားချက်ကို ကိုးကား၍ မိန့်ကြားသည်။

ဖမ်းဆီးနှိပ်စက်သည့်ကာလတွင် ပျံလွန်သွားနိုင်သဖြင့် ဆရာတော်အတွက် စိတ်ပူမိသည်ဟု ၎င်းကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သည့် အရှင်ဇဝနက မိန့်သည်။

“၂၀၂၁ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ယခင်စစ်အစိုးရတွေထက်တောင် မိုက်ရိုင်းပြီးတော့ ဒီနေ့ဖမ်းသွားတယ်၊ မနက်ဖြန်အလောင်းလာယူဆိုတဲ့ အဖြစ်အပျက် မြောက်များစွာ ရှိတယ်။ ဒါကြောင့် ဦးပညာဇောတရဲ့ အသက်အန္တရာယ်အထိ စိုးရိမ်တယ်” ဟု  အရှင်ဇဝနက မိန့်သည်။

အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသည့်၊  နယူး‌ယောက်ပြည်နယ်ရှိ ဘတ်ဖဲလ်လိုမြို့တွင် သီတင်းသုံးနေထိုင်သည့် ဦးပညာဇောတသည် ဝါရှင်တန်ဒီစီမြို့ရှိ စစ်ကောင်စီ သံရုံးသို့သွားရောက်ကာ ပြည်ဝင်ခွင့်လျှောက်ထားပြီး နိုဝင်ဘာ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ ပြန်ကြွလာခြင်းဖြစ်သည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် နွယ်ခွေကျေးရွာတွင် သိမ်ကျောင်းဆောက်လုပ်ရန် ပန္နက်တင်ပွဲသို့ ဒကာ၊ ဒကာမများ၏ ဖိတ်ကြားသဖြင့် ပြန်ကြွလာခြင်းဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။

ဦးပညာဇောတ အသုံးပြုသည့် Facebook စာမျက်နှာတွင် နွယ်ခွေကျေးရွာရှိ ပညာပါရမီကျောင်းတိုက်၌ ‘အနန္တမေတ္တာပါရမီသိမ်ကျောင်း’ တည်ဆောက်ရန် သံဃာတော်များ ကမ္မဝါရွတ်ဖတ်နေသည့် ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ နိုဝင်ဘာ ၁၃ နံနက်ပိုင်းက တင်ထားသည်ကို တွေ့ရသည်။

ဦးပညာဇောတ ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာ ရန်ကုန်မြို့တွင်နေထိုင်သူ မတရုတ်မ ဆိုသူ ဆရာတော်၏ ဒါယိကာမတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။ မတရုတ်မသည် ဆရာတော် ထောင်ကျစဉ်ကာလကတည်းကအစဉ်တစိုက် ထောင်ဝင်စာပို့ပေးခဲ့သည်ဟုလည်း သိရသည်။

ဦးပညာဇောတ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၉)ထိ သတင်းအမှောင်ချထားသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့တွင်မူ ဦးပညာဇောတ အဖမ်းခံရကြောင်း ဖော်ပြချက်တချို့ကို တွေ့ရသည်။ 

နတ်မောက်မြို့ဇာတိကို အစွဲပြု၍ ဦးပညာဇောတကို နိုင်ငံရေးအသိုင်းအဝိုင်းတွင် ‘နတ်ဇော’ ဟု လူသိများသည်။

ဆရာတော်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရကို ၁၉၉၀ ပြည့်နှစ်အတွင်း ပတ္တနိက္ကုဇနကံဆောင်သပိတ်မှောက်ခြင်း၊ ၁၉၉၆ခုနှစ်က ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခြင်းတို့ကြောင့် စစ်ထောက်လှမ်းရေးများက ဖမ်းဆီးကာ အင်းစိန်နှင့် သာယာဝတီထောင်တို့တွင် ထိန်းသိမ်းခဲ့သည်။

ထောက်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ထပ်မံ အဖမ်းမခံရရန် ထိုင်းနိင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်သွားပြီးနောက် အမေရိကန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ခိုလှုံခွင့် ရခဲ့သည်။

ဦးပညာဇောတ၏ မြန်မာပြည်ခရီးစဉ်သည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး အကြိမ်ဖြစ်သည်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က မြန်မာနိုင်ငံသို့ ဦးပညာဇောတ ပြန်ကြွခဲ့ဖူးကြောင်း နီးစပ်သူများက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် နိုင်ငံခြားသား၊ နိုင်ငံခြားသားခံယူထားသူ မြန်မာနိုင်ငံသားများကို၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်(Sean Turnell)ကို အာဏာသိမ်းပြီး ၆ရက်အကြာ ဖေဖော်ဝါရီ ၆တွင် စစ်တပ်က ဖမ်းဆီးခဲ့သည်။

မစ္စတာရှောင်တာနယ်ကို အာဏာသိမ်းစစ်တပ်က အချုပ်ထောင်၊ အကျဉ်းထောင်များတွင် ရက်ပေါင်း ၆၅၀ခန့် အကျဉ်းချခဲ့ပြီး၊ နိုင်ငံတကာဖိအားများကြောင့် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

ကြွက်များ၊ ပိုးဟပ်များပေါသော မြန်မာပြည်အကျဉ်းထောင်အတွင်း နိုင်ငံခြားသားတစ်ဦး ဆင်းရဲ၊ ချို့တဲ့စွာ ဖြတ်သန်းခဲ့ရပုံအကြောင်းကို ထောင်ကပြန်လွတ်ပြီးနောက် မစ္စတာရှောင်တာနယ်က  ‘An Unlikely Prisoner’(သူမတူ အကျဉ်းသား) စာအုပ်တွင် အကျယ်တဝင့် ရေးသားထားသည်။ 

ထို့အတူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ လရောင်တောစိုက်ပျိုးရေးသင်တန်းကျောင်းမှ တာဝန်ခံ အမေရိကန်နိုင်ငံသား ခံယူထားသော ဦးကျော်ဌေးဦးကိုလည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခဲ့သေးသည်။

Show More

Related Articles

Back to top button