စီးပွားရေး

မှောင်ခိုပစ္စည်းအဖမ်းကြမ်း၍ လိုင်စင်မဲ့ ထိုင်းကုန်စည်ရောင်းချမှုရပ်ဆိုင်း

စစ်ကောင်စီက အခွန်တိုးမြှင့်ရရှိရေး၊ တော်လှန်ရေးအဖွဲ့များထံ ငွေကြေးမစီးဆင်းစေရေးအတွက် ထိုင်းနိုင်ငံမှသွင်းလာသည့် ကုန်စည်များကို အခွန်ဆောင်စေရန် အပြင်းအထန်ဖိအားပေးနေသည်။

လိုင်စင်မဲ့သွင်းကုန် စစ်ဆေးဖမ်းဆီးမှုသည် ကုန်သွယ်ရေးလမ်းကြောင်းများတွင်သာမက သိုလှောင်ရုံနှင့် ဈေးကွက်ထဲအထိ ရောက်လာသဖြင့်  ထိုင်းကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုရပ်ဆိုင်းသွားသည်ဟု သိရသည်။

နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ပြည်ပသွင်းကုန်များကန့်သတ်ထားပြီး နယ်စပ်ကုန်သွယ်ရေးဂိတ် အများအပြားလက်လွှတ်ဆုံးရှုံးနေချိန်တွင်  အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရမည်ဟုဆိုကာ လိုင်စင်မဲ့သွင်းကုန်များကို စစ်ဆေးမှုတိုးမြှင့်ရန် ယခုလ ၉ ရက်နေ့ အစည်းအဝေးတွင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပသွင်းကုန်များအနက်မှ လူသုံးများသည့် ထိုင်းကုန်စည်များကို ပစ်မှတ်ထားဖမ်းဆီးနေကြောင်း ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်များရောင်းချနေသည့် ရန်ကုန်မြို့မှ ကုန်စည်ဖြန့်ဖြူးသူ အမျိုးသားတစ်ဦးက ပြောသည်။ 

“ဂိတ်တွေမှာ တရားမဝင်ကုန်ပစ္စည်းတွေပါလာရင် အဖမ်းအဆီးရှိမှာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ တော်တော်များများက မသယ်ကြဘူး။ ရန်ကုန်က ညောင်ပင်လေးဈေးတို့မှာ စစ်တယ်လို့ပြောတာပဲ။ ယိုးဒယားပစ္စည်းတွေကို ရှိနေတဲ့အနေအထားအထိ ကုန်အောင်ရောင်းပေါ့နော်။ ကျန်တဲ့ဟာတွေကို ထပ်မတင်နဲ့ပေါ့။ ပို့ကုန်သွင်းကုန်လိုင်စင်ရှိတဲ့သူလောက်ပဲ သွင်းလို့ရမှာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်  ထိုအမျိုးသားက ပြောသည်။

ရန်ကုန်မှတစ်ဆင့် နေပြည်တော်၊ မန္တလေးနှင့် နိုင်ငံအထက်ပိုင်းသို့ တင်ပို့မည့် ထိုင်းကုန်စည်များကို ကုန်စည်ပို့ဆောင်ရေးကားများက သယ်ယူမပေးဝံ့သည်အထိဖြစ်လာကြောင်း သူက ပြောသည်။

မြန်မာအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုမလုံလောက်သဖြင့် သွင်းကုန်ကိုမှီခိုနေရပြီး စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုကုန်ကြမ်းများအထိ တင်သွင်းနေရသည်။ အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားငွေအကျပ်အတည်းကြောင့် သွင်းကုန်များကန့်သတ်ပိတ်ပင်ထားကာ ဆေးဝါး၊ စားသုံးဆီ၊ စက်သုံးဆီတို့ကိုလည်း ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းရောင်းချခွင့်ပေးထားသည်။

ထို့အပြင် ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေရှ်တို့နှင့် ကုန်သွယ်နေသည့် နယ်စပ်ဂိတ်အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။ 

ထို့အချိန်တွင် ပြည်တွင်းလက်လီကုန်တိုက်ကြီးများသို့ ကုန်ပစ္စည်းဖြန့်ချိသည့် ကုမ္ပဏီကြီးများသည်ပင် ကုန်ပစ္စည်းများထပ်မံတင်သွင်းရန်အခက်တွေ့နေသည်၊ လမ်းကြောင်းအမျိုးမျိုးမှ တင်သွင်းလာသည့် သွင်းကုန်များကို စစ်ကောင်စီခွင်ပြုပေးသော လိုင်စင်ဖြင့် တင်သွင်းခြင်းရှိမရှိ စစ်ဆေးလာခြင်းကြောင့် ထိုင်းကုန်စည်များကို ဈေးဆိုင်များပေါ်မှ ဖယ်ရှားနေသည်ဟု သိရသည်။ 

ရန်ကုန်နှင့် မန္တလေးမြို့ရှိ City Mart, Ocean နှင့် အခြားကုန်တိုက်ကြီးများပေါ်တွင် အစားအသောက်နှင့် ထိုင်းကုန်စည်အချို့ကို  အောက်တိုဘာ ၂၁   မနက်ပိုင်းမှစတင်ကာ ဖယ်ရှားသိမ်းဆည်းနေကြောင်း မန္တလေးမြို့ရှိ နာမည်ကျော်ကုန်တိုက်တစ်ခုမှ အရောင်းဝန်ထမ်း အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“လိုင်စင်ရှိတဲ့ဟာတွေတော့မသိမ်းရသေးဘူး။ အကုန်လုံးလည်းမဟုတ်ဘူး၊ (ရွေးပြီး သိမ်းတာ)။ ရုံးဘက်ကနေ ဒီပစ္စည်းသိမ်း၊ ဒီပစ္စည်းသိမ်းပေါ့။ အကုန်လုံးတော့မသိမ်းရဘူး” ဟု ၎င်းက ပြောသည်။ 

ကုန်တိုက်ကြီးများပေါ်မှ ဖယ်ရှားသိမ်းဆည်းကြသည့် ထိုင်းထုတ်ကုန်များအနက် ဆပ်ပြာမှုန့်၊ ငါးသေတ္တာ၊ ကော်ဖီ၊ အအေးနှင့် စားသောက်ကုန်များပါဝင်ကြောင်း ၎င်းက ပြောသည်။ 

ယခုရက်ပိုင်းအတွင်း ကုန်တိုက်ကြီးများသို့ ကုန်ပစ္စည်းမျိုးစုံဖြန့်ဖြူးပေနေသည့် ကုမ္ပဏီများလည်း ဆက်လက်တင်သွင်းရောင်းချနိုင်ခြင်းမရှိတော့သဖြင့် ရပ်ဆိုင်ရန်အကြောင်းသည့် ကုမ္ပဏီများစွာရှိကြောင်း ၎င်းက ဆိုသည်။ 

“ပစ္စည်းမပို့နိုင်လို့ အရောင်းရပ်သွားတဲ့ ကုမ္ပဏီတွေရှိတယ်ဗျ။ ကုမ္ပဏီတွေ ဘာတွေခက်ခဲနေလဲမသိဘူး။နောက်ဆိုတဖြေးဖြေးနဲ့ ကုမ္ပဏီတွေရှိတော့မှာမဟုတ်ဘူး။ နိုင်ငံခြားပစ္စည်းတင်သွင်းတဲ့ကုမ္ပဏီ တွေကိုပြောတာပါ”

ရန်ကုန်မြို့တွင် စားသောက်ကုန်နှင့် လူသုံးကုန်များလက်ကားရောင်းချသည့် ညောင်ပင်းလေးဈေးနှင့် ဘုရင့်နောင်ဈေးတို့သာမက လက်လီဆိုင်များအထိ ဝင်ရောက်စစ်ဆေးမည်ဟု သတင်းများထွက်နေပြီး အခွန်ဆောင်၍ တင်သွင်းသည့် ကုန်စည်များဖြစ်ပါက ပြဿနာမရှိနိုင်ကြောင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ 

“ဒါတွေဘယ်ကသွင်းလာတာလဲဆိုပြီး တဖြည်းဖြည်း ဝက်အူရစ်လာမယ်ဆိုရင်တော့ အွန်လိုင်းပေါ်က ရောင်းတဲ့ဆိုင်တွေ ပြဿနာရှိနိုင်တယ်။ ထိုင်းကုန်စည်ရောင်းလို့ ပြဿနာရှိတာမဟုတ်ဘူး။ သွင်းလာတဲ့ ကုန်ပစ္စည်းက အခွန်ဆောင်ထားလား၊ အခွန်မဆောင်ထားလား။ တရားဝင်လား၊ တရားမဝင်လား။ အဲ့ဒီဟာက စကားပြောမှာပါ” ဟု သူက ဆိုသည်။

နယ်စပ်ဂိတ်များကို မကြပ်မတ်နိုင်တော့သည့် စစ်ကောင်စီသည် လမ်းကြောင်းအမျိုးမျိုးမှ ဝင်ရောက်လာသောကုန်စည်များကို ၎င်းတို့ထိန်းချုပ်နယ်မြေရောက်လာမှသာ တရားမဝင်ကုန်စည်ဟုဆိုကာ ဖမ်းဆီးကြောင်း၊ ကုန်သည်များက သွင်းကုန်လိုင်စင်လျှောက်လျှင်လည်း တင်သွင်းခွင့်လိုင်စင်ချထားမပေးကြောင်း ကုန်သည်များက ဆိုသည်။ ဘက်ပေါင်းစုံပိတ်ဆို့မှုများကြောင့် မှောင်ခိုဈေးကွက်ကို အားကိုးလာရကြောင်း ၎င်းတို့က ဆိုသည်။ 

စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်ဒီယာများတွင် တရားမဝင်ကုန်စည်များကို ဆက်တိုက်ဖမ်းဆီးရမိကြောင်း နေ့စဉ်ရက်ဆက်သတင်းဖော်ပြနေသည်။ တရားမဝင်ကုန်သွယ်မှုကြောင့် အခွန်ကောက်ခံရရှိမှုနစ်နာသလို ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ကူညီရာရောက်ခြင်းကြောင့် ထိထိရောက်ရောက်တားဆီးတိုက်ဖျက်ရန် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆို ထားသည်။ 

စစ်ကောင်စီ၏ မှောင်ခိုကုန်သွယ်မှုနှိမ်နှင်းရေးသည် စစ်ဆေးရေးဂိတ်များနှင့် စစ်ဆေးရေးအရာရှိများကို အဂတိလိုက်စားရန် အခွင့်အာဏာပေးခြင်းသာဖြစ်သည်ဟု ကုန်သည်များက ဝေဖန်သည်။ 

၂၀၂၂ နှစ်ဆန်းမှ ယခုနှစ် ဩဂုတ်လကုန်ထိ ကျပ်ဘီလျံပေါင်း ၃၀၀ ကျော် ပမာဏရှိ မှောင်ခိုကုန်သွယ်မှု ၁၄,၆၅၉ ခုအထိ ဖမ်းဆီးရရှိခဲ့ကြောင်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာ ၉ ရက် အစည်းအဝေးတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button