
ထိုင်းနိုင်ငံထဲတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးအချုပ်တွင် ထိန်းသိမ်းကာ နေရပ်ပြန်ပို့သည့် မြန်မာရွှေပြောင်းအလုပ်သမားများကို စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။
ထိုင်းတောင်ပိုင်းခရိုင် ၁၄ ခုတွင် ခိုးဝင်လာသူ၊ နေထိုင်ခွင့်သက်တမ်းကုန်သူ၊ အထောက်အထားမရှိသူနှင့် အခြားပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာများကို နေရပ်ပြန်ရန် ထိုင်းနိုင်ငံ၊ ရနောင်းမြို့အချုပ်မှ ကော့သောင်းမြို့ကို နှစ်နိုင်ငံညှိနှိုင်းကာ ပို့ဆောင်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ နေရပ်ပြန်ပို့ခံရသူများကို ကော့သောင်းဘက်အခြမ်းတွင် စစ်ကောင်စီက ပြန်လက်ခံပြီးနောက် ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၃၄၂ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၂၆၂ တပ်သို့ ခေါ်ဆောင်သွားကာ စစ်မှုထမ်းဥပဒေနှင့်ကိုက်ညီသောအသက်အပိုင်းအခြား ရှိမရှိ စစ်ဆေးသည်ဟု ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
စစ်မှုထမ်းအသက်နှင့် အကျုံးဝင်သည့် အထက်ပါရွှေ့ပြောင်းအလုပ်သမားများကို တနင်္သာရီတိုင်းရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေကြောင်း ထိုဖြစ်စဉ်ကိုသိရှိသည့် အမည်မဖော်လိုသူ အထက်ပါ လူက ဆိုသည်။
နိုင်ငံအနှံ့စစ်မျက်နှာ ဖွင့်ထားရသဖြင့် လူအင်အားလိုနေသည့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်း ကာ စစ်သားစုဆောင်းနေရာ စစ်သင်တန်းအပတ်စဉ် ၅ ခုပြည့်ပြီဖြစ်ပြီး အပတ်စဉ် ၃ မှ ၅ အထိ ထိုင်းဘက်မှ ပြန်ရောက်လာသည့် ရွှေပြောင်းအလုပ်သမားများကို စုဆောင်းခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“(စစ်သင်တန်း) အပတ်စဉ် ၁ နဲ့ ၂ က ကော့သောင်းက ဒေသခံတွေသွားတယ်။ အပတ်စဉ် ၃ ကနေ ၅ အထိ ဟိုဘက်က ပြန်လာတဲ့ ရွှေပြောင်းအလုပ်သမားက ၃ သုတ်ဖြစ်သွားပြီ။ လူတော့များနိုင်တယ်”
ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် ရနောင်းအချုပ်ထောင်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂၀ ခန့်ကို စက်လှေ ဖြင့် ကော့သောင်းသို့ ပို့ဆောင်ခဲ့ရာ စစ်မှုထမ်းရန် အကျုံးဝင်သည့် အလုပ်သမားအများအပြားအား ခေါ်ဆောင်ထား ကြောင်း ၎င်းက ဆိုသည်။
ကော့သောင်းဘက်ပြန်ရောက်လာသည့် အလုပ်သမားများကို MoU အလုပ်သမားများစေလွှတ်နေသည့် ဆိပ်ခံတံတား တွင် ပြန်လည်လက်ခံကာ ကျန်းမာရေးနှင့် နိုင်ငံသားဟုတ်မဟုတ်စစ်ဆေးပြီး ကော့သောင်း အခြေစိုက်တပ်ရင်း၌ ခေါ်ဆောင်ကာ ရွေးချယ်ခံရသူများကို မြိတ်ခရိုင် ပလောက်နှင့် ပုလောမြို့နယ်ရှိ စစ်သင်တန်းကျောင်းများကို ပို့ဆောင် ကြောင်း ပြောသည်။
ရနောင်းမြို့အခြေစိုက် မိတ္တသဟာရနာရေးကူညီမှုအသင်း တည်ထောင်သူ ကိုသားကျော်က ထိုင်းဘက်မှ ပြန်ပို့သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အလုပ်သမားများကို ၂ နှစ် စစ်မှုထမ်းရမည်ဆိုကာ ခေါ်ဆောင်ခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
ရနောင်းအချုပ်ထောင်သည် လူပေါင်း ၂၉၀ ကျော်သာ လက်ခံထားနိုင်သော်လည်း လူဦးရေ ၅၀၀ အထိ အချိန် ကြာမြင့်စွာ ချုပ်နှောင်ထားမှုကြောင့် အမြန်ဆုံးပြန်ပို့ရန် မကြာခဏ ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ရာမှ စစ်မှုထမ်းဥပဒေ ပြဌာန်းအပြီး စစ်ကောင်စီက အလုပ်သမားများကို မကြာခဏပြန်ခေါ်လေ့ရှိကြောင်း ၎င်းက ပြောသည်။
“စစ်မှုထမ်းပြီးနောက်ပိုင်းမှာကြတော့ စစ်ကောင်စီက အမြဲတမ်းအချုပ်သားဘယ်နှစ်ယောက်ရှိလဲဆိုပြီး လာစစ်တယ်။ တစ်လမှာ နှစ်ကြိမ်သုံးကြိမ်အထိ (လက်ခံတာ)ဖြစ်လာတယ်။ တစ်သုတ်ပို့ရင် ၁၀၀ ကျော် ပို့တယ်။ ပြီးတော့ ပို့တဲ့အချိန်ကြရင် အစကဆိုရင် ကော့သောင်းရောက်တဲ့အချိန်ကြရင် နယ်ခံတွေ၊ ဆွေမျိုးသားချင်းတွေ ရှိရင် တပ်ထဲမခေါ်ဘူး။ သွားထုတ်လာလို့ရတယ်။ အခုကတော့ မရဘူး”ဟု သူက ပြောသည်။

ပြီးခဲ့သည့်လအတွင်း ထိုင်းမှ ပြန်ပို့စဉ် စစ်သားစုဆောင်းရန် ခေါ်ဆောင်ခံရသော်လည်း အသက်ကြီး၍ ပြန်လွှတ်ပေး ခဲ့ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သည့် ပြန်လွတ်လာသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာက တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်သားသစ်အဖြစ်စုဆောင်းခံရသည့် လူငယ် ၂၀ ကျော်သည် ကရင်အမျိုးသားအစည်းအရုံး (KNU)ထံ ထွက်ပြေးလာခဲ့သည်။
ထိုလူငယ်တို့မှာ ရနောင်း-ကော့သောင်းနယ်စပ်မှ တစ်ဆင့် စစ်ကောင်စီထံပြန်လွှဲစဉ် စစ်သားသစ်အဖြစ် စုဆောင်းခံရခြင်း ဖြစ်သည်ဟု KNU တပ်မဟာ (၄) ဒေသ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဆိုသည်။
ထိုင်းမှ ပြန်လာသူများကို စစ်သားစုဆောင်းမှုနှင့်ပတ်သက်၍ တနင်္သာရီတိုင်း စစ်ကောင်စီအစိုးရအဖွဲ့ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။
ရနောင်းမှ ကော့သောင်းသို့ပြန်ပို့စဉ် စစ်သားစုဆောင်းခံရသူအရေအတွက် အတိအကျမသိရသော်လည်း စစ်ကောင်စီက ခြိမ်းခြောက်အကျပ်ကိုင်၍ စစ်ထဲသွင်းခြင်း၊ စစ်ထဲမလိုက်လိုပါက ငွေကြေးတောင်းခြင်း တို့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီး ဦးကျော်နီက ပြောသည်။
အထောက်ထားမဲ့ ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းအစိုးရ၏ ဖမ်းဆီးမှုကြမ်းနေချိန် စိုးရိမ်မှု များစွာရှိနေသလို အဖမ်းခံရပြီးနောက် မြန်မာဘက်ပြန်ပို့လျှင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခံရမည်ကို စိတ်ပူနေကြောင်း ၎င်းက ဆိုသည်။
“ဒီအခြေအနေမှာ ဒီလိုမျိုးပို့တာတွေက သေတွင်းထဲပို့သလိုမျိုးဖြစ်နေတယ်”
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ NUG အစိုးရက ထိုင်းအစိုးရကို စာဖြင့်ဆက်သွယ်အသိပေးမည်ဖြစ်ကြောင်း၊ နေရပ် ပြန်ပို့သူတို့ကို စစ်တပ်လက်ထဲမရောက်ရန် ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက် လက်ခံနိုင်မည့် နည်းလမ်းများကို ကြိုးစားနေကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီသည် စစ်သားလိုအပ်ချက်ကို နည်မျိုးစုံဖြင့် စုဆောင်းလျှက်ရှိရာ လူငယ်လတ်ပိုင်းအရွယ် ရွှေ့ပြောင်း လုပ်သားများသည် အဓိကပစ်မှတ်သဖွယ်ဖြစ်လာကြောင်း၊ ယခုလအတွင်း တနင်္သာရီတိုင်းမှ ထိုင်းနိုင်ငံသို့ တရားမဝင် အောက်လမ်းမှထွက်ရန်စီစဉ်နေသည့် အလုပ်သမားများကို ဖမ်းဆီးပြီးနောက် စစ်သားစုဆောင်းသည့် သတင်းများလည်းကြားရကြောင်း ဦးကျော်နီက ဆက်ပြောသည်။
မြန်မာတွင် စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စီးပွားရေးပြိုကျမှု၊ စားဝတ်နေရေးကျပ်တည်းမှုတို့ကြောင့် အိမ်နီးချင်း ထိုင်းနှင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်သူများလာသည်။ သို့ရာတွင် စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို ပြည်ပမထွက်နိုင်ရန် ကန့်သတ်ထားရာ တရားမဝင်လမ်းမှ ထွက်ခွာသူများစွာ ရှိနေသည်။