သတင်း

ရေဦးနှင့် ကောလင်းကို လေတပ်ဗုံးကြဲ၊ ကလေးများအပါအဝင် ၇ ဦးသေ

စစ်ကိုင်းတိုင်း ကျေးလက်ဒေသနှစ်ခုကို ဗုံးကြဲစဉ် အရပ်သား အများအပြား သေဆုံးရာ ထိုအထဲတွင် ရင်ခွင်ပိုက်ကလေး၊ သူ၏ မိခင်၊ ၆ နှစ်သားတစ်ဦးတို့ ပါဝင်နေသည်။

ယမန်နေ့ (အောက်တိုဘာ ၈ ) ညနေပိုင်းက စစ်ကိုင်းတိုင်း၊  ရေဦးမြို့နယ်နှင့် ကောလင်းမြို့နယ်တို့ရှိ  လူနေရပ်ကွက်များကို လေတပ်က တိုက်ခိုက်ရာ   ကလေး၂ ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ဟု သိရသည်။ 

ညနေ ၄ နာရီခွဲဝန်းကျင်က ရေဦးမြို့ အနောက်တောင်ဘက် တင်းတိမ်ရံရွာ ဈေးအနီး  လေကြောင်း တိုက်ခိုက်မှုတွင်  သေဆုံးသွားသူတို့မှာ အသက် ၆ လအရွယ် မိန်းကလေး၊ ထိုကလေး၏ အသက် ၃၀ ကျော်အရွယ် မိခင်၊ ၆ နှစ်အရွယ်‌ ယောကျာ်းလေးတို့ ဖြစ်သည်။ 

နေအိမ် ဗုံးထိမှန်ကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြသည်ဟု တင်းတိမ်ရံရွာ ဒေသခံတစ်ဦးက ပြောသည်။ 

“ မနေ့က သေဆုံးတဲ့အမျိုးသမီးက ဦးခေါင်းခွံက ကြေမွသွားတယ်။ ကလေးကတော့ ၆ လဆိုတော့ ရင်ခွင်ပိုက်လေးပေါ့။  ကျွန်တော်တို့ကလေးကို အသက်ရှိလိုရှိငြား အရင်ကယ်ထုတ်တော့ ဦးခေါင်းရော လက်ရော ဒဏ်ရာအစုံပဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ။ သူတို့အိမ်ဘေးမှာ ဒဲ့နီးပါးလိုလိုကျတာကိုး” ဟု သူက ပြောသည်။

“နောက်ထပ် ၆နှစ်သားကလည်း သူတို့ဘေးအိမ်ကပဲ။ ဦးခေါင်းပွင့်သွားတယ်”

ဒေသခံ ၂  ဦး ဒဏ်ရာရ၊ နေအိမ် ၃ လုံးပျက်စီးကြောင်း၊ ရွာတွင် ဒေသခံပြည်သူတစ်ဦး၏ နာရေးရက်လည်အခမ်းအနားသာရှိပြီး မြေပြင်တိုက်ပွဲ မရှိကြောင်း အထက်ပါ ဒေသခံက ဆိုသည်။    

ထိုရွာသည် ရက်အနည်းငယ်အတွင်း နှစ်ကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

အောက်တိုဘာ ၅ ရက်နေ့   လေတပ်တိုက်ခိုက်မှုတွင်  အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ 

ရေဦးမြို့အနောက်တောင်ဘက် တင်းတိမ်ရံရွာသည် ဒီပဲယင်းမြို့နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည်၊ ဒေသခံတို့ ကူးသန်းရောင်းဝယ်ရေးအတွက်‌  အားထားရသည့် ကျေးရွာလည်းဖြစ်သည်။  

၂၀၂၂ ခုနှစ်အတွင်းကလည်း ရွာရှိ ဆိုင်ခန်း ၂၀၀ နီးပါးရှိဈေးနှင့် နေအိမ် ၃၀၀နီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်၊  ယာယီဈေး ပြန်ဆောက် ပြီး ပြန်လည်ပတ်ရန်  ကြိုးပမ်းနေကြဆဲဖြစ်သည်ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။ 

သွားလာရေးအချက်အချာကျသောနေရာတွင် ရှိသဖြင့် ဒေသခံများအပြင် တော်လှန်ရေးတပ်ဖွဲ့များလည်း ဖြတ်သန်းသွားလာမှုရှိသောကြောင့် စစ်ကောင်စီက ပစ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်း သူက ယူဆသည်။ 

“ ရွာက လမ်းဆုံလမ်းခွလိုဖြစ်နေတော့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဖြတ်သွားဖြတ်လာကတော့ နေ့စဉ်နဲ့ အမျှ ရှိတယ်။  ပြည်သူကလည်း ဒီပဲ‌ ..စျေးဝယ်ရတာ။ ရေဦးမြို့ပြီးရင် ဒုတိယအားထားရတဲ့ နေရာပေါ့”

ဟု သူက ပြောသည်။

“သူတို့က (စစ်ဗိုလ်ချုပ်တွေက) ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ သွေးကွဲအောင်၊ ယှဉ်တွဲလို့မရအောင် လုပ်နေတာ” 

တင်းတိမ်ရံရွာကို စစ်ကောင်စီက ပစ်မှတ်ထားနေသဖြင့် ယခုရက်ပိုင်းအတွင်း ဒေသခံများရွာထဲ မပြန်ရဲသေးဘဲ ဘေးလွတ်ရာရှောင်တိမ်းနေရသည်။ 

အောက်တိုဘာ ၈ ရက်က စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်ခံရသည့် ကျေးရွာတည်နေရာပြ မြေပုံ။

ကောလင်း လေကြောင်းတိုက်ခိုက်မှု 

ယမန်နေ့ ညနေ ၃း၄၅ ခန့်က  ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းရွာ  လေကြောင်း တိုက်ခိုက်မှုတွင်  အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ကုက္ကိုလ်ကုန်းရွာ အထက်တန်းကျောင်းအနီး နေအိမ်များ ပစ်မှတ်ဖြစ်ခဲ့ပြီး သေဆုံးသူတို့မှာ ညနေပိုင်း ဈေးဝယ်ထွက်သည့် အရပ်သားများ၊ စစ်ဘေးရှောင်များဖြစ်သည်ဟု ကောလင်းဒေသခံတစ်ဦးက ပြောသည်။ 

ရုပ်အလောင်း ၃ လောင်းကို   တိုက်ခိုက်မှုအပြီး တွေ့ရှိကောက်ယူနိုင်ခဲ့သည်၊  ယနေ့ (အောက်တိုဘာ ၉) နံနက်တွင် အမျိုးသမီး ၁ ဦး ရုပ်အလောင်းတစ်ခု ထပ်တွေ့ခဲ့သည်ဟု ဆိုသည်။

သေဆုံးသူတို့နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ဆက်သွယ်မေးမြန်း နေဆဲဖြစ်သည်။ 

ယမန်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များ က ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီး ညနေတွင်  ကပ်လျက်ဖြစ်သော ကောလင်းမြို့နယ်ထဲရှိ ကုက္ကိုလ်ကုန်းရွာ လေကြောင်း တိုက်ခိုက်မှု ကြုံတွေ့ရခြင်း ဖြစ်သည်။

ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ကုက္ကိုလ်ကုန်းရွာသည် ကောလင်းမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးပြီး စစ်ဘေးရှောင်များလည်း ခိုလှုံနေသည်။

ပင်လည်ဘူးကို လက်လွှတ်ရသောကြောင့် စစ်ရှောင်များကို ဗုံးကြဲသည့်နည်းဖြင့် လက်တုံ့ပြန်သော စစ်ကောင်စီ၏ ယုတ်မာ သောလုပ်ရပ်ဟု အထက်ပါကောလင်းဒေသခံက မှတ်ချက်ပြုသည်။ 

“စစ်ဘေးရှောင်တွေကလည်း ရှိနေတာဆိုတော့ သူတို့ (စစ်ကောင်စီ) စိတ်က ပင်လည်ဘူးမှာ တိုက်ပွဲဖြစ် တာ သူတို့အထိနာတယ်။ အထိနာရင် ပြည်သူကို၊ စစ်ဘေးရှောင် ပြည်သူအများ ဆုံးရှိတဲ့နေရာကို ပစ်ချ လိုက်တာပဲ” ဟု ၎င်းက ပြောသည်။ 

“မင်းတို့ဒီလိုလုပ်ရင် ငါတို့ကလည်း ပြည်သူတွေကြားထဲကို ပစ်မှာပဲဆိုတဲ့ ယုတ်တဲ့စိတ်ပေါ့” 

လေကြောင်းတိုက်ခိုက်မှုနှစ်ခုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ အင်တာနက်သတင်းစာမျက်နှာတွင်လည်း ထိုအကြောင်း ဖော်ပြထားခြင်း မရှိပေ။

ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းရွာမှ အမျိုးသားရုပ်အလောင်းတစ်လောင်း။ (ဓာတ်ပုံ- ပေးပို့)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို ယခုနှစ်ဆန်းပိုင်းတွင် စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် မြို့ထဲတွင် တပ်စွဲထားဆဲဖြစ်ပြီး နေအိမ်အများစုမှာလည်း မီးရှို့ဖျက်ဆီးခံထားရသဖြင့် ကောလင်းဒေသခံ အများ စုမှာ နေရပ်မပြန်ရဲ သေးဘဲ ဘေးလွတ်ရာထွက်ပြေးနေရသည်။ 

 စက်တင်ဘာလကုန်ပိုင်းက  ကောလင်းမြို့နယ် အနောက်ခြမ်း ကျေးရွာများကို ၃ ရက် ဆက်တိုက် လေတပ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး  အများအပြား ဒဏ်ရာ ရရှိခဲ့သည်။ 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် မြို့ပေါင်း ဆယ်နှင့်ချီ လက်လွှတ်ခဲ့ရသည့် စစ်တပ် သည် ၎င်းတို့ ဆုံးရှုံးသွားသည့် ဒေသများနှင့် လက်နက်ကိုင်ခုခံမှုအားကောင်းရာ နေရာများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

စစ်ကောင်စီထံ စီးဆင်းနေသည့် ဝင်ငွေလမ်းကြောင်းဖြတ်တောက်နိုင်ရေး ကြိုးပမ်းနေသော အဖွဲ့တစ်ခု ဖြစ်သည့် သွေးစွန်းငွေ (Blood Money Campaign) မှ ထုတ်ပြန်ချက်အရ စက်တင်ဘာလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၅၀ ကျော် ပြုလုပ်ခဲ့ပြီး ၂၁၇ ဦး သေဆုံး၊ ၃၂၇ ဦး  ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ထိခိုက်သူများထဲတွင် ကလေးများလည်း ပါဝင်သည်။  

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရသွားသည်။ 

စစ်ခေါင်းဆောင်က စက်တင်ဘာ ၃ ရက်နေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ရောက်ရှိစဉ် သတင်း ရရှိမှု နှင့်အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း  ခြိမ်း ခြောက် ပြောဆိုခဲ့သည်။

ထိုခြိမ်းခြောက်မှုကိုလည်း စစ်ကောင်စီ၏ သတင်းစာများက နေ့စဉ်နီးပါး ဖော်ပြနေကြပြီး လေကြောင်းတိုက်ခိုက် မှုများလည်း ဆက်တိုက်အရှိန်မြှင့်လာခဲ့ရာ ယခုလအတွင်း စစ်ကိုင်းတိုင်းကို   လေကြောင်းမှ ဆက်တိုက် ဗုံးကြဲလာသည်။ 
Myanmar Now က ပြုစုထားသည့် စာရင်းများအရ  စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးသူ အရပ်သား  ၉၃ ဦး ထက်မနည်း ရှိခဲ့ပြီး အထူးသဖြင့် ၎င်းတို့ စစ်ရှုံးထားသည့် ရှမ်းမြောက်၊ ရခိုင် နှင့် မြန်မာပြည် အလယ်ပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ခ့သည်။

Show More

Related Articles

Back to top button