သတင်း

မန္တလေးမြို့တွင် စခန်းမှူးအဆင့် ရဲအရာရှိနှစ်ဦး စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်လာ 

မန္တလေးမြို့တွင် စခန်းမှူးအဆင့်ရှိ ရဲအရာရှိနှစ်ဦးသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည်။

အောင်မြေသာစံမြို့နယ် အမှတ် (၅) မြို့မရဲစခန်းမှူးဖြစ်သူ ဒုရဲမှူးထွန်းထွန်းဝင်းသည် ဖေဖော်ဝါရီ ၂၈ တွင် လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်ဦးက ယနေ့ (မတ်၂) တွင် လည်းကောင်း CDM လှုပ်ရှားမှုတွင် ပါဝင်လာကြခြင်း ဖြစ်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများကို လိပ်မူထား သည့် စာများကို အဆိုပါ စခန်းမှူးများက ၎င်းတို့၏ Facebook လူမှုကွန်ရက်တွင် ရေးတင်ခဲ့ခြင်းဖြစ်သည်။ 

စစ်အာဏာရှင်များ အာဏာတည်မြဲရန် ပြည်သူများအပေါ် မတရားလုပ်ဆောင်ချက်များကို အာဏာရှင်များအလိုကျ ဥပဒေမဲ့ လုပ်ဆောင်နေခဲ့ရသည်ဟု အဆိုပါ စခန်းမှူးများက ဆိုသည်။ 

ပြည်သူချစ်သော၊ ပြည်သူလိုလားသောရဲများ ဖြစ်ရေး လိုက်ပါဆောင်ရွက်ရန်လည်း ဒုရဲမှူးထွန်းထွန်းဝင်းက တာဝန်ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့ဝင်များကို တိုက်တွန်းထားသည်။

ဒုရဲမှူးထွန်းထွန်းဝင်းက ၎င်းအထက်အရာရှိထံ ပေးပို့သောစာ၌ “မတရားအုပ်ချုပ်မှု လောင်းရိပ်အောက်တွင် ရှင်သန်နေထိုင်ရန် အင်အားမရှိတော့သလို အာဏာကို မတရား ရယူသွားသော အာဏာရှင်များအတွက် ရဲမဖြစ်လို၊   ပြည်သူ့ရဲသာဖြစ်လိုသဖြင့် လူထုနှင့်အတူ CDM လှုပ်ရှားမှုတွင် ကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ကာ အာဏာရှင်စနစ် ကို အမြစ်ပြတ်တိုက်ပွဲဝင်သွားမည်” ဟု ရေးသားထားသည်။ 

ရဲလုပ်သက် ၂၆ နှစ် ရှိပြီး သက်တမ်းတစ်လျှောက် ခွင့် ၅ ရက်သာယူပြီး တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယခုအခါ အာဏာရှင်လက်အောက်၌ တာဝန်ထမ်းဆောင်နိုင်ရန်  မည်သို့မျှ နှလုံးသွင်းမရတော့ဟု ရဲအုပ်ကျော်ကျော်ဦးက လည်း ၎င်း၏စာတွင် ရေးသားဖော်ပြထားသည်။  

အဆိုပါ စခန်းမှူးအဆင့် ရဲအရာရှိနှစ်ဦး CDM တွင်ပါဝင်လာခြင်းနှင့် ပတ်သက်၍ ၎င်းတို့အား ဆက်သွယ်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

သို့သော် အောင်မြေသာစံမြို့မရဲစခန်းမှ ဒုရဲအုပ်မျိုးမင်းလတ်ကို ဆက်သွယ်မေးမြန်းရာတွင် “သူ (ဒုရဲမှူးထွန်းထွန်းဝင်း) က ဖေဖော်ဝါရီ ၂၈ ရက်နေ့ ကတည်းက ရုံးမတက်တော့တာ။ အဲဒီနောက်ပိုင်းကစပြီး အဆက်အသွယ်မရတော့ဘူး” ဟု ပြောသည်။ 

မန္တလေးတွင် ဆန္ဒပြမှုများကို လူသေဆုံးသည်အထိ စစ်သားနှင့်ရဲများက အကြမ်းဖက်ဖြိုခွဲခဲ့သည့်အပြင် CDM လုပ်နေသော မီးရထားဝန်ထမ်းများကို ညအချိန်မတော် ဝင်ရောက်ပစ်ခတ်မှုများလည်း ရှိခဲ့သည်။ 

ထိုသို့ မန္တလေးရှိ ရာထူးကြီးသော ရဲအရာရှိတချို့ CDM တွင် ပါဝင်လာခြင်းအပေါ် ​ တချို့ကလည်း ကြိုဆိုပြီး တချို့ကလည်း ပြည်သူများအကြား သပ်လျှိုရန် ဝင်ရောက်လာခြင်းဖြစ်နိုင်သည်ဟူသော ယူဆချက်များလည်း ရှိနေသည်။ 

“အပြစ်မဲ့ပြည်သူတွေကို အင်အားသုံးနှိမ်နင်းတဲ့အထဲမှာ သူတို့လည်း ပါတာပဲလေ။ ဒီပုံရိပ်အောက်မှာ သူတို့ ရှိနေသေးတာမို့ အခုလို CDM ဝင်တဲ့အပေါ် ထူးပြီးသနားတာလည်းမရှိသလို အကွက်ဆင်တယ်လို့တောင် ထင်မိတယ်” ဟု မန္တလေးမြို့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှ မြို့ခံကျောင်းဆရာမ မပန်းနုက ပြောသည်။ 

အုပ်ချုပ်ရေးယန္တရား၌ ပါ၀င်သော ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါ CDM တွင် ပါဝင်လာရန် လိုအပ်ပြီး အမှန်တရားဘက် ရပ်တည်ရန် အချိန်နောက်ကျခြင်းမရှိဟု မန္တလေးမြို့ ခံ NLD အမတ်ဟောင်း ဒေါက်တာခွန်ကျော်ဦးက ပြောသည်။ 

“အာဏာဖီဆန်တယ်ဆိုတာက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အကောင်း မြင်တယ်။ ဟုတ်ခဲ့ရင် ပိုကောင်း တယ်။ CDM ဝင်တဲ့ရဲတွေ တကယ်လည်း ရှိနေတယ်ဆိုတာ သူတို့ လုံခြုံရေးကြောင့် ဖော်ပြလို့မရပေမဲ့ ဒီလုပ်ရပ်က ကြိုဆိုရမှာပါ“ ဟု ၎င်းက ဆိုသည်။

ယခုသီတင်းပတ်အတွင်း မန္တလေးအပါအဝင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်တို့မှ ရဲမှူး အဆင့်ရှိသူတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်လာကြသည်။ 

နေပြည်တော် အမှတ် ၁၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် မျိုးမင်းသူနှင့် ရဲတပ်သားများ ဖြစ်သည့်  ခွန်ချစ်မောင်၊ မျိုးလှိုင်းဝင်း၊ အောင်နိုင် ၊ အမှတ် ၁၉ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ  ရဲတပ်သား သန်းလင်း၊ အင်ဒရူးလေး၊ ကရီဂေါ်ရီတို့ သည် ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး CDM တွင် ပါဝင်လာကြသည်။ 

Show More

Related Articles

Back to top button