အနယ်နယ်အရပ်ရပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆက်စပ်သူများကို ပစ်မှတ်ထားလျက်ရှိရာ မွန်ပြည်နယ်တွင်လည်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)မှ တပ်ဖွဲ့ဝင်တို့က NLD ပါတီဝင်များအပါအဝင် ဒေသခံ ၉ဦးကို ဖေဖော်ဝါရီ ၂၄တွင် ဖမ်းဆီးသွားသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကဒါကျေးရွာမှ ၆ ဦးနှင့် ဖနုံကျေးရွာအုပ်စုတို့မှ ၃ ဦး တို့ကို BGFတပ်ဖွဲ့ (၁၀၂၁) က ယမန်နေ့ ည ၁၀ ကျော်ခန့် အချိန်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
ကဒါကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲလင်းနှင့် ရာအိမ်မှူးနှစ်ဦး၊ ရပ်မိရပ်ဖတစ်ဦး အပြင် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ စောအောင်ကျော်နှင့် ဖနုံကျေးရွာ NLD အလုပ်အမှုဆောင် (လူငယ်) ကိုထိန်လင်း၊ ဦးတင့်ဆန်း၊ ဦးလူချောနှင့် ဦးမောင်ညွှန့်တို့ကို မိကသစ်ကျေးရွာအုပ်စု မိခွမ်းကျေးရွာ BGF တပ်ဌာနချုပ်၌ အကျယ်ချုပ်ထားရှိထားကြောင်း စုံစမ်းသိရှိရသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူတစ်ဦးက “မဲဆွယ်စည်းရုံးရေးတုန်းက ကျွန်တော်တို့ ပါဝင်ပြီး မဲဆွယ်တယ် ဟုတ်လား၊ အားလုံးကို ဒီမှာခေါ်ထားတယ်” ဟု ပြောသည်။
ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရသေးဘဲ ကဒါကျေးရွာအုပ်စုထဲမှ NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို လိုက်လံဖမ်းဆီးနေကြောင်း ၎င်းကဆိုသည်။
“အားလုံးစုံအောင် စောင့်ရဦးမယ်။ အားလုံးတက်လာမှ သူတို့ (BGF) ပြောမယ်ပြောတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ရွေးကောက်ပွဲ မဲဆွယ်ပေး၍ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် NLD ပါတီဝင် ၅ ဦးအား ဖမ်းဆီးထားသည် ဟူသော ပြောဆိုချက်နှင့်ပတ်သက်ပြီး BGF ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။
NLD အနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းသည်ဟု ဆိုကာ တပ်မတော်က နိုင်ငံ့ခေါင်းဆောင်များကို ထိန်းသိမ်းကာ အာဏာရယူခဲ့သည်။
တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များအပါအဝင် အစိုးရအဖွဲ့ဝင်များပါ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တချို့မှာ အမှုဖွင့်ခံထားရသည်။
ထို့နောက် ရွေးကောက်ပွဲနှင့် ပတ်သက်သော တိုင်းနှင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ထိန်းသိမ်းခံနေရပြီး NLD ပါတီနှင့်ပတ်သက်သူများလည်း ဖမ်းဆီးခံရမှုများ ရှိနေသည်။
NLD ပါတီဝင်ဖြစ်သော ဆီဆိုင်မြို့ စည်ပင်ဥက္ကဋ္ဌ ခွန်ဗွာထိုသွေး ကိုလည်း ပအိုဝ်းတပ်မတော် (PNA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပ်နှံခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၂၄ အထိ စာရင်းများအရ ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချခံထားရသူ ၇၂၈ ဦး ရှိပြီ ဖြစ်သည်။



