သတင်း

အာဆီယံ၊အနောက်နိုင်ငံများနှင့် ခပ်ကင်းကင်းနေမည်ဟု ကိုးကန့်ကြေညာ

စစ်ကောင်စီကို ဆက်လက်မတိုက်ခိုက်ရန် တရုတ်အစိုးရ၏ဖိအားပေးမှုများကို ရင်ဆိုင်နေရသည့် ကိုးကန့်တပ် MNDAA သည် ၎င်းတို့တပ်ဖွဲ့ဝင်များအား အမေရိကန်အပါအဝင်အနောက်နိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ခရီးသွားလာခြင်း၊ ထိုနိုင်ငံများနှင့်တွေ့ဆုံဆွေးနွေးခြင်းများကို ကန့်သတ်ပိတ်ပင်ကြောင်း ယမန်နေ့ရက်စွဲဖြင့် အမိန့်ထုတ်လိုက်သည်။

MNDAA သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊နိုင်ငံရေးတို့တွင် ပူးပေါင်းမည် မဟုတ်တော့ကြောင်း ပြီးခဲ့သည့်စက်တင်ဘာလဆန်းတုန်းက ထုတ်ပြန်ခဲ့သည်။

ယခုတကြိမ်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် နိုင်ငံတကာဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ အနောက်နိုင်ငံမှသတင်းဌာနများနှင့်တွေ့ဆုံခြင်း စသည်တို့ကိုလည်း တားမြစ်ကြောင်း ပါဝင်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ မှစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်သည် ၎င်းတို့၏မဟာမိတ်များဖြစ်ကြသည့် ရခိုင်တပ် AA၊ တအာင်းတပ် TNLA၊ NUG ၏လက်နက်ကိုင်တပ် PDF တို့နှင့်အတူ လားရှိုးမြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်နယ်မြေအများအပြားကို သိမ်းဆည်းခဲ့သည်။

စစ်ကောင်စီကိုဆန့်ကျင်နေသည့် ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့ရွာများကို တရုတ်ဘက်ခြမ်းမှ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်များ တင်သွင်းခွင့်မပေးဘဲ တရုတ်အစိုးရက ပိတ်ဆို့တားမြစ်ထားသည်။

ထို့အတူ တအာင်းတပ် TNLA ကိုလည်းစစ်ကောင်စီကို ဆက်လက်တိုက်ခိုက်မည်ဆိုပါက ပြင်းထန်သည့်အရေးယူမှုများ ပြုလုပ်ရမည်ဟု ခြိမ်းခြောက်ထားသည်။

တော်လှန်ရေးတပ်များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီပြုတ်ကျမည်ကို တရုတ်ကမလိုလားဘဲ ထိုးစစ်များကို ရပ်တန့်ရန် တော်လှန်ရေးတပ်များကို တရုတ်ကဖိအားပေးနေကြောင်း ပေါက်ကြားလာသည့် တရုတ်နှင့် UWSA ‘ဝ’ တပ်ဖွဲ့တို့အကြား ဆွေးနွေးပွဲမှတ်တမ်းက ဖော်ပြနေသည်။

Related Articles

Back to top button