သတင်း

ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုအတွက်  ပါတီနှင့်မိသားစုက စစ်ကောင်စီကို ဝေဖန် 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းဗိုလ်ချုပ်များ ဖမ်းဆီးအကျဉ်းချထားစဉ် သင့်လျော်သည့် ကုသမှုပေးခဲ့သင့်သည်ဟု မိသားစုနှင့် NLD ပါတီက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို လုံလောက်သည့်ဆေးဝါးကုသခွင့်မပေးဘဲ အသက်သေဆုံးခါနီး နာရီပိုင်းအလိုမှ အကျဉ်းထောင်မှလွှတ်ပေးကြောင်း ကြေညာခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို ပါတီပြောခွင့်ရအရာရှိနှင့် မိသားစုဝင်များက ဝေဖန်လိုက်သည်။

ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး၊ အရေးပေါ်ဆေးကုသမှုဆောင်တွင် ယနေ့(အောက်တိုဘာ ၇) နံနက်ပိုင်းက ကွယ်လွန်သွားရာ  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း၍ရလျှင် ၎င်းတို့ပါတီ ဒုဥက္ကဋ္ဌဒေါက်တာဇော်မြင့်မောင် သေဆုံးစရာ အကြောင်းမရှိဟု NLDပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။

“အခုအချိန်မှာ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးကို နိုင်ငံရေးနဲ့ဖြေရှင်းမယ်ဆိုတဲ့ စကားသံတချို့ကို တချို့က ပြောဆိုလာကြပါတယ်။ အကယ်၍ နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းရိုးမှန်ခဲ့ရင် ဆရာဒေါက်တာဇော်မြင့်မောင်ဟာ အခုလို ရောဂါကျွမ်းပြီးတော့ ရေတိမ်နစ်ရတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး” ဟု  ဒေါက်တာမျိုးညွှန့်က Myanmar Now ကို ပြောသည်။

“ဆရာဇော်ကတော့ မြန်မာပြည်အတွက်ကော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်ကော၊ မန္တလေးတိုင်းအတွက်ကော စံနမူနာအားဖြင့် ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ဘယ်လိုပုံစံမျိုးဆိုတာ စံပြနေထိုင်သွားတဲ့ ပုဂ္ဂိုလ်ပါ”  

၂၀၂၁ နှစ်ဆန်းပိုင်း စစ်အာဏာသိမ်းပြီးနောက် မန္တလေးအိုဘိုထောင်တွင် ထောင်ဒဏ် ၂၉နှစ် ချခံရသော၊  သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရသော  ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန်တွင် အသက် ၇၃နှစ် ရှိပြီ ဖြစ်သည်။

သက်တမ်းတစ်လျှောက်လုံးနီးပါး နိုင်ငံရေးသမားဘဝဖြင့် ဖြတ်သန်းခဲ့သည့် ဆရာဝန် ဒေါက်တာဇော်မြင့်မောင်သည် နောက်ဆုံးအချိန်အထိ မိသားစု(ဇနီး၊ သမီး)နှင့် လုံးဝတွေ့ဆုံခွင့်မရသွားဘဲ မန္တလေး၊ အိုးဘိုထောင်၏ အပူဒဏ်၊ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရသည့်ဒဏ်တို့ကို အံတုရင်း သေဆုံးခဲ့ရသည်။

မန္တလေးအထူးကုဆေးရုံကြီး၌ သတိလစ်နေသော ဒေါက်တာဇော်မြင့်မောင်ကို ‘ပြဏ်ဒဏ်လွတ်ငြိမ်းခွင့်’ ပြုကြောင်း ယမန်နေ့(အောက်တိုဘာ ၆) တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ဆေးရုံသို့လာရောက်ကာ အမိန့်ဖတ်ကြားခဲ့သည်။

ထိုအမိန့်ကို ဒေါက်တာဇော်မြင့်မောင် သိသွားခြင်း မရှိကြောင်း ၎င်း၏  ညီမအရင်းဖြစ်သူ ဒေါက်တာယုယုချစ်က Myanmar Now ကို ပြောသည်။

“အင်မတန်မှ ရက်စက်၊ ကြမ်းကြုတ်တဲ့ သူတို့ရဲ့ စိတ်နေစိတ်ထားပေါ့။ သေခါနီးဆဲဆဲမှာမှ လွှတ်တယ်ဆိုပြီး လာပြောတာ။ ကိုဇော်(ဒေါက်တာဇော်မြင့်မောင်)တောင် မကြားလိုက်ရပါဘူး” ဟု  ဒေါက်တာယုယုချစ်က ပြောသည်။

သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ကျော် ရှိပြီဖြစ်သော   NLD ပါတီတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်က ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒုဥက္ကဋ္ဌ(၁) ဖြစ်ပြီး ဒေါက်တာဇော်မြင့်မောင်မှာ   ဒုဥက္ကဋ္ဌ(၂) ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုလည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ ကတည်းက ဖမ်းဆီးကာ၊ နှစ်ရှည်ထောင်ဒဏ်များချမှတ်ထားသည်။

ကွယ်လွန်သူ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ် မဲဆန္ဒနယ်မြေမှ အနိုင်ရခဲ့သူ ဖြစ်သည်။

သို့သော် စစ်ဗိုလ်ချုပ်များက ထိုရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး အနိုင်ရအမတ် အများအပြားကို ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်ကာ   ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရသည်။

ရန်ကုန်၊ မန္တလေးနှင့် မြစ်ကြီးနားအကျဉ်းထောင်တို့တွင် စုစုပေါင်း ၁၉နှစ် အကျဉ်းချခံခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထို့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ ကျောက်ပန်တောင်းမြို့နယ်မှ NLD ကိုယ်စားပြု အနိုင်ရခဲ့ပြီး နေပြည်တော်လွှတ်တော်တွင် ၂၀၁၅ခုနှစ်အထိ လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။

NLD ပါတီ အစိုးရဖွဲ့နိုင်ခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း အမရပူရမြို့နယ်မှ တိုင်းလွှတ်တော်နေရာအတွက် အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

၂၀၁၅မှ ၂၀၂၀ခုနှစ်အထိ ဒေါက်တာဇော်မြင့်မောင် တာဝန်ယူခဲ့သည့် ကာလတစ်လျှောက်လုံးတွင် မန္တလေးသည် တိုင်းနှင့်ပြည်နယ်များအနက် ဖွံ့ဖြိုးတိုးတက်မှု အားအကောင်းဆုံး တိုင်းတစ်ခုအဖြစ် ရေပန်းစားခဲ့သည်။

၁၉၉၀ခုနှစ်မှ ၁၉၉၇ခုနှစ်အထိ ရန်ကုန်အင်းစိန်ထောင်တွင် ဒေါက်တာဇော်မြင့်မောင်နှင့် တွေ့ဆုံခဲ့ဖူးသူများထဲတွင် ဦးဘိုဘိုဦးလည်း  ပါဝင်သည်။

“ဒေါက်တာဇော်မြင့်မောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့က ၂၀၁၂နောက်ပိုင်းမှာ ပိုပြီး နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ကြတာ။ အဲ့မှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ အရည်အသွေး၊ အရည်အချင်းကို ဒေါ်အောင်ဆန်းစုကြည်က စပြီး သတိထားမိတာ” ဟု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်  NLD ၏ ဒုဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ထောင်ထဲတွင်လည်း ဆရာဝန်ပီပီ အကျဉ်းသားအချင်းချင်းကို ကျန်းမာရေးဗဟုသုတများ မျှဝေပေးသူ၊ ထောင်တွင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်သူ၊ ကိုယ်တိုင်လည်း ကျန်းမာရေးအလွန်လိုက်စားသူတစ်ဦးဖြစ်ကြောင်း ဦးဘိုဘိုဦးက မှတ်ချက်ပြုသည်။

ဒေါက်တာဇော်မြင့်မောင်၏ ကြွင်းကျန်သော ရုပ်ကလပ်ကို မနက်ဖြန်(အောက်တိုဘာ ၈)တွင် မန္တလေးမြို့ရှိ တောင်အင်းမြောက်အင်း သုဿန်၌ သင်္ဂြိုဟ်မည်သု သိရှိရသည်။

Show More

Related Articles

Back to top button