
ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီး ပန်ဝါမြို့နယ်ခွဲအခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်စခန်းကို တော်လှန်ရေးအင်အားစုက ယနေ့ (အောက်တိုဘာ ၁၅ ရက်) မွန်းလွဲပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ပန်ဝါမြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင်ရှိသည့်၊ ဒေသခံတို့က လုပီဟု ခေါ်ကြသည့်
နယ်ခြားစောင့်စခန်း ဌာနချုပ်ကို အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“လုပီဆိုတဲ့ စခန်းကို ခုနကပဲ တစ်နာရီဝန်းကျင်လောက်မှာပဲ ကျွန်တော်တို့သိမ်းပိုက်လို့ရပါပြီ” ဟု KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။
အဆိုပါ စခန်း၏ ကာကင်းစခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းနှင့် သုံ့ပန်း မည်မျှ ရရှိသည်ကို သတင်းမရသေးဟု ၎င်းကဆိုသည်။
စခန်းသိမ်းတိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲခုခံခဲ့သည်ဟု သိရသည်။
လုပီစခန်းသည် ပန်ဝါနှင့် ချီဖွေလမ်းပေါ်တွင်ရှိပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများမှ ဒေသခံတို့မှာ
နီးစပ်ရာကျေးရွာများနှင့် ပန်ဝါမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

ပန်ဝါမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာတွင်ရှိသည့် ချီဖွေမြို့ကိုမူ KIA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။ ချီဖွေမြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဆော့လော်မြို့ကို အောက်တိုဘာ ၂ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
လူဦးရေ ၉၀၀၀ နီးပါး နေထိုင်သည့်၊ တရုတ်-မြန်မာနယ်စပ်မျဉ်း တောင်တန်းများပေါ်တွင်ရှိသည့် ပန်ဝါမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးသလို မြို့ကို ထိန်းချုပ်ထားခြင်းလည်း
မရှိသေးကြောင်း KIA က အသိပေးထားသည်။
ပန်ဝါ၊ ချီဖွေမြို့များမှာ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော နယ်ခြားစောင့်တပ်များနှင့်
စစ်ကောင်စီတပ်တို့ ပူးပေါင်းထိန်းချုပ်ထားသည့် ဒေသများဖြစ်သည်။
အဆိုပါဒေသတွင် စစ်ကောင်စီတပ်နှင့် တရုတ်တို့ လက်တွဲဖေါ်ဆောင်နေသည့် ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းနှင့် သတ္ထုတူးဖေါ်ရေး လုပ်ငန်းများလည်းရှိနေသည်။ ထိုစီမံကိန်းများ၏ အခြေအနေနှင့် ပတ်သက်ပြီး KIA ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိသေးပေ။
တရုတ်-မြန်မာနယ်စပ်ရှိ ထိုဒေသတွင် လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ်စသည့် မျိုးနွယ်စုများ အခြေချနေထိုင်သည့်၊ ဦးဇခုန်တိန့်ယိန်းနှင့် ၎င်း၏ မိသားစုဝင်များ ဩဇာညောင်းသည့် နယ်မြေဖြစ်သည်။
ပြည်သူ့စစ်ခေါင်းဇောင် ဇခုန်တိန့်ယိန်းသည် ယခင်က KIA တွင် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသောတိုင်းရင်းသား ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည်။ ၁၉၆၈ တွင် KIA မှ ခွဲထွက်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ) နှင့် ပူးပေါင်းခဲ့သည်။
ဗကပ ၁၀၁ စစ်ဒေသအဖြစ် ကချင်ပြည်အရှေ့မြောက်ပိုင်း ကန်ပိုက်တီး၊ ပန်ဝါဒေသတို့တွင် ဦးဇခုန်တိန့်ယိန်း စစ်ရေးလှုပ်ရှားခဲ့သည်။ ဦးဇခုန်တိန့်ယိန်းက KIA ပူးပေါင်းတပ်များကို ပြန်လည်တိုက်ထုတ်ရန် ၎င်း၏ တပ်များကို ယခုနှစ် ဇွန် ၇ ရက်တွင် အမိန့်ပေးခဲ့သည်။