စစ်အာဏာရှင်ကို ဆန့်ကျင်သောအားဖြင့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသော ဖာပွန်တပ်နယ်ရှိ KNU တပ်မဟာ−၅ သို့ တပ်မတော်သား ၁၂ ဦး ပူးပေါင်းလာကြောင်း KNU တပ်မဟာ−၅ ပြောရေးဆိုခွင့် ရှိသူ ဖဒိုစောမန်းမန်းက Myanmar Now ကို ယခုညပိုင်းတွင် အတည်ပြုပြောကြားသည်။
“ဒီတပ်မတော်သားတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ ပြည်သူတွေကနေတစ်ဆင့် ဆက်သွယ်ပြီး လာပူးပေါင်းတာဖြစ်ပါတယ်။ အဓိကတော့ တပ်မတော်ဘက်က CDM မှာ ပါဝင်လာတာကိုပဲ ကျွန်တော်တို့ဘက်က ကြိုဆိုလက်ခံတဲ့သဘောပါပဲ” ဟု ဖဒိုစောမန်းမန်းက ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး KNU နှင့် ပူးပေါင်းလာသော တပ်မတော်သားများမှာ ထားဝယ်အခြေစိုက် ခမရ−၄၀၂ နှင့် ၄၀၃ တပ်ရင်းများမှ ဖြစ်ကြောင်း သိရသည်။
“သူတို့ကတော့ စခန်းထဲကနေ ထွက်ပြီး လက်နက်ပါတာလည်း ရှိတာပေါ့။ လက်နက်မပါတာလည်း ရှိတာပေါ့ဗျာ။ ဒီကာလမှာ တပ်မတော်သားတွေလည်း အမှန်တရားဘက်ကနေ ဘက်ပြောင်းလာဖို့အတွက် သူတို့ကို ကျွန်တော်တို့က CDM လှုပ်ရှားမှုမှာ ပါဝင်တာလို့ပဲ ခေါ်ဆိုချင်ပါတယ်” ဟု ဖဒိုစောမန်းမန်းက ပြောသည်။
အချို့သော တပ်မတော်သားများအနေဖြင့် စစ်အာဏာသိမ်းမှု မတိုင်မီကတည်းကပင် KNU နှင့် ပူးပေါင်းလာခြင်းများရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပူးပေါင်းလာသော တပ်မတော်သားများလည်း ရှိသည်ဟု ဆိုသည်။
KNU နှင့် ရန်သူရန်ဘက် တိုက်ဖော်တိုက်ဖက်ဖြစ်လင့်ကစား CDM တွင် ပါဝင်လာသည့် တပ်မတော်သားများကို ပြည်သူ့ဘက်တော်သား ရဲဘော်များဟု ခေါ်ဆိုချင်ကြောင်းလည်း ၎င်းက ပြောသည်။
ကျွန်တော်တို့ ကနဦးတည်းကပဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူထုလှုရှားမှုကိုပါ အဓိကတိုက်ပွဲ ဖြစ်တဲ့ဆန္ဒပြတဲ့ လမ်းပေါ်ထွက်ဆန္ဒပြ တောင်းဆိုချက်တင် မကဘဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကနေပြီး တော့ သပိတ်မှောက်တဲ့ CDM လုပ်ရပ်တွေပေါ်မှာလည်း ကျွန်တော်တို့က အားပေးထောက်ခံထားပြီး သားဖြစ်တယ်။ ဒါကြောင့် CDM လုပ်ငန်းနဲ့ လုပ်ရပ်တွေပေါ်မှာ တပ်မတော်တပ်သားတွေကလဲ ပြည်သူ လူထုနဲ့ ပူးပေါင်းပါဝင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ကြိုဆိုဖိတ်ခေါ်တယ်ဆိုတာ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်” ဟုလည်း ဖဒိုစောမန်းမန်းက ပြောသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး KNU နှင့် ထပ်မံပူးပေါင်းလာမည့် တပ်မတော်သားများရှိနေသည်ဟုလည်း KNU တာဝန်ရှိသူက ပြောကြားသည်။