
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃က စတင်၍ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကင်းစင်ရေး စစ်ရေးရည်မှန်းချက်ဖြင့် ပေါ်ပေါက်လာသော အာရက္ခတပ်တော် AA ၏ ထိုးစစ် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မြို့နယ်ပေါင်း ၁၇မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်အတွင်း ၁၀မြို့နယ်ကို တစ်နှစ်အတွင်း သိမ်းပိုက်ထားနိုင်သည်။ ကျန် ၇မြို့နယ်အနက် မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ကိုလည်း AA က တပြိုင်နက် ထိုးစစ်ဆင်နေသည်။ ပြည်နယ်အတွင်း AA ထိုးစစ် မရှိသေးသည့် မြို့နယ်များမှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ ဖြစ်သည်။ လက်ရှိနှုန်းထားအတိုင်း လက်ကျန်မြို့များကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်မည် ဆိုပါက ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သည့် AA သည် ပြည်နယ်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်သည့် တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်လာမည် ဖြစ်သည်။ တစ်နှစ်တာကာလအတွင်း စစ်ရေးအောင်မြင်မှုများနှင့်ပတ်သက်၍ AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပြထားသည်။