မေးမြန်းခန်း

မြန်မာနှင့် စစ်ဗိုလ်ချုပ်ကြီးများ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ Foreign Policy မဂ္ဂဇင်းက  ဖေဖော်ဝါရီ ၁၈ တွင် ဖော်ပြထားသည့် ဦးသိန်းစိန်အစိုးရလက်ထက် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင်ဖြစ်ခဲ့သူ သမိုင်းပညာရှင်တစ်ဦးလည်းဖြစ်သူ ဒေါက်တာသန့်မြင့်ဦးနှင့် အင်တာဗျူးကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။ 

မေး − ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျှော်လင့်ထားသလဲ။ အစိုးရက ဒီထက်ပြင်းပြင်းထန်ထန် ဖြိုခွင်းနိုင်လား၊ ခုချိန်ထိတော့ ဖမ်းဆီးခံရမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေက ပြောသလောက် မဆိုးသေးဘူး။ တကယ်လို့ ပြင်းပြင်းထန်ထန်ဖြိုခွင်းခံရရင် ဆန္ဒပြမှုတွေ ရပ်တန့်သွားနိုင်လား။

ဖြေ − ဆန္ဒပြမှုတွေအရ ပြည်သူလူထုက စစ်အုပ်ချုပ်မှုကို အခိုင်အမာ ဆန့်ကျင်နေတယ်ဆိုတာ အထင်အရှားပါပဲ။ သန်းပေါင်းများစွာသော သာမန်ပြည်သူလူထုရဲ့ ခံစားချက်တွေကို ဖော်ညွှန်းနေတဲ့ ဒီဆန္ဒပြသမှုတွေက ကမ္ဘာက သိမြင်နေရတဲ့အတွက် သာမန်ထက်ပိုပြီး အောင်မြင်နေပါတယ်။ ဆန္ဒပြမှုတွေရဲ့ ကြီးကျယ်မှုကြောင့်သာမက ဆန္ဒပြမှုတွေကို စီစဉ်ဖန်တီးနိုင်ခဲ့တဲ့ပုံစံကလည်း စစ်တပ်အာဏာပိုင်တွေဟာ အတော်လေးအကျပ်ရိုက်နေတဲ့ သဘောရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က လုပ်တာလည်း မဟုတ်ဘူး။ ခေတ်မီနည်းပညာတွေ အသုံးပြုပြီး ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေက လုပ်နေတာဖြစ်ပါတယ်။ 

အာဏာရယူမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသဘောဖြစ်တယ်ဆိုတာမျိုး ပုံဖော်နေတဲ့အတွက် စစ်တပ်က ဒီဆန္ဒပြမှုတွေကို အကြမ်းဖက်နည်းနဲ့ ဖြိုခွင်းရတာမျိုး ရှောင်ရှားလိုပါလိမ့်မယ်။ ဒါပေမဲ့ ဒီအာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖို့နည်းကလဲ အသင့်ရှိချင်မှ ရှိမယ်။ ဒီအနေအထားမှာ CDM လှုပ်ရှားမှုဘက်ကလည်း နည်းဗျူဟာအရသာ နောက်ဆုတ်ချင် ဆုတ်လိမ့်မယ်။ အဲ့ဒီတော့ အုပ်ချုပ်ရေးအသစ်က အာဏာတည်အောင် လုပ်ဖို့အတွက် ခက်ခဲပါလိမ့်မယ်။ 

မေး − တပ်မတော်ရဲ့ ဗျူဟာက ဘာဖြစ်မလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်ထောက်ခံမှုတွေကို ခွာချနိုင်ဖို့ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို အသုံးချနိုင်လား။ 

ဖြေ − ရှင်းလင်းတဲ့ နည်းဗျူဟာ ရှိပြီးသားဆို ကျွန်တော် အံ့ဩမိမှာပဲ။ စစ်အာဏာသိမ်းမှုက ရှောင်လွှဲလို့မရတာလို့၊ ဒါမှမဟုတ် လနဲ့ချီတဲ့ စီမံကိန်းချပြီးမှ လုပ်ခဲ့တယ်လို့ မထင်ပါဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် မကျေနပ်ချက်တွေ ရှိနေမှာပါပဲ။ ဒါပေမဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲဟာ သူ့သဘောအတိုင်း ဖြစ်မယ်လို့ ထင်ခဲ့ပါလိမ့်မယ်။ လက်ရှိဖွဲ့စည်းပုံအရ စစ်တပ်က ၂၅ ရာခိုင်နှုန်းရရှိထားပြီး ဖြစ်တဲ့အတွက် စစ်တပ်ဘက်တော်သား ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၅ ရာခိုင်နှုန်းကျော်ကျော်လေးပဲ နိုင်ဖို့ လိုတာပါ။ ဒါပေမဲ့ ဒီအတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် ဒီဇင်ဘာလလယ်လောက်မှာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ အများကြီးရှိတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုးရဲ့ စွပ်စွဲချက်တွေကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က လက်ကိုင်ပြုလိုက်တာပါပဲ။ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တယ်။ NLD က အဲဒါကို ငြင်းပယ်တဲ့အခါ အခြေအနေကတဖြည်းဖြည်းချင်း ပိုတင်းမာလာခဲ့ပြီး ညှိနှိုင်းဖို့ ကြိုးစားချက် မအောင်မြင်တဲ့အခါ အာဏာသိမ်းမှုဖြစ်တာပါပဲ။

ဆန္ဒပြတာတွေနဲ့ပတ်သက်လို့ ထပ်ပြောရရင် ဗိုလ်ချုပ်ကြီးတွေက အချက်သုံးချက်ကို အာရုံစိုက်နိုင်ပါတယ်။ ရွေးကောက်ပွဲမဲမသမာမှုအပြင် အကျင့်ပျက်ခြစားမှု၊ ပြင်ပနိုင်ငံများနဲ့ ပူးပေါင်းကြံစည်မှု စတဲ့ စွပ်စွဲချက်တွေကို ပေါင်းစပ်ပြီး အမှုကို ချဲ့ကားတာ၊ ဒေါ်လာဘီလျံပေါင်းများစွာပါတဲ့ စီမံကိန်းကြီးတွေနဲ့ ရုတ်တရက် စီးပွားရေးတက်လာအောင်လုပ်တာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ်တွေ လုပ်တာမျိုးတွေပေါ့။ 

လူနည်းစု တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုရရှိအောင် ကြိုးပမ်းတာမျိုးတွေလည်း ရှိလိမ့်မယ်။ ဒါပေမဲ့ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ အစွန်းရောက် အမျိုးသားရေးအဖွဲ့တွေကို စည်းရုံးတာကမှ ပိုဖြစ်နိုင်ပါသေးတယ်။ ဒါကလည်း အလုပ်ဖြစ်မလားဆိုတာ ပြောရခက်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းက ရှေးရိုးစွဲတတ်တော့ အစွန်းရောက် အမျိုးသားရေးအမြင်တချို့ဟာ သြဇာသက်ရောက်နိုင်ပေမယ့်လည်း တချို့ဆို စစ်တပ်ရဲ့ အနေအထားကို မကြိုက်တာလဲ ဖြစ်နိုင်ပါတယ်။ “ဌာနေတိုင်းရင်းသား” တွေကို ကာကွယ်မပေးဘဲ လာဘ်ယူပြီး မွတ်စလင်နဲ့ တရုတ်လူမျိုးတွေကို တရားမဝင် ဝင်ရောက်လာစေတယ်ဆိုပြီး အရင်က စစ်ခေါင်းဆောင်တွေကို အပြစ်တင်တာတွေတောင် ရှိပါတယ်။ 

မေး − ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက ဆန္ဒပြတဲ့ပြည်သူတွေဘက်မှာ ပါဝင်လာမှ ဆန္ဒပြမှုတွေ အောင်မြင်နိုင်ခြေရှိတယ်။​ ဒီလိုမျိုး မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်လား။ မဖြစ်လာဘူးဆိုရင် ဘာကြောင့်လဲ။

ဖြေ − ခေတ်သစ်မြန်မာ့သမိုင်းမှာ စစ်တပ်ဟာ တပ်ရဲ့လမ်းစဉ်ကနေ သိသိသာသာ ဖောက်ထွက်တာမျိုး မရှိခဲ့ပါဘူး။ ကမ္ဘာ့ဘယ်နေရာမှမရှိတဲ့ အကြမ်းတမ်းဆုံး စစ်ဆင်ရေးတွေကို ၇၅ နှစ်ကျော် အဆက်မပြတ်တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ဖြစ်ပါတယ်။ ရဟန်းသံဃာတွေအပါအဝင် ဆန္ဒပြတဲ့ အရပ်သားတွေကို လက်နက်တပ်ဆင်ထားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဖြိုခွင်းဖို့ ဝန်မလေးခဲ့ဖူးတဲ့ စစ်တပ်ဖြစ်ပါတယ်။ ၁၇ နှစ်သား သက်တမ်းကတည်းက စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်တဲ့သူတွေလို့  ပုံသွင်းခံခဲ့ရတာ ဖြစ်ပါတယ်။ စစ်တပ်တွင်း စိတ်ဝမ်းကွဲပြားမှုမျိုးတွေ အခါအားလျော်စွာ ကြုံခဲ့ရပေမယ့် ပေါ်ပေါ်ထင်ထင် တကွဲတပြားအနေအထားကို တစ်ခါမှ မရောက်ခဲ့သေးပါဘူး။ တချို့ရဲတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းတာမျိုး ရှိလာနိုင်ပေမယ့် ရဲတပ်ဖွဲ့ဟာ သိပ်အရေးကြီးတဲ့ကဏ္ဍတစ်ခု မဟုတ်အောင် စစ်တပ်က လုပ်ဆောင်ထားပြီးသားပါ။ 

မေး − စစ်အာဏာသိမ်းမှုအရ မြန်မာနိုင်ငံရဲ့ စမ်းသပ်ခံဒီမိုကရေစီဟာ ကျရှုံးခဲ့ပြီလို့ ဆိုနိုင်သလား၊ ဒါမှမဟုတ် ဒီမိုကရေစီက ထိန်းချုပ်ဖို့ ပိုခက်ခဲတယ်ဆိုတာမျိုးလား။

ဖြေ − ၂၀၁၀ မှာ စစ်ဗိုလ်ချုပ်မျိုးဆက်တစ်ခု အနားယူခဲ့တယ်။ သူတို့ရဲ့ အနားယူရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စစ်တပ်နဲ့ ရွေးကောက်ခံနိုင်ငံရေးသမားတွေ အာဏာခွဲဝေထားတဲ့ စပ်ကြားအုပ်ချုပ်ရေးမျိုးကို ချန်ထားခဲ့တယ်။ ဒါကို ဗိုလ်ချုပ်ကြီးတွေက ညတွင်းချင်း စဉ်းစားဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ လောက် သူတို့ စီစဉ်ဆောင်ရွက်ခဲ့တာပါ။ ၂၀၁၁ ကနေ ၂၀၁၅ အထိ အုပ်ချုပ်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ပင်မှုတွေ ရုပ်သိမ်းသွားစေတဲ့ မကြုံစဖူး နိုင်ငံရေးလွတ်လပ်မှုတွေကို တွန်းအားပေးဆောင်ရွက်ခဲ့တယ်။ ၂၀၁၆ ကစပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မျိုးဆက်သစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အာဏာခွဲဝေ အုပ်ချုပ်ခဲ့ရတယ်။ ဒီအစပိုင်းမှာကတည်းက မကျေလည်မှုတွေ တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ဒါက ဒီမိုကရေစီမဟုတ်ခဲ့ပါဘူး။ ဒါက နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို အသွင်ပြောင်းစေခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုသာ ဖြစ်ပါတယ်။ အလျင်အမြန် ပြောင်းလဲဖြစ်ပေါ်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ ဒီလို အာဏာနဲ့ အုပ်ချုပ်တာမျိုးကို ဆန့်ကျင်နိုင်ဦးမလားဆိုတာ အချိန်ကပဲ စကားပြောပါလိမ့်မယ်။

မေး − ဒီနေ့ဆန္ဒပြနေတဲ့သူတွေက အရင်ခေတ်မျိုးဆက်တွေနဲ့ ခြားနားနေသလား။ သူတို့က ဒီမိုကရေစီပြန်ရဖို့ပဲ တိုက်ပွဲဝင်နေကြတာလား ဒါမှမဟုတ် စီးပွားရေးချွတ်ခြုံကျမှုနဲ့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍအတွက်ရောပဲလား။ သူတို့ရဲ့ နည်းဗျူဟာတွေက အတိတ်ကထက် ပိုကောင်းနေသလား။ 

ဖြေ − သန်းပေါင်းများစွာသော ဆန္ဒပြနေတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ သူသာလျှင် တိုင်းပြည်ရဲ့ တရားဝင်ခေါင်းဆောင်လို့ သူတို့ယုံကြည်ထားကြတယ်။ တခြားသူတွေကတော့ သူနဲ့ NLD အပေါ် သစ္စာရှိမှုဆိုတာထက် စစ်တပ်ကြီးစိုးမှုကို ခါးခါးသီးသီး မုန်းတီးကြလို့ ဖြစ်ပါတယ်။ သူတို့ဘဝတွေဟာ သူတို့မိဘတွေခေတ်ကလိုဖြစ်ပြီး မထင်ရင်မထင်သလို ရက်စက်တဲ့စစ်အုပ်ချုပ်ရေးအောက်ကို တစ်ကျော့ပြန်ရောက်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ပါဝင်လာတာ ဖြစ်ပါတယ်။ မျိုးဆက်သစ်ဆန္ဒပြသူတွေဟာ ပိုပြီးယုံကြည်မှုတွေရှိတယ်၊ နည်းပညာသစ်တွေနဲ့လည်း ပိုပြီးယဉ်ပါးကြတယ်၊ နောက်ပြီး အရင်ကလိုဘဝကို ပြန်ရောက်တဲ့အခါ ယခုခံစားရတဲ့ လွတ်လပ်ခွင့်တွေနဲ့ ရှိတာအကုန် ဆုံးရှုံးကြရမယ့်သူတွေဖြစ်ပါတယ်။ သူတို့နည်းဗျူဟာတွေက အတော်ကို ထိရောက်နေပါတယ်။ ဒါပေမဲ့ တကယ့်ကို အပြောင်းအလဲဖြစ်လာနိုင်တဲ့ နည်းဗျူဟာစစ်စစ် ရှိလာနိုင်မလားဆိုတာတော့ ကွဲကွဲပြားပြား မမြင်ရသေးပါဘူး။ ဒီနေရာမှာ မမြင်ရသေးတာကတော့ တိုင်းရင်းသားကိစ္စတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ၊ ဖွံ့ဖြိုးမှုနောက်ကျတာတွေ၊ မညီမျှမှုတွေကို ချုပ်ငြိမ်းစေပြီး တကယ်စုစည်းခိုင်မာတဲ့ အလွှာစုံ လူ့အဖွဲ့အစည်းဖြစ်လာဖို့ဆိုတဲ့ ခေတ်ရှေ့ပြေး အစီအစဉ်မျိုးပါပဲ။

မေး − စစ်တပ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုရော ဘယ်လိုထင်လဲ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် အောင်မြင်မှုမျိုး ရနိုင်မလား။

ဖြေ − ရွေးကောက်ပွဲဆိုတဲ့ အစီအစဉ်ချထားမှုဟာ တစ်နှစ် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်သော်လည်းကောင်း NLD သော်လည်းကောင်း ပါဝင်မှာ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်လဲ နေအိမ်အကျယ်ချုပ်မှာ၊ NLD လဲ ရွေးကောက်ပွဲမဝင်ခဲ့တဲ့ ၂၀၁၀ ကလို အခင်းအကျင်းမျိုးနဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ပါလိမ့်မယ်။ လွတ်လပ်တယ်၊ မျှတတယ် မဟုတ်ပေမဲ့ အံ့သြစရာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေနဲ့ အစိုးရတော့ ဖြစ်လာခဲ့သလိုမျိုးပေါ့။ မတူတာက ၂၀၁၀ ဟာ အဲအချိန်တုန်းက အသက် ၈၀ ပြည့်တော့မယ့် စစ်တပ်အကြီးအကဲ ဦးသန်းရွှေအတွက် ထွက်ပေါက်အစီအစဉ်ပါ။ လက်ရှိ စစ်တပ်အကြီးအကဲက ၆၄ နှစ်ပဲ ရှိပါသေးတယ်။ အရပ်သားဝတ်စုံနဲ့ အာဏာလိုချင်သေးတယ်ဆိုတဲ့ အနေအထားရှိနိုင်ပါတယ်။ 

မေး − ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ စစ်အာဏာသိမ်းခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့မှုအသစ်တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါကရော အပြောင်းအလဲဖြစ်နိုင်လား။ တရုတ်နဲ့ ရုရှားက စစ်ဗိုလ်ချုပ်ကြီးတွေကို ထောက်ခံခဲ့ပြီးလည်းဖြစ်တယ်။

ဖြေ − မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ ကမ္ဘာ့ဘယ်နေရာမှမရှိတဲ့ အထီးအကျန်ဆုံးသော လူ့မလိုင် နိုင်ငံရေးသမားတွေဖြစ်ခဲ့တယ်။ သူတို့ မိတ်ဆွေအပေါင်းအပါတွေနဲ့ ရန်သူတွေ၊ အိပ်မက်တွေနဲ့ အိပ်မက်ဆိုးတွေ အားလုံးဟာ မြန်မာနိုင်ငံထဲမှာပဲ ရှိပါတယ်။ အများစုက တစ်ခါမှ နိုင်ငံခြားမသွားခဲ့ဖူးဘူး ၊ နိုင်ငံခြားဘာသာစကားလည်း မပြောတတ်ဘူး၊ ပြည်ပမှာလည်း ပိုင်ဆိုင်မှု မည်မည်ရရမရှိဘူး။ တိုင်းပြည်ထဲက ပြည်ပမှာ အလုပ်ထွက်လုပ်ရတဲ့ ဆင်းရဲတဲ့လူတွေထက်အောင် ဒီစစ်ဗိုလ်ချုပ်ကြီးတွေဟာ ပိုပြီး အထီးကျန်ခဲ့တယ်။ ရည်ရွယ်ချက်နဲ့ အရေးယူပိတ်ပင်မှုတွေက ဗိုလ်ချုပ်ကြီးတွေရဲ့ အခြေခံနိုင်ငံရေးရေချိန်ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ကျယ်ပြန့်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေက စီးပွားရေးကို များစွာ အထိနာစေပြီး သန်းပေါင်းများစွာသော သာမန်ပြည်သူတွေကို ထိခိုက်စေပါလိမ့်မယ်။

ရုရှားက ဘာလုပ်မလဲတော့ မပြောတတ်ပေမဲ့ တရုတ်အစိုးရကတော့ အစိုးရအဖွဲ့သစ်ကို အပြေးအလွှား ထောက်ခံလိမ့်မယ် မထင်ပါဘူး။ ဘေဂျင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးရှိခဲ့သလို ဒုတိယအကြိမ် NLD သက်တမ်းအတွက် မျှော်လင့်ချက်ကြီးကြီး ထားခဲ့ပုံပါ။ ဘေဂျင်းရဲ့ စစ်တပ်နဲ့ဆက်ဆံရေးဟာ ဆူးငြောင့်ခလုတ်တွေ ရှိခဲ့ပါတယ်။ တရုတ်အတွက် စစ်တပ်ဆိုတာ သတိအနေအထားနဲ့ ဆက်ဆံနေရတဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတစ်ခုပဲ။ စစ်တပ်ကလည်း နှစ်အတန်ကြာ ဆန့်ကျင်တိုက်ခိုက်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဓိကကျောထောက်နောက်ခံဟာ တရုတ်လို့ မြင်တဲ့အတွက်လည်း ဖြစ်ပါတယ်။ နောင်လာမည့် လပိုင်းတွေမှာတော့ တရုတ်နဲ့  စစ်တပ်ဟာ နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးရှိစေမယ့် အခွင့်အလမ်းသစ်တွေ ရှိမလားလို့ မျှော်လင့်နေကြမှာပါပဲ။ 

မေး − ဘယ်လိုဟာမျိုးတွေလဲ၊ တရုတ်က မြန်မာနိုင်ငံမှာ ဘာဖြစ်စေချင်တယ်လို့ ထင်လဲ။

ဖြေ − တရုတ် − မြန်မာဆက်ဆံရေးဟာ အလွန်ရှုပ်ထွေးတဲ့ သမိုင်းကြောင်းရှိတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက တရုတ်အမျိုးသားရေးအစိုးရရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကူမင်တန်တွေဟာ အမေရိကန်ရဲ့ အကူအညီနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကတစ်ဆင့် မြန်မာကို ကျူးကျော်ပြီး အရှေ့ဘက်ပိုင်း ကုန်းမြင့်ဒေသတွေကို သိမ်းပိုက်ခဲ့တယ်။ မြန်မာစစ်တပ်ဟာ ဒီကျူးကျော်မှုကို ဆယ်စုနှစ်တစ်ခုကြာ တိုက်ဖျက်ဖို့ ကြိုးစားရင်း ကြီးထွားလာခဲ့တယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ ကျောထောက်နောက်ခံပြုမှု နဲ့ ကွန်မြူနစ်တပ်တွေဟာ ယူနန်ကနေတစ်ဆင့်ပဲ မြန်မာကို ကျူးကျော်ခဲ့ကြပြန်တယ်။ ၁၉၈၉ ခုနှစ်မှာ ကွန်မြူနစ်တော်လှန်ပုန်ကန်မှု ကျဆုံးပြီး သူတို့ကိုဆက်ခံတဲ့ နောက်ထပ်လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း တရုတ်နဲ့ အချိတ်အဆက်ရှိခဲ့တယ်။ အဲဒီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းဟာ တရုတ်စကားပြောတဲ့သူတွေချည်းဖြစ်သလို ထိပ်ပိုင်းရာထူးရှိသူတွေဟာလည်း တရုတ်အနွယ်ဝင်တွေချည်းပဲ။ အဲဒီနေရာတွေဟာ အမေရိကန်ဒေါ်လာ ၇၅ သန်းတန် မက်သာဖက်တမင်းလုပ်ငန်း ကြီးထွားရာနေရာတွေဖြစ်သလို ရာနဲ့ချီတဲ့ တရုတ်လူမျိုးတွေ ဥဒဟို ဝင်ထွက်သွားလာနေတဲ့ ကာစီနိုတွေရှိရာ ဒေသတွေလည်းဖြစ်တယ်။ 

လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အခြေကျစီးပွားရေးဟာ တရိပ်ရိပ် တိုးတက်ခဲ့တယ်။ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းဆိုတဲ့ တရုတ်ရဲ့ ရည်မှန်းချက်ကြီးမားလွန်းတဲ့ ၂၁ ရာစု ပိုးလမ်းမစီမံကိန်းနဲ့ဆိုင်တဲ့ အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းတွေဟာ မြန်မာဘက်က လေးတိလေးကန်ဖြစ်မှုကြောင့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ကြန့်ကြာခဲ့တယ်။ ဒါပေမဲ့ တခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ ထောင်နဲ့ချီတဲ့  အလယ်အလတ်နဲ့ အသေးစား တရုတ်ကုမ္ပဏီတွေ၊ နယ်စပ်ကုန်သွယ်ရေးတွေကတော့ အင်မတန်ကြီးထွားတိုးတက်လာခဲ့ပါတယ်။ တရုတ်ရဲ့ အကျိုးစီးပွားကတော့ အမြဲတမ်း ဒီတိုင်းပါပဲ။ အထူးသဖြင့် နယ်စပ်တလျှောက် တည်ငြိမ်ဖို့ရယ်၊ မြန်မာနိုင်ငံက သူ့ရဲ့ပြိုင်ဘက်နိုင်ငံတွေနဲ့ မဟာမိတ်ဖြစ်တာကို တားဆီးဖို့ရယ်၊ စီးပွားရေးအရ ပိုပြီးခိုင်မာတဲ့ ချည်နှောင်မှုတွေ ဖြစ်စေဖို့ပဲ။ တစ်ချိန်တည်းမှာပဲ တရုတ်အနေနဲ့ မြန်မာပြည်သူလူထုသဘောထားနဲ့ ဆန့်ကျင်ပြီး ဘက်မှားမရပ်တည်မိစေဖို့လည်း ဂရုစိုက်လိမ့်မယ်ထင်ပါတယ်။

မေး − မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ ဒီမိုကရေစီပြန်အသက်သွင်းဖို့ ဝါရှင်တန်နဲ့ ဘေဂျင်း အတူတကွအလုပ်လုပ်မယ်လို့ ထင်လား။

ဖြေ − လုံးဝမဖြစ်နိုင်ပါဘူးလို့ ပြောလို့မရပါဘူး။ ဝါရှင်တန်နဲ့ ဘေဂျင်း နှစ်ဖက်လုံးက စစ်အာဏာသိမ်းမှုမတိုင်မီက အခြေအနေကိုတောင် ပိုပြီး သဘောကျကြမှာပေါ့။ ဘယ်ဘက်ကမှ အထူးသဖြင့် ဘေဂျင်းဟာ မတည်မငြိမ်ဆက်ဖြစ်နေမှာကို လိုလားမှာ မဟုတ်ပါဘူး။ ဒါက အိန္ဒိယနဲ့ ဂျပန်တို့ကလည်း ဒီလိုပဲ ဖြစ်မှာပါ။ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မယ်ဆို ပိုပြီးအောင်မြင်နိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ တရုတ်အနေနဲ့ သူရဲ့နောက်ဖေး အပိုင်နေရာတစ်ခုအဖြစ် ရှုမြင်ထားတဲ့ နိုင်ငံတစ်နိုင်ငံအတွက် တခြားပြင်ပနိုင်ငံတစ်ခုခုနဲ့ အတူတွဲလုပ်နိုင်ဖို့ သဘောတူမလားဆိုတာကတော့ ခန့်မှန်းရခက်ပါတယ်။ 

မေး − ဒါဆို ပြင်ပ နိုင်ငံတကာအစိုးရတွေအနေနဲ့ တကယ့်ကို အကူအညီဖြစ်စေတာမျိုး တစ်ခုခုလုပ်နိုင်မလား။ 

ဖြေ − ပထမဆုံးအနေနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ဒီဆန္ဒပြမှုတွေကို ထောက်ခံကြောင်း ဖော်ပြဖို့ အရေးကြီးပါတယ်။ တစ်ချိန်တည်းမှာပဲ ဆန္ဒပြသူတွေက နိုင်ငံတကာက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေကိုတောင် တောင်းဆိုနေချိန်မှာ ပြင်ပကမ္ဘာအနေနဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မပေးဖို့ အရေးကြီးပါတယ်။ ဒုတိယအနေနဲ့ ရှင်သန်နေထိုင်ရေးနဲ့ဆိုင်တဲ့ အကူအညီတွေပေးဖို့ အရမ်းကို အရေးကြီးပါတယ်။ ဥပမာအနေနဲ့ ကိုဗစ်နိုင်တင်းနဲ့ ဆက်စပ်တဲ့ အစီအစဉ်တွေကို ကူညီ ကာကွယ်ထားရပါမယ်။ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးအခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ချာလပတ်ယမ်းနေပြီး သန်းနဲ့ချီတဲ့ သာမန်လူတွေဟာ ပိုက်ဆံလည်းမရှိ၊ ဘာမှလည်း ရွေးချယ်စရာ မရှိဘဲ အကျပ်ရိုက် ဒုက္ခရောက်နေချိန်မှာ ဒီမိုကရေစီဟာလည်း အံ့သြဖွယ်ရာ ရုတ်ခြည်းဖြစ်လာဖို့ မရှိပါဘူး။ 

မေး − မြန်မာနိုင်ငံမှာ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ အမြင်တွေက ဘယ်နေရာတွေမှာ လွဲချော်နေသလဲ၊ ကျွန်တော်တို့ နားလည်သင့်ရဲ့သားနဲ့ နားမလည်ဖြစ်နေကြတာ ဘာတွေရှိမလဲ။

ဖြေ − ယခု နိုင်ငံရေးအကျပ်အတည်းဟာ တခြား းများလှတဲ့ အကျပ်အတည်းတွေကြားမှာ ဖြစ်နေတာပါ။ ဒီလူ့အဖွဲ့အစည်းဟာ ဆယ်စုနှစ်ပေါင်းများစွာ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ စိတ်ဒဏ်ရာရနေပြီးသားပါ။ ကုန်းမြင့်ဒေသတွေမှာ ဩဇာညောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းများစွာလည်း ရှိနေတယ်။ ဒုက္ခသည် တစ်သန်းလောက်လည်း ရှိနေတယ်။ နောက်ပြီး ယာယီထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ထောင်ပေါင်းများစွာလည်း ရှိနေတယ်။ နေရာအနှံ့မှာရှိနေတဲ့ နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းတွေဟာလည်း အားနည်းနေတယ်။ များပြားလှတဲ့ လူထုအတွက် ကျန်းမာရေးနဲ့ အခြားဝန်ဆောင်မှုတွေ မလုပ်ပေးနိုင်ဘူး၊ အခွန်မကောက်နိုင်ဘူး၊ ကြီးမားတဲ့ ဆင်းရဲချမ်းသာ မညီမျှမှုနဲ့အတူ လူမျိုးရေးနဲ့ ဘာသာရေးခွဲခြားဆက်ဆံမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံတွင်းမှာ ကိုဗစ်နိုင်တင်းဖြစ်ခဲ့တဲ့အတွက် စီးပွားရေးက ပြိုလဲမတတ်ဖြစ်ခဲ့တယ်။ မြန်မာ့စီးပွားရေးဟာလည်း အခြေခံကုန်စည်တွေ အတွက်တောင် တရုတ်အပေါ်မှာ အများကြီးမူတည်နေရတယ်။ တိုင်းပြည်စီးပွားရေးရဲ့ အထွတ်အထိပ်ဟာ စစ်တပ်လည်းမဟုတ်ဘူး၊ နိုင်ငံတွင်းက အင်စတီကျူးရှင်းအားလုံးထက် ပိုမိုခိုင်မာတောင့်တင်းတဲ့ နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ရွေးချယ်စရာတွေ ဘာရှိမလဲဆိုတာ သေချာနားလည်နိုင်ဖို့ ဒီနိုင်ငံရေးဆိုင်ရာ စီးပွားရေးအခြေအနေကို ကောင်းမွန်စွာနားလည်ဖို့ လိုအပ်ပါတယ်။ 

(မှတ်ချက်- ဖေဖော်ဝါရီ ၂၀ တွင် ဖော်ပြစဉ်က ပါ၀င်သွားသော ဘာသာပြန်လွဲချော်မှုအချို့ကို ပြန်လည်ပြင်ဆင်ထားပါသည်။ အဆင်မပြေမှုများအတွက် ဒေါက်တာသန့်မြင့်ဦးနှင့် စာဖတ်သူများကို တောင်းပန်လိုပါသည်။)

 

Show More

Related Articles

Back to top button