
ရုံးမတက်ဘဲ အာဏာဖီဆန်နေသည့် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အများစုပါဝင်သော ဝန်ထမ်း ၁၁ ဦးအဖွဲ့ ယမန်နေ့က ဖမ်းဆီးခံရပြီးနောက် ၎င်းတို့နှင့် အဆက်အသွယ်ပြတ်တောက်နေသည်ဟု မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၉ ဦး၊ လွှတ်တော်ရုံးမှ ဝန်ထမ်းတစ်ဦးနှင့် စီမံဘဏ္ဍာဝန်ကြီးဌာနမှ တစ်ဦး စုစုပေါင်း ၁၁ ဦးဖြစ်ပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၁၈) နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
“အဆက်အသွယ်လည်းမရဘူး။ ဘယ်မှာ ဖမ်းထားတယ်ဆိုတာလဲ မသိဘူးပေါ့နော်။ ကျွန်မတို့ဘက်က လုပ်နိုင်တာက လိုင်းပေါ်ကနေပဲ စုံစမ်းရတဲ့အခြေအနေပဲ ရှိတယ်။ သူတို့ကို ထောင်ချမလား၊ ဘာအမှုနဲ့ ဖမ်းမလဲ၊ ဖမ်းမယ်ဆိုလည်း ဧည့်စာရင်းမှုရှိမယ်။ ပြီးရင် သူတို့ပါးစပ်ထဲက စွဲချက်တွေနဲ့ပေါ့။ ၅၀၅(ခ) ဆိုတာရှိမယ်” ဟု ကိုယ်တိုင်တိမ်းရှောင်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
၎င်းတို့သည် CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ပြီးနောက် ဖေဖော်ဝါရီ ၈ မတိုင်မီကတည်းက ဒက္ခိဏသီရိရှိ နေရာတစ်ခုတွင် ရှောင်တိမ်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။
“နမူနာအနေနဲ့ ဖမ်းတယ်ပေါ့နော်။ ဖိအားအနေနဲ့ကတော့ ပထမဆုံး ကျွန်မတို့ကို ခွင့်တိုင်ဖို့ပြောတယ်။ ဒါပေမယ့် CDM သမားဆိုရင် ခွင့်တိုင်ဖို့မလိုဘူးလေ။ CDM စစ်စစ်တွေဆိုရင် အဲဒီအပေါ်မှာ ဖိအားတွေလာတယ်ပေါ့။ သူတို့ပြောတဲ့အတိုင်းမလုပ်လို့ ဖမ်းရတယ်ဆိုတဲ့အဖြစ်မျိုးလို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဝန်ထမ်း ၃၀ ရာခိုင်နှုန်းခန့် CDM တွင် ပါဝင်နေပြီး ယခုရက်ပိုင်း ချော့လိုက်ခြောက်လိုက်အခြေအနေများကြောင့် ရုံးပြန်တက်သော ဝန်ထမ်းများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းတို့ အဖမ်းခံနေရပြီ၊ ဖုန်းများအသိမ်းခံနေရပြီဖြစ်ကြောင်း ဖုန်းMessage တစ်စောင် လက်ခံရရှိပြီးနောက် အဆက်အသွယ် လုံးဝပြတ်သွားကြောင်း အဖမ်းခံရသည့်ဝန်ထမ်းတစ်ဦး၏ မိသားစုဝင် ကိုကြည်စိုးထွန်းက ပြောသည်။
“တကယ်တမ်း ဖမ်းတယ်ဆိုရင် တရားဝင်က ဘာအမှုနဲ့ဖမ်းတယ်ဆိုတာ သူတို့ပြောသင့်တယ်။ ဘယ်ရဲကင်းမှာ ဖမ်းထားတယ်။ ဘယ်ဥပဒေရုံးကနေ တရားစွဲထားတယ်ဆိုတာ ပြောသင့်တယ်။ ကျွန်တော်တို့ဘက်က ဘာမှမသိတော့ သက်ဆိုင်ရာမိသားစုတွေ အကုန်လုံးက စိုးရိမ်စိတ်ကြီးနဲ့ပဲပေါ့” ဟု ၎င်းက ဆိုသည်။
ဒက္ခိဏသီရိနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ရဲစခန်းများသို့ သွားရောက်မေးမြန်းသော်လည်း ဖမ်းဆီးထားခြင်းမရှိဟုသာ သိရကြောင်း ၎င်းက ပြောသည်။
ဥပဒေပိုင်းဆိုင်ရာအတွက် ရှေ့နေများကို အကူအညီတောင်းထားသော်လည်း ဖမ်းဆီးချုပ်နှောင်ထားသည့် နေရာကို လုံးဝမသိရသည့်အတွက် ရှေ့နေများဘက်ကလည်း အကူအညီပေးရန် ခက်ခဲနေသည်။
“ဘယ်နားမှာ ချုပ်ထားမှန်းလည်း မသိဘူး။ တရားစွဲတင်ရင်တော့ ကျွန်တော်တို့က လုပ်ပေးမယ် လိုက်ပေးမယ်။ တရားရုံးစွဲတင်ပြီးမှ လုပ်လို့ရမှာကိုး ရှေ့နေအနေနဲ့က” ဟု မိသားစုဝင်များနှင့် ချိတ်ဆက်ထားသည့် ရှေ့နေတစ်ဦးက ပြောသည်။

တပ်မတော်ခေါင်းဆောင်တို့ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ တွင် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိန်းသိမ်းခံထားရသည်။
စစ်ကောင်စီက ယနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေနှင့် တွေ့ခွင့်မပေးသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း တိတိကျကျ ထုတ်မပြောသေးပေ။
စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် နိုင်ငံ့ဝန်ထမ်းအများအပြားသည် ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာကြပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်စေရန် အာဏာဖီဆန်နေကြခြင်း ဖြစ်သည်။
CDM တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများထဲမှ အချို့သည် အလုပ်မှ ရပ်နားခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ ဖိအားပေးခံရခြင်းနှင့် ရင်ဆိုင်နေရပြီး တချို့က တိမ်းရှောင်နေရသည်။
ဖေဖော်ဝါရီ ၉ မှစ၍ နေပြည်တော်တွင် ဝန်ထမ်း၊ ကျောင်းသားနှင့် အရပ်သား ၆၀ ကျော် အဖမ်းခံရပြီး ဝန်ထမ်းများကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုကာ ကျောင်းသားအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများ မပါဝင်သေးပေ။
“အစကတည်းက အနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပဲ CDM မှာ ပါဝင်တယ်။ ကျွန်မ တတ်နိုင်တာ ဒီလောက်ပဲ ရှိတယ်ပေါ့နော်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ ခုလိုအဖမ်းခံရတဲ့သူတွေနဲ့ ယှဉ်ရင် ကျွန်မတို့ CDM မှာ လုပ်ပေးတာက အသေးအမွှားလေးပါ။ အဆုံးထိ လုပ်သွားမှာပါ” ဟု တိမ်းရှောင်နေရသည့်ဝန်ထမ်းက ပြောသည်။