ရုပ်သံသတင်း

စစ်တပ်က မတရားဖမ်းဆီး၊ ထောင်ချထားသည့် ရှေ့နေဒေါ်ရွက်နုအောင် နိုင်ငံတကာလူ့အခွင့်အရေးဆု ချီးမြှင့်ခံရ

မန္တလေးမြို့မှ နာမည်ကျော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE) အဖွဲ့က ၂၀၂၄ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု ‘Ludovic Trarieux’ ကို ချီးမြှင့်လိုက်သည်။ ဒေါ်ရွက်နုအောင်သည် နိုင်ငံရေးအကျဉ်းသားများ၏ တရားမျှတမှုဆိုင်ရာ အခွင့်အရေးရရှိရန် ကြိုးပမ်းခဲ့သလို၊ လွတ်လပ်သည့် တရားစီရင်ရေး ပေါ်ထွန်းစေရန် ကြိုးပမ်းမှုကြောင့် ချီးကျုးဂုဏ်ပြုသည့်အနေဖြင့် ဆုပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု IDHAE အဖွဲ့က ပြောသည်။ ဆုပေးပွဲအခမ်းအနားကို အီတလီနိုင်ငံ၊ ရောမမြို့တွင် ကျင်းပနေသည့် IDHAE ၏ ညီလာခံ နောက်ဆုံးနေ့(ယနေ့)တွင် ချီးမြှင့်မည်ဖြစ်သည်။ မန္တလေးအိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါ်ရွက်နုအောင် ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆုတက်ယူမည် ဖြစ်သည်။ ဒေါ်ရွက်နုအောင်သည် မကြာသေးခင်က ကွယ်လွန်သွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဒုဥက္ကဋ္ဌ(၂)နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ကို စစ်ကောင်စီက စွပ်စွဲထားသည့် အမှုများအတွက် ရှေ့နေလိုက်ပေးခဲ့သူဖြစ်သည်။ ဒေါက်တာဇော်မြင့်မောင်၏ အိုးဘိုထောင်တွင်း တရားရုံးချိန်းတစ်ခုမှအပြန် ၂၀၂၂ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဖမ်းသွားခြင်းဖြစ်သည်။ ဖမ်းဆီးပြီး ရှစ်လနီးပါးအကြာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၂၈တွင် စစ်ကောင်စီ၏ မန္တလေးအိုဘိုးထောင်တွင်း တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပါ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀ (ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်တွင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရပြီး အများက ဗစ်တိုးရီးယားဟု သတ်မှတ်ခေါ်ဆိုကြသည့် ကမ္ဘာသိအမှုတွင် နစ်နာသူ မူကြိုအရွယ် မိန်းကလေးဘက်မှ ဒေါ်ရွက်နုအောင်က ရှေ့နေလိုက်ပေးခဲ့သည်။ ထို့ပြင် ၎င်းသည် Myanmar Now သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူ ကိုဆွေဝင်းကို မန္တလေးတွင် အမျိုးသားရေးသမားဆိုသူများ၊ မဘသများက တရားစွဲဆိုမှုတွင် ရှေ့နေလိုက်ပေးခဲ့ပြီး ထိုတရားရုံးချိန်းများတွင် မဘသများ၏ ခြိမ်းခြောက်ပြောဆိုမှုများကိုလည်း ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

Show More

Related Articles

Back to top button